ရှစ်လေးလုံးအစ
ရှစ်လေးလုံးအရေးတော်ပုံကြီးအပေါ် အမြင်တွေဝေဝါးနေသလား ထင်မိပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို “စစ်အာဏာရှင်စ နစ်နဲ့ ဒီမိုကရေစီတိုက်ပွဲ” လို့ ရှင်းရှင်းမြင်ရမယ်။ ဒီအရေးတော်ပုံကြီးစတာဟာ ကျောင်းသားနဲ့အရပ်သား လ္ဘက်ရည်ဆိုင်ရန်ပွဲက စတာ လို့ ပြောရင်မမှန်ဘူး။ ဒါအပေါ်ရံအမြင်ပါ။ အမြစ်တူးကြည့်ရပါမယ်။ “ရှစ်လေးလုံးအစ ဆဲဗဲင်းဂျူလိုင်က” လို့ မြင်မှ မှန်လိမ့်မယ်။
ကျောင်းသားသွေးနဲ့
၁၉၆၂ ခုနှစ် ဦးနေဝင်း မဆလအာဏာရှင်စနစ်နဲ့တပြိုင်ထဲ ဆန့်ကျင်ဘက် ဒီမိုကရေစီအင်အားစု မွေးဖွားလာတာဖြစ်တယ်။ ဦးနေဝင်း က အာဏာရှင်စနစ် ခေါင်းဆောင်တယ်။ ကျောင်းသားတွေက ဒီမိုကရေစီအင်အားစုကို ခေါင်းဆောင်တယ်။ ၁၉၆၂ ခု ဇူလိုင် (၇) က ၁၉၈၈ ခု သြဂုတ်လ (၈) ရက်အတွင်း ဆဲဗဲင်းဂျူလိုင်အရေးတော်ပုံကစလို့ တိုက်ပွဲစဉ်တွေ၊ ဝ.သကျောင်းသားတိုက်ပွဲ၊ အလုပ်သမား တိုက်ပွဲ၊ မှိုင်းရာပြည့်အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ စစ်တွေဆန်လုပွဲ၊ မန္တလေး ဗဟိုစည်အရေးအခင်း၊ တိုက်ပွဲဝင်ကြ၊ ထောင်ထဲ ဝင်ကြနောက် ထောင်တွင်းတိုက်ပွဲများ အဲဒီတိုက်ပွဲစဉ်အရေအတွက်တွေစုမိတော့ ရှစ်လေးလုံးအရေးတော်ပုံလှုပ်ရှားမှုကြီး ပေါ်လာ တာဖြစ်တယ်။ ကျောင်းသားနဲ့အရပ်သား လ္ဘက်ရည်ဆိုင် ရန်ဖြစ်တယ်ဆိုတာက ဖောက်ခွဲမှုစနက်တံပါ။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ အာဏာရှင်မဆလအစိုးရအပေါ် ပြည်သူလူထုကြီးရဲ့ အထွေထွေမကျေနပ်မှုကြီးက ပေါက်ကွဲတော့မဲ့ယမ်းအိုးကြီးလို ဖြစ်နေ တာပါ။ ယမ်းအိုးကြီးနဲ့ ဖောက်ခွဲမှုစနက်တံ “မီး” နဲ့တွေ့လိုက်တော့ ပေါက်ကွဲလာတဲ့သဘောပါ။ တူနဲ့ (၁၀) ချက်ထုမှ ကျောက်တုံးကြီး ကကွဲမယ်ဆိုရင် အမှန်ကွဲတာက ပထမတူချက်ထဲကပါ။ အရည်အချင်းမဖြစ်သေးလို့ ထင်ရှားအောင်အကွဲမမြင်ရတာ။ (၁၀) ချက်ပြည့် တော့အရည်အချင်းဖြစ်လာပြီး ကျောက်တုံးကြီး “ဂွမ်း” ကနဲ ကွဲသွားသလိုပေါ့။ ရှစ်လေးလုံးဖြစ်ဖို့ရဲ့ ပထမတူချက်က “ဆဲဗဲင်းဂျူလိုင်” လို့ နားလည်ကြရမှာပါ။
ရှစ်လေးလုံးရှုံးသလား
ရှစ်လေးလုံး မရှုံးဘူး။ အောင်မြင်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာရှင်အစိုးရလက်ကနေ စစ်တပ်ကအာဏာသိမ်းတယ်။ တပ်မ တော်အစိုးရ နဝတ ပေါ်လာတယ်။ နဝတက “ပါတီစုံဒီမိုကရေစီခွင့်ပြုမယ်။ ရွေးကောက်ပွဲလုပ်ပေးမယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ် ဖျက်သိမ်းမယ်။ ဈေးကွက်စီးပွါးရေးစနစ် ကျင့်သုံးမယ်။ ရွေးကောက်ပွဲနိုင်တဲ့ပါတီက အစိုးရဖွဲ့။ ဖွဲ့စည်းပုံ ၄၇/၇၄ ကြိုက်ရာကျင့်သုံး။ ဖွဲ့စည်းပုံကို တပ်မတော်က တာဝန်မယူဘူး။ ရွေးကောက်ပွဲပြီးတာနဲ့ တပ်က စစ်တန်းလျားပြန်မယ်” လို့ ကြေငြာခဲ့ပါတယ်။
အောင်ပွဲခံခဲ့
အမှန်တကယ်ဘဲ ပါတီစုံတွေဖွဲ့စည်းခွင့်ပေးခဲ့တယ်။ ဈေးကွက်စီးပွါးရေးစနစ် ကျင့်သုံးတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေး ခဲ့တယ်။ ပြည်သူလူထုက ဒီမိုကရေစီတပ်ဦးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီ/ချုပ် NLD) ကို အပြတ်အသတ် မဲပေး ထောက်ခံလိုက်တယ်။ အဲဒါတွေဟာ ဒီမိုကရေစီ တော်လှန်ရေးအောင်ပွဲ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်ပွဲပဲဖြစ်တယ်။ ရှစ် လေးလုံးအရေးတော်ပုံကြီးဟာ အပြီးသတ်အောင်ပွဲမခံသေးတာဘဲ ရှိတယ်။ မရှုံးဘူး။ အောင်မြင်တယ်လို့ နားလည်ကြရပါမယ်။
ခေါင်းဆောင်ကဏ္ဍ အဓိက
ဘာ့ကြောင့်များ ဒီမိုကရေစီ အပြီးသတ်အောင်ပွဲ မရသေးတာလဲ? အဖြေကရှင်းပါတယ်။ “ခေါင်းဆောင်မှုအခန်းကဏ္ဍ” ပါပဲ။ ဒီ/ချုပ် NLD မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ခေါင်းဆောင်တွေ တကကြွလှုပ်ရှားတဲ့ ပါတီကေဒါတွေ အဖမ်းခံရတယ်။ မြန်မာနိုင်ငံ ကို စစ်အာဏာရှင်စနစ်ဇာတ်သွင်းခဲ့သူတွေက ဒီ/ချုပ် NLD ပါတီရဲ့ အချက်အချာနေရာတွေမှာ နေရာယူထားတယ်။ သူတို့ ရှစ်လေး လုံးက ရထားတဲ့ အောင်ပွဲကို အပြီးသတ် အောင်ပွဲခံနိုင်အောင်တာဝန်မထမ်းဆောင်နိုင်ကြဘူး။ ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံဟာ ကျဆုံးသွားသလား။ ရပ်ဆိုင်းသွားသလားဆိုရင် တခုမှမဟုတ်ဘူး။ ရှေ့သို့ချီတက်ရာမှာ နှေးကွေးသွားတာပဲရှိတယ်။ ရွှေဝါရောင်ဟာ ရှစ်လေးလုံးပဲ။ ထောင်တွေမှာ နှစ်ရာချီပြီး ကျခံနေကြရတာဟာလည်း ရှစ်လေးလုံးပဲ။ ဒီလို နားလည်ကြရပါမယ်။ ကျမတို့ အဖက်ဖက် က အဆင်သင့်ဖြစ်နေပြီ။ မှန်ကန်တဲ့ခေါင်းဆောင်မှု ပေါ်လာရင် မနက်ဖြန် ပန်းတိုင်ရောက်မယ်လို့ ကျမ လုံးဝယုံကြည်တယ်။
လူမဟုတ် - မူ
ကျမတို့က တပ်မတော်ကို တိုက်နေတာမဟုတ်ဘူး။ လက်ရှိ စစ်အရာရှိကြီးတွေကို တိုက်နေတာလည်း မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်ကိုပဲ တိုက်နေတာပါ။ လူမဟုတ်ဘူး စနစ်ကိုပါ။ ဒါဟာလည်း ကျမတို့အတွက် ကွက်တိုက်နေတာ မဟုတ်ပါဘူး။ အဲဒီ တပ်မ တော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်အရာရှိ မိသားစုများအပါအဝင်၊ လူမျိုးစုံ၊ အလွှာပေါင်းစုံ၊ ပြည်သူပြည်သားတွေ အတွက်ပါ။ လူမ ဟုတ်ဘူးဆိုတာက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်အာဏာရှင်စနစ် ဖယ်ရှားမယ်။ စစ်မှန်တဲ့ဒီမိုကရေစီစနစ် ထူ ထောင်မယ်ဆိုရင် ကျမတို့က ဗိုလ်ချုပ်မှူးကြီးကို ဝန်းရံကြမှာပါ။ ဒါဟာ ကျမရဲ့ မှန်သော သစ္စာစကားပါ။
ကျမတို့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို ရှင်း-ပြတ်-ကြည်-လင် မြင်ကြရမှာက “အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီတိုက်ပွဲ” ဆိုတာကိုပါ။ ဒီမိုကရေစီအောင်ပွဲခံတာနဲ့ လူ့အခွင့်အရေးကအစ အလုံးစုံအောင်ပွဲခံနိုင်ပါပြီ။ ရှစ်လေးလုံးအစ ဆဲဗဲင်းဂျူလိုင်က ရှစ်လေးလုံးအရေး တော်ပုံကြီးဟာ ဒီမိုကရေစီတော်လှန်ရေးရဲ့ စခန်းထောက်ဖြစ်တယ်။ ဒီမိုကရေစီအောင်ပွဲမခံသေးသမျှ ရှစ်လေးလုံး တာဝန်မကုန်ဆုံး သေးဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ဒီမိုကရေစီတော်လှန်ရေးသမိုင်းရဲ့ အစ၊ အလယ်၊ အဆုံးပါ။ ရှစ်လေးလုံးသမိုင်းနဲ့ ဒီမိုက ရေစီတော်လှန်ရေးသမိုင်းဟာ ခွဲခြားလို့မရပါ။ ရှစ်လေးလုံးက တောင်းဆိုနေတာဟာ မှန်ကန်တဲ့ခေါင်းဆောင်မှုပဲ ဆိုတာကို ကျမတို့ တိတိပပ နားလည်ကြရမှာဖြစ်ပါတယ်။ ရှစ်လေးလုံးအပြီးသတ်အောင်ပွဲမှာ ဆုံကြပါစို့။
NLD - မြင့်မြင့်အေး (မိတ္ထီလာ)
၁၂ သြဂုတ် ၂၀၁၀
Thursday, 12 August 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment