Saturday 8 May 2010

မွန်ပြည်နယ်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲ (အာကာ)

Friday, May 7, 2010
ယမန်နေ့ည ၉ နာရီခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက်မြို့မရဲစခန်းဝင်းအတွင်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ယခု နှစ်အတွင်း မွန်ပြည်နယ်၌ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်သည်။
ယခုပေါက်ကွဲမှုတွင် တဦးတယောက်မျှ ဒဏ်ရာရရှိခြင်း မရှိသည့်ပြင် ပျက်စီးဆုံးရှုံးခြင်းလည်းမရှိကြောင်း ပေါက်ကွဲရာအနီးရှိ မျက်မြင် တဦးက ပြောသည်။

“တိတ်ဆိတ်တဲ့ အချိန်ဆိုတော့ ပေါက်တဲ့အသံက တအားကျယ်တာပဲ၊ ညက ဘယ်သူမှထွက်မကြည့်ရဲဘူး၊ မိုးလင်းမှ ထွက်ကြည့်ဖြစ် တယ်” ဟု အထက်ပါ မျက်မြင်ကပြောသည်။ ဧပြီလ ၂၇ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ပထမအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရုံးဝန်ထမ်း ၃ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့်မှစ၍ သံဖြူဇရပ်မြို့တွင် ညစဉ် တင်းကျပ်စွာစစ်ဆေးနေသည့် ကြားကပင် အဓိက စစ်ဆေးရာအနီး ရဲစခန်း ဝင်း အတွင်း ယခုကဲ့သို့ပေါက်ကွဲခြင်း ဖြစ်ကြောင်း ရဲစခန်းအနီး နေထိုင်သူတို့က ပြောသည်။ “ည ၆ နာရီခွဲလောက်ကနေ စပြီး ညတိုင်း စစ်ဆေးနေတယ်။ ဆိုင်ကယ်သမားကို အဓိကထား စစ်တယ်၊ ထိုင်ခုံဖုံးကို ဖွင့်ခိုင်းတယ်၊ ရဲ စခန်းအနီး အဝိုင်းမှာ အစစ်များတယ်” ဟု အောင်ဇေယျရပ်ကွက်သားတဦးက ပြောသည်။

No comments :