NEJ / ၁၉ ဧပြီလ ၂၀၁၀
ဘာသာစကားကွဲပြားသော တိုင်းရင်းသားလူမျိုးစုပေါင်း (၁၀၀) ကျော်ရှိသည့်အတွက် စစ်တပ်သည် အာဏာကို ချုပ်ကိုင်နေရခြင်းဖြစ်သည်ဟု မြန်မာဗိုလ်ချုပ်များသည် အကြောင်းပြလေ့ရှိ၏။ သို့သော်လည်း အဓိကပြဿနာမှာ မြန်မာဗိုလ်ချုပ်များ ဉာဏ်ပညာအမြော်အမြင်နည်းခြင်းဖြစ်သည်။ အင်ဒိုနီးရှားသည် ကျွန်းကြီးကျွန်းငယ်ပေါင်း (၁၇,၀၀၀) ကျော်ရှိ၍ ဘာသာစကားကွဲပြားသော မျိုးနွယ်စု (၃၀၀) ကျော်ရှိသော နိုင်ငံဖြစ်သည်။ ဤနိုင်ငံ၌ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည်မှာ (၁၀) နှစ်ကျော်ပြီဖြစ်၏။ ရွေးကောက်ပွဲလုပ်နေသည်မှာ (၃) ကြိမ်ရှိပြီဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည် အင်ဒိုနီးရှားစွန့်ပစ်လိုက်သော ဆူဟာတိုအာဏာရှင်စနစ်ကို မြန်မာပြည်၌ ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေ၏။ ခေတ်နောက်ပြန်ဆွဲ၍ မဆလခေတ်-ဆူဟာတိုခေတ်ထိ ပြန်သွားနေခြင်းဖြစ်သည်။
န၀တအစိုးရ အာဏာသိမ်းယူပြီးမကြာမီ စစ်ခေါင်းဆောင်များ စင်ကာပူရောက်သွားစဉ်က စင်ကာပူ၏ မင်းဆရာ လီကွမ်ယူးက ဆူဟာတိုစနစ်ကို ပုံတူကူးချဖို့ အကြံဉာဏ်ပေးဖူးသည်။ ၁၉၉၅ ဇွန်လ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ‘ဆူဟာတို’ ကို သွားရောက်ဂါရ၀ပြု၍ ဆူဟာတိုကိုယ်တိုင် ၁၉၉၇ ဖေဖော်ဝါရီလ၌ မြန်မာပြည်ကို လာသည့်အတွက် မြန်မာနှင့်အင်ဒိုနီးရှားကို အသွင်တူသော နိုင်ငံ (၂) နိုင်ငံအဖြစ် မြန်မာအစိုးရ စာနယ်ဇင်းများက အမွှန်းတင်ခဲ့ကြ၏။ အင်ဒိုနီးရှား၏ အခြေခံဥပဒေကို အသေးစိတ်လေ့လာနိုင်ရန် မြန်မာဘာသာပြန်သည်ဟူသတတ်။ ဆူဟာတို၏ သားသမီးများ မြန်မာပြည်တွင် စီးပွားရေး လုပ်နိုင်ရန် အခွင့်ထူးပေးခဲ့ရပါသည်။ အင်ဒိုနီးရှားဝန်ကြီးများကို မြန်မာဗိုလ်ချုပ်များက မကြာခဏ အကြံဉာဏ်တောင်းသည် ဟူသတတ်။
မြန်မာစစ်အစိုးရ ပြဋ္ဌာန်းထားသော ၂၀၀၈ အခြေခံဥပဒေသည် စစ်ဗိုလ်ကို တရားဝင်နိုင်ငံရေး လုပ်ပိုင်ခွင့်ပေးသည့် ဆူဟာတို၏ ဒွိဖန်စီ (Dwifungsi---the dual function) သဘောတရားနှင့် အတူတူပင် ဖြစ်ပေသည်။ စစ်တပ်သည် ကာကွယ်ရေးတွင် လုပ်ပိုင်ခွင့်ရှိသလို နိုင်ငံရေး၊ စီးပွားရေးတွင်လည်း လုပ်ပိုင်ခွင့်ရှိသည်ဟူသော လုပ်ပိုင်ခွင် (၂) ခုကို ဥပဒေပြု ပြဋ္ဌာန်းခြင်းသည် ဆူဟာတိုလမ်းစဉ်ဖြစ်သည်။ ဒွိဖန်စီစနစ်၏ ကျောရိုးသည် အစိုးရပါတီ၏ လက်ဝါးကြီးအုပ်မှုဖြစ်သည်။ Golkar (Golongan Karya) = Functional Group ပါတီသည် အင်ဒိုနီးရှားနိုင်ငံရေးကို ချုပ်ကိုင်ထားသည့် အစိုးရပါတီပင်ဖြစ်သည်။ ဗိုလ်သန်းရွှေကလည်း ၎င်း၏ကြံ့ဖွံ့အသင်းကို ဂိုလ်ကားကဲ့သို့ ဖြစ်စေချင်၏။ ဒေါ်စုနှင့် အန်အယ်လ်ဒီပါတီ ရှိနေပါက ကြံ့ဖွံ့ဂိုလ်ကား တည်ထောင်ရန် ခက်ခဲသဖြင့် သူ့ဖာသာသူ ထွက်သွားအောင် လုပ်ခြင်းဖြစ်၏။
အခြားနိုင်ငံရေးပါတီများဖြစ်သော ညီညွတ်ဖွံ့ဖြိုးရေးပါတီနှင့် အင်ဒိုနီးရှား ဒီမိုကရေစီပါတီသည် ဂိုလ်ကားပါတီနှင့် အာဏာခွဲဝေ သုံးစွဲနိုင်သော အခြေအနေ၌ မရှိပါ။ ဤသို့ဖြင့် အင်ဒိုနီးရှားနိုင်ငံရေး လက်ဝါးကြီးအုပ်စနစ်သည် (၂၇) နှစ် (၁၉၇၁-၁၉၉၈) သက်ဆိုးရှည်ခဲ့၏။ စစ်အာဏာရှင်စနစ် တိုက်ရိုက်ကျင့်သုံးသည်ကို ကမ္ဘာကလက်မခံ၍ ရွေးကောက်ပွဲဖြင့် တရားဝင်အောင် ကြံစည်သောနည်းဖြစ်သည်။ ထို့ကြောင့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်ကဲ့သို့ စစ်တပ်လက်အောက်ခံ အရပ်သားအဖွဲ့များကို စုစည်း၍ ဂိုလ်ကားပါတီမြန်မာပြည်ကို တည်ထောင်ခြင်းဖြစ်သည်။
စစ်တပ်ဖွဲ့စည်းပုံအတိုင်း ဂိုလ်ကားကို ဖွဲ့စည်းထားသဖြင့် နေရာတိုင်းကို ချုပ်ကိုင်နိုင်သော ပါတီဖြစ်လာ၏။ ဂိုလ်ကားပါတီဝင်များကို လုပ်ပိုင်ခွင့်ပေးသကဲ့သို့ နအဖစစ်အစိုးရသည်လည်း ကြံ့ဖွံ့များကို လုပ်ပိုင်ခွင့်ပေးထားသည်။ စစ်တပ်တွင်လည်း အုပ်စုအမျိုးမျိုးကွဲနေအောင် လုပ်ထားသည်။ ဤသို့ ပြုလုပ်ထားခြင်းဖြင့် ဆူဟာတို ဆန့်ကျင်ရေး မပေါ်အောင် ဟန့်တားနိုင်ပေသည်။ အစ္စလမ်ဘာသာရေးအုပ်စုများကိုလည်း ရွေးကောက်ပွဲအတွက် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ ထိုကြောင့် ဆူဟာတိုခေတ်၌ ရွေးကောက်ပွဲ (၆) ကြိမ်ကျင်းပရာ ဂိုလ်ကားပါတီက (၆) ကြိမ်စလုံး အနိုင်ရရှိသည်။
ဆူဟာတိုခေတ်တွင် စစ်သား (၅) သိန်းခန့်ကို တပြည်လုံးဖြန့်ထား၍ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၌ ခြယ်လှယ်သည်။ သန်းနှင့်ချီ၍ တိုးပွားလာသော အလုပ်သမားဦးရေကို ချုပ်ကိုင်ရန် ကြိုးစားသော်လည်း အလုပ်သမားသပိတ်ကို မတားနိုင်ပါ။ ၁၉၉၅ မှာ အလုပ်သမားသပိတ် (၃၀၀) ကျော်ရှိပြီး ၁၉၉၆ မှာ (၉၀၀) ကျော်ရှိလာသည်။ အလုပ်သမားနဲ့ ကျောင်းသားပူးတွဲ၍ ဆန္ဒပြချီတက်ကြသည်။ စီးပွားရေးကျပ်တည်းမှုကို ကန့်ကွက်သော မွတ်စလင်အုပ်စုများက တရုတ်ကြောင့် ဒုက္ခရောက်ရသည်ဟု မြင်၏။ ဆူဟာတိုအုပ်စုကလည်း မီးလောင်ရာလေပင့်၍ တရုတ်ကို အပြစ်တင်သည်။ ငတ်နေသော လူထုသည် တရုတ်ဆိုင်ကို လုယက်ဖျက်ဆီးပြီး အချို့ကမူ တရုတ်အမျိုးသမီးကို အဓမ္မကျင့်ကြသည်။
သို့သော်လည်း ဆူဟာတိုမိသားစုနှင့် ပြေလည်သော တရုတ်သည် ချမ်းသာ၏။ တရုတ်အများစုကမူ သူလိုငါလိုဖြစ်သည်။ ကျောင်းသား အလုပ်သမားဆန္ဒပြပွဲကို အိမ်ရှင်မများက ထောက်ခံလာကြ၏။ ဂျကာတာမြို့တော်၌ ဆန္ဒပြသူများက မီးရှို့နေသည်ကို စစ်တပ်က လက်ပိုက်ကြည့်နေ၏။ ငတ်၍လုရသော ပြည်သူကို စစ်သားက စာနာထောက်ထားပြီး အကူအညီပင် ပေးလိုက်သေးသည်။ ဆူဟာတို၏ လက်ရွေးစင်တပ်ဖွဲ့သည်သာ ဆန္ဒပြသူကို သေနတ်ဖြင့် ပစ်ခြင်းဖြစ်၏။ ပျက်စီးသွားသော အင်ဒိုနီးရှား အာဏာရှင်စနစ်ကို ခေတ်နောက်ပြန်ဆွဲ၍ ဆုတ်ယုတ်နေသော မြန်မာစစ်ဗိုလ် အတုခိုးဖို့ ကြိုးစားနေသည်။
ဆူဟာတို၏ ဒွိဖန်စီစနစ် ကျင့်သုံးသောကာလတွင် အင်ဒိုနီးရှားပြည်သူ့လွှတ်တော်၌ စစ်ဗိုလ်ပါဝင်တဲ့ အချိုးအစား ပြောင်းလဲလာသည်။ ဆူဟာတိုစနစ် နိဂုံးချုပ်သော ၁၉၉၈ တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၅၀၀) အနက် စစ်ဗိုလ် (၇၅) ဦးသာရှိသည်။ ရွေးကောက်ပွဲကျင်းပသော ၁၉၉၉ ၌ စစ်ဗိုလ် (၃၈) ဦးအထိ လျော့နည်းလာသည်။ နောက်ပိုင်း ကျင်းပသော ဒီမိုကရေစီရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၌ စစ်ဗိုလ်ကိုယ်စားလှယ်မပါတော့ပါ။ ဂိုလ်ကားပါတီသည်လည်း အရပ်သားကြိုးကိုင်သော အဖွဲ့အစည်းဖြစ်လာသည်။ စစ်တပ်၏ စွက်ဖက်မှုကို လက်မခံတော့သဖြင့် ဆူဟာတို၏ ဒွိဖန်စီစနစ် နိဂုံးချုပ်သွားသည်။ သို့သော် နယ်ဘက်၌ စစ်တပ်စွက်ဖက်မှု ကျန်ရှိနေဆဲဖြစ်၏။
စီးပွားရေးလုပ်သော စစ်တပ်သည် စစ်မှုရေးရာ၌ ညံ့ဖျင်းသည်ကို တရုတ်နှင့်ထိုင်းနိုင်ငံတွင် နားလည်နေကြပြီဖြစ်၏။ သို့သော် အင်ဒိုနီးရှားတွင်မူ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပသည်မှာ (၃) ကြိမ်ရှိပြီဖြစ်သော်လည်း စစ်တပ်၏ အခန်းကဏ္ဍ ရှိနေသေးသည်။ ထို့ကြောင့် အဂတိလိုက်စားမှု နည်းပါးလာရန် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို တာဝန်သိရှိစွာ သိသာမြင်သာအောင် လုပ်ရန်သာ လောလောဆယ်၌ ကြိုးပမ်းနေရသည်။ ထူးခြားချက်မှာ စစ်သင်တန်းများ၌ လူ့အခွင့်အရေးနှင့် ပြည်သူ့ဆက်ဆံရေး သင်ကြားပေးပြီး အင်ဒိုနီးရှားစစ်တပ် သိက္ခာတက်ရန် ကြိုးပမ်းခြင်းပင်ဖြစ်သည်။ တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေး၏ အစိတ်အပိုင်းတခုအဖြစ် စစ်တပ်ကို ပြုပြင်ခြင်းဖြစ်သည်။
လက်ရှိ အင်ဒိုနီးရှား သမ္မတ ယူဒိုယိုနိုဟာ အမေရိကန်စစ်တက္ကသိုလ်မှ ဘွဲ့ရထားသော အငြိမ်းစား ဗိုလ်ချုပ်ကြီးဖြစ်သည်။ ယူဒိုယိုနိုဟာ ၁၉၉၁ မှာ Webster တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ရရှိ၍ အင်ဒိုနီးရှား Bogor စိုက်ပျိုးရေးတက္ကသိုလ်မှ ပါရဂူဘွဲ့ကို ၂၀၀၄ ၌ ရရှိသည်။ အမေရိကန်စစ်တက္ကသိုလ်များ၌ ပညာသင်ကြားခဲ့သော ပညာတတ် အင်ဒိုနီးရှား စစ်ဗိုလ်ဦးရေ (၃) ထောင်ကျော် ရှိနေသည့်အတွက် စစ်တပ်ပြုပြင်ရေး လုပ်နိုင်ခြင်းဖြစ်သည်ဟုဆို၏။ အရည်အချင်း ညံ့ဖျင်း၍ အမြင်ကျဉ်းမြောင်းသော မြန်မာစစ်ဗိုလ်လူတန်းစား ကြီးစိုးနေသမျှ မြန်မာပြည်၌ ဒီမိုကရေစီအလင်းရောင်ကို မြင်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း မျက်မှောက်ခေတ် အင်ဒိုနီးရှားသမိုင်းက သက်သေပြနေသည်။
Monday, 17 May 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment