-မြတ်စိုး-
၀၅-၁၇-၂၀၁၀
မြန်မာနိုင်ငံတ၀န်း ရေပြတ်လပ်မှု ပြဿနာ ကြုံတွေ့ရလိမ့်မယ်လို့ နိုင်ငံတကာအဖွဲ့အစည်းများ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာကျွမ်းကျင်သူပညာရှင်များက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကြိုတင်ဟောကိန်းထုတ်ထားခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ရာသီဥတု ပြောင်းလဲနေမှုတွေ၊ ပူနွေးလာနေမှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ ရာသီဥတု ပြောင်းလဲမှုများကို သုတေသန ပြုလုပ်နေတဲ့ အဖွဲ့အစည်းများ က နှစ်စဉ် ထုတ်ပြန်တဲ့ စစ်တမ်းများမှာ ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ရာသီဥတု ပိုမို ပူနွေးလာမှုကြောင့်လည်း မြန်မာနိုင်ငံ ရေပြတ်လတ်မှု ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းယူဆခဲ့ကြတယ်။ အစိုးရတွေအနေဖြင့် ဒီတွေ့ရှိချက်တွေအပေါ် သေသေချာချာ လေ့လာစမ်းစစ်ပြီး၊ ကြိုတင်ပြင်ဆင်မှုတွေ၊ ကာကွယ်ထိမ်းသိမ်းမှုတွေကို ပြုလုပ်နိုင်အောင် လို့ပါ။
အခုတော့ ရာသီဥတု ပူနွေးလာမှု ကို မြန်မာပြည်သူတွေဟာ ခါးသီးစွာဖြင့် လက်တွေ့ရင်ဆိုင် ခံစားနေကြရပါပြီ။ မြန်မာနိုင်ငံတ၀န်းလုံး ရေပြတ်လပ်မှု၊ ရေတိမ်ကောနေမှု၊ ချောင်းရေများ နည်းပါးကာ ရေအိုင်များ ခန်းခြောက်နေမှု၊ ပြန်းထန်သော အပူရှိန်ကြောင့် သက်ကြီး ရွယ်အိုနှင့် ကလေးငယ် သေဆုံးမှုနှုန်း မြင့်မားခြင်းများ၊ အခြားကူးစက်ရောဂါများ ဖြစ်ပွားလာနေခြင်းများ ကို ရင်ဆိုင်နေရပါပြီ။ မြင့်မားလာတဲ့ အပူရှိန်ကြောင့် ဆင်းရဲမွဲတေနေတဲ့ မြန်မာနိုင်ငံ က ပြည်သူတွေ ဟာ အခြားအိမ်နီချင်းနိုင်ငံ က ပြည်သူတွေ ထက် ပိုမိုသေဆုံးမှုတွေရှိနေတယ်ဆိုတာ သတင်းအချက်အလက်များက ဖော်ပြနေပါတယ်။
သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေခြင်းတွေ ကို လက်ရှိ နအဖ စစ်အုပ်စုက သာမန်ပြဿနာတစ်ခု လို့သာ ထင်နေရင်တော့ အမှားကြီးတစ်ခုကို ထပ်မှားပါလိမ့်မယ်။ လက်ရှိကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ တ၀န်းလုံး ရေပြတ်လပ်မှုပြဿနာကို နိုင်ငံအတွက် အရေးကြီးဆုံး ပြဿနာတရပ် (National Emergency) အဖြစ် စနစ်တကျ တာဝန်ယူ ဖြေရှင်းသင့်ပါတယ်။ ဥပမာ-ထိုင်းနိုင်ငံမှာ ရာသီဥတုဆိုးဝါးစွာ ခံစားနေရတဲ့ဒေသတွေ မှာ ရှိတဲ့ တောင်သူဦးကြီးတွေ ကို အစိုးရ က နစ်နာသည့် ငွေကြေး စုစုပေါင်း၄၃၆.၈ မီလီယံ အလျင်အမြန်ထောက်ပံ့ပေးမှုတွေကို ပြုလုပ်ပေးခဲ့တယ်။ ဒီအစီအစဉ်ဟာ စားနပ်ရိက္ခာပြတ်လပ်နေမှု ကို ကြိုတင်ကာကွယ်တဲ့ ထိရောက်တဲ့ အစီအစဉ်တရပ် လည်းဖြစ်တယ်။ ထိုင်းနိုင်ငံအစိုးရတွေဟာ စစ်လက်နက်ဝယ်ယူမှုကို လျော့ချခဲ့ပေမဲ့၊ ဒုက္ခရောက် ပြည်သူတွေ၊ လယ်သမားတွေ ကို ငွေကြေး ထောက်ပံ့မှုကိုတော့ လျော့ချတာမတွေ့ရပါဘူး။ လယ်ယာစိုက်ပျိုးရေးမှာ ရင်းနှီးမြုပ်နှံမှုတွေကို ငွေကြေး ဘီလီယံ နဲ့ချီသုံးစွဲနေတာတွေ့ရတယ်။ တရုတ်အစိုးရ နဲ့ မဲခေါင်ဒေသ ရေကာတာ တည်ဆောက်တဲ့လုပ်ငန်းတွေ၊ ရေစီဆင်းမှုတွေကို ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ရတယ်။
မြန်မာနိုင်ငံတ၀န်းရေပြတ်လပ်မှု ဘာကြောင့်ဖြစ်လာနိုင်တယ်ဆိုတာကို နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင်များနှင့် သုတေသီများက သူတို့ရဲ့ စာတမ်းများမှာ ထည့်သွင်း ဖော်ပြထားခဲ့ကြတယ်။ နိုင်ငံအ၀န်းရေပြတ်လတ်မှုပြဿနာ ကို ကိုင်တွယ် ဖြေရှင်းရာမှာ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်တွေ၊ သုတေသနဆိုင်ရာ အချက်အလက်များကို လစ်လျူမပြုသင့်ပါဘူး။ ဒီအချက်အလက်တွေ ကတော့ -
- ၁) ရာသီဥတုဆိုးဝါးလာနေမှု၊ အပူချိန်မြင့်မားလာမှု ( Global Warming)
- ၂) သဘာဝ သစ်တောများပြန်းတီးနေမှု (Deforestation)
- ၃) ရေကာတာများတည်ဆောက်မှုကြောင့် ရေစီးဆင်းမှု ပြောင်းလဲခြင်း၊ ပုံမှန်မရှိခြင်း၊ ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခြင်း (Increasing Damming of Rivers, Changing Water Flows, Abnormal River Flows Resulting from Hydro-power Projects)
- ၄) ရေသွယ်ယူမှုစနစ် ၊ ရေလှောင်မှုစနစ် ညံ့ဖျင်းမှု၊ (Lack of Water Systems and Infrastructure)
- ၅) ကျန်းမာရေး အတွက် သောက်သုံးရေ သန့်စင်မှုအတွက် လုံလောက်မှုမရှိခြင်း (Inadequate Sanitation)
- ၆) ညံ့ဖျင်းသည့် မိလ္လာစနစ် ကြောင့် သောက်သုံးရေ၌ အဆိပ်ဓာတ်များပါဝင်မှုများပြားလာစေခြင်း (High Levels of Arsenic and Fluoride in Drinking Water)
- ၇) စွမ်းအင်ဆိုင်ရာ ရင်နှီးမြုပ်နှံမှု နည်းပါးခြင်း ( Lack of Energy Efficiency Consulting, Energy Efficiency Program, Energy Investment, and Basic Infrastructure)
- ၈) နိုင်ငံတကာ ဆက်ဆံရေး ညံ့ဖျင်းမှု (သို့) အထီးကျန်နိုင်ငံခြားရေးမှုဝါဒကျင့်သုံးနေမှု ( Poor Foreign Relations and Foreign Policies)
- ၉) နိုင်ငံတကာ အကြံပေးမှုများကို လစ်လျူရှု့ ခြင်း၊ လက်ခံမှုမရှိခြင်း (Ignore international Advice and Predictions)
- ၁၀) ဆင်းရဲမွဲတေမှု မြင့်မားနေခြင်း ( High Poverty Rate Level)
“ နိုင်ငံ ကို သင်တို့ လုပ်ချင်တိုင်းလုပ်လို့ရတယ်။ ပြည်သူကို သင်တို့ လုပ်ချင်တိုင်းလုပ်လို့ရတယ်။ ဒါပေမဲ့ သဘာဝတရား ကိုတော့ လွန်ဆန်၍ မရပါ။ သဘာဝ က သင်တို့ကို တိုက်စားပစ်ပါလိမ့်မယ်” ဆိုတာပါပဲ။
1 comment :
hi, I think the title is not so good and it can means other else...
Post a Comment