Sunday 22 August 2010

နအဖ ရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၃၂-၃၃-၃၄/၂၀၁၀ အပေါ် ဝေဖန်လေ့လာခြင်း




(သားဆွေ)

မနေ့က (၂၁၊၈၊၂၀၁၀ ရက်နေ့၊ သောကြာနေ့)မှာ နအဖ အမိန့်ကြော်ငြာစာ ၃ ခု ထုတ်ပြန်ပါတယ်။
အမိန့်ကြော်ငြာစာ အမှတ် ၃၂-၃၃-၃၄/၂၀၁၀

အကျဉ်းချုပ်ကတော့

 ၁။ တိုင်းဒေသကြီးတွေ သတ်မှတ်တယ်
၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ၄င်းဒေသများရဲ့ ရုံးစိုက်ရာမြို့တွေကို သတ်မှတ်တယ်
၃။ ကြပ်ပြေးကို “ပြည်ထောင်စုနယ်မြေ” ဆိုပြီး ပျဉ်းမနား၊လယ်ဝေး၊တပ်ကုန်း အစရှိတဲ့ မြို့နယ် (၈) မြို့နယ်ကို အခြေခံပြီး သတ်မှတ်လိုက်တယ်။ (၈) မြို့နယ်ထဲမှာ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရ စတဲ့ ရာဇ၀င်ဆန်ဆန် ရယ်စရာကောင်းတဲ့ နာမည်တွေ ပါသေးတယ်။ (တော်သေးတာပေါ့။ ပုဂါရာမ တို့၊ အာတာလွတ် တို့၊ တောင်ပုလု တို့ မပါလို့။

ထုတ်ပြန်ချက်တွေကို နအဖ တွင်း (၁)  တင်အောင်မြင့်ဦးက “ပုံ” ခံပြီး ထုတ်ပြန်တယ်။

အသုံးအနှုန်းကြည့်လိုက်တော့ “အမိန့်ကြော်ငြာစာ” တဲ့။ အရာရာကို အမိန့်ပေး လုပ်ကိုင်ချင်တဲ့ နအဖ ရဲ့ မောက်မာ၊ ခက်ထန်၊ ရုန့်ရင်း ကြမ်းတမ်းတဲ့ စစ်ဘီလူးစရိုက် ပေါ်လွင်နေတာတွေ့ရတယ်။

နိုင်ငံတခုရဲ့ လူမျိုးအလိုက်၊ ဒေသအလိုက်၊ တည်နေရာအလိုက် ပြဌာန်းသတ်မှတ်ချက်တွေကို အခုလို ခပ်ညံ့ညံ့သတင်းစာပေါ်မှာ “အမိန့်အရ - ပုံ” လုပ်လိုက်ရုံနဲ့ အတည်ဖြစ်ရောလား? မေးစရာ ရှိလာတယ်။ နောက်တချက်က လုပ်ကိုင်ပုံက နွားရှေ့ထွန်ကျူးသလို ဖြစ်နေတယ်။

ဖွဲ့စည်းပုံက ပေးထားတဲ့ ပုဒ်မ ၄၄၃ အရ  နအဖ အနေနဲ့ “ကြိုတင်ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန်” ပြဌာန်းချက်နဲ့အညီ လုပ်ကိုင်ရတာပါလို့ အမိန့်ကြော်ငြာစာထဲမှာ ထည့်ရှင်း ထားသေးတယ်။ ဒီရှင်းလင်းချက်က နွားရှေ့ ထွန်ကျူးလုပ်ထားတာကို ကာကွယ်ဖို့ သက်သက်တော့ မဖြစ် နိုင်ဘူး။ နောက်ကွယ်မှာ တခြား ကောက်ကျစ်ယုတ်မာတဲ့ရည်ရွယ်ချက်တွေ အများကြီးရှိနိုင်သေးတယ်။ 
လုပ်စရာရှိတာတွေကို ကြိုတင်လုပ်ထားခွင့်ပေးထားတဲ့ ပုဒ်မ ၄၄၃ ကို နောက်ပိုင်းမှာ အများကြီး ထုတ်သုံးလာတာတွေ တွေ့ကြရဦးမယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်မလွှတ်ပေးတာလဲ ဒီ ၄၄၃ အရဖြစ်လာနိုင်သလို။ အပစ်ရပ်အဖွဲ့တွေကို အတင်းအကြပ်လက်နက်ဖြုတ်သိမ်းတာလည်း ဒီ ၄၄၃ အရ ဖြစ်လာနိုင်တယ်။ အခုတောင်မှ တိုင်းပြည်အတွက် အရေးကြီးတဲ့ တိုင်းဒေသသတ်မှတ်ချက်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသတ်မှတ်ချက်တွေ၊ “ပြည်ထောင်စုနယ်မြေ” သတ်မှတ်ချက်တွေကို ဒီ ၄၄၃ နဲ့ လုပ်လိုက်ပြီပဲ။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကျော်၊ ၁၉၈၈ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းတော့ တပြည်လုံးမှာ လူ ထောင် ပေါင်းများစွာ ပစ်သတ်ခံရတယ်။ နောက်တော့ ပလက်ဖောင်းတွေ၊ သစ်ပင်တွေ၊ လမ်းဘေးအုတ်ခုံတွေ၊ အုတ်နံရံတွေ၊ ခြံစည်းရိုးတွေ ထုံးသုတ်ခံရတယ်။ နောက်တော့ ဗမာက မြန်မာဖြစ်၊ တို့ဗမာအစည်းအရုံးက တို့မြန်မာအစည်းအရုံး ဖြစ်နဲ့ အကုန်လုံး ကမောက်ကမ။ “ဗ” အက္ခရာတွေအကုန်လုံး “မ”အက္ခရာ ဖြစ်ကုန်ရော။ အခု အနှစ် ၂၀ ကျော်ကြာတော့ တခါ လုပ်ပြန်ပြီ။  တိုင်းတွေကို “တိုင်းဒေသကြီး” အဖြစ် ခေါ်ဝေါ်သုံးစွဲရမယ်တဲ့။  ရန်ကုန်တိုင်းကို ရန်ကုန်တိုင်းလို့ ခေါ်လို့မရတော့ဘူး  “ရန်ကုန်တိုင်းဒေသကြီး” ဖြစ်သွားပြီ။ မန္တလေးတိုင်းကို မန္တလေးတိုင်းခေါ်ခွင့်မရှိတော့ဘူး။ မန္တလေးတိုင်းဒေသကြီးတဲ့။

ကြိုက်သလို ခေါ်ပါ။  ဒါပေမယ့် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ပြည်သူတွေ ကနေ့အချိန် အထိ နာလံ မထူနိုင်သေးဘူး၊ နအဖ ဘက်ကလည်း ဘာမှ မယ်မယ်ရရ ပြန်လည်ထူထောင်ပေးတာ မရှိ ဘူး။ မရှိတဲ့အပြင် မုန်တိုင်းမှာ သေဆုံးခဲ့ရတဲ့ ပြည်သူ တသိန်းကျော်ဟာလည်း သေသာသွားရတယ်။ သေပြီးမှ ဖွဲ့စည်းပုံကိုထောက်ခံကြောင်း ဆန္ဒမဲပေးတဲ့ စာရင်းထဲပါသွားကြရရှာတာ ခမျာများ မသိလိုက်ရ ဘူး။ ဒီတော့ နအဖ အနေနဲ့ ဘာပဲဖြစ်ဖြစ် သူတို့အတွက်တခုခုတော့ လုပ်ပေးသင့်တယ်။ အနိမ့်ဆုံး အနေနဲ့ ဧရာဝတီတိုင်းကို  “နာဂစ်တိုင်းဒေသကြီး” အဖြစ်နဲ့ အမည်သတ်မှတ်ပေးသင့်တယ်။
(ဤကား စာရေးသူ၏ အကြံပြုချက်ဖြစ်ပါသည်။)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ၄င်းဒေသတွေရဲ့ ရုံးစိုက်ရာမြို့တွေဆိုတဲ့ သတ်မှတ်ချက်က ပိုလို့တောင် ရယ်စရာကောင်းနေသေးတယ်။ နအဖ နယ်မြေ သတ်မှတ်ပုံက၊ ဥရောပတိုက်မှာ နပိုလီယန် နယ်မြေခွဲဝေ တာနဲ့ သွားတူနေတယ်။ နပိုလီယန်က သူစစ်နိုင်ရင် နယ်မြေသိမ်းလိုက်တယ်။ သူစစ်ရှုံးတော့ သူသိမ်း ထားတဲ့နယ်မြေကို နိုင်တဲ့လူထံ လွှဲပြောင်းပေးအပ်လိုက်တယ်။ (ဒီလိုနဲ့ ဖင်လန်နိုင်ငံဟာ ဆွီဒင် လက်အောက် ကနေ ရုရှလက်အောက် ရောက်သွားရတာပဲ။) အခု သန်းရွှေလုပ်ပုံကိုကြည့်၊ မင်းက သေနတ်လက်နက် များများကိုင်ထားနိုင်တော့ မင်းက များများယူ ဆိုတဲ့သဘောနဲ့ ၀ တွေကို ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (၆) မြို့နယ်စုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ သတ်မှတ်ပေးလိုက်တယ်။ ကိုးကန့်ကတော့ ငါ့လူဖြစ်နေပြီဆိုတော့ ကုန်းကြမ်းနဲ့လောက်ကိုင် ယူလိုက်တဲ့။ နပိုလီယန် နိုင်ငံတွေခွဲဝေ နေသလိုပဲနော်။   

ဒီသတ်မှတ်ချက်ကို ၀ တွေဘက် က ကြေနပ်လက်ခံမယ်လို့ထင်လား။ လက်ခံနိုင်မှာမဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီဒေသတွေကို တခါမှ နအဖ မသိမ်းနိုင်ခဲ့တာပဲ။ ကိုယ်မှ မသိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသတွေကို အခုမှ မင်းတို့ယူလိုက်တော့ဆိုတော့ ၀ တွေ ဘက် က ဟားတိုက်ရယ်မှာပေါ့။

ဝ တွေရဲ့ မြို့တော်က ပန်ဆန်း။ ဒါကို သန်းရွှေက ဟိုပန် ကို ပြောင်းလိုက်တယ်ဆိုတော့ ၀ တွေဘက်က လုံးဝ ကျေနပ်မယ်မထင်ဘူး။ သန်းရွှေ ရဲ့ သတ်မှတ်ချက်က နိုင်ငံရေးအရ ကောက်ကျစ်တဲ့ သတ်မှတ် ချက်လို့ ပြောလို့ရနိုင်တယ်။ အန္တရာယ်လည်းရှိတယ်။ ဟိုပန်က လောက်ကိုင်နဲ့ နီးနီးလေး။ အလွန်ဆုံးရှိလှ ၁၅ မိုင်ပေါ့။ လောက်ကိုင်က ကိုးကန့်မြို့တော်။ ကိုးကန့်က အင်အားလည်းနည်း၊ နအဖ လူလည်းဖြစ် နေပြီဆိုတော့ ပေးတာယူ၊ကျွေးတာစား၊ခိုင်းတာလုပ်အဆင့်၊ ဒီတော့ ၀ ဗဟိုသာ ကိုးကန့်မြို့တော် လောက်ကိုင် နဲ့နီးကပ်နေတဲ့ ဟိုပန် မှာရုံးစိုက်ရမယ် ဆိုရင် စိုးရိမ်စရာရှိတယ်။     

နောက်ထပ်စဉ်းစားရမယ့် အချက်က တချိန်က ရန်/ငါ နှစ်ဘက် ဘတပြန်ကျားတပြန်တိုက်ခဲ့တဲ့ မိုင်းပေါက်၊ မိုင်းဖျန်၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းလား၊ မိုင်းမ၊ မိုင်းဝ၊ မိုင်းယု၊ မိုင်းယောင်း ဒေသတွေနဲ့ တောင်ပိုင်း ၀ ဒေသတွေ  ဘယ်ထဲသွားထားသလဲ ? ဆိုတဲ့ မေးခွန်း။ ဒီမေးခွန်းကို ၀ တွေက နအဖ ကို ကြိမ်းသေပေါက်မေးမှာပဲ။ မိုင်းပေါက်ဆိုတာ ပန်ဆန်းအတွက် ပထ၀ီအနေအထားအရ ဗျူဟာကျတယ်။

ဒီဒေသတွေဆိုတာ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ စိုးမိုးဒေသတွေပဲ။ စစ်အာဏာရှင်အဆက်ဆက် ဘယ်လိုမှ မတိုက်နိုင်ခဲ့တဲ့ ဒေသတွေ။ န၀တ တက်လာတော့ ပိုလို့တောင် စစ်ရေးတိုက်ပွဲတွေ ပြင်းထန်ခဲ့ သေးတယ်။ အဲဒီဒေသတွေဆိုတာ စစ်တပ် ဖက်ကဆိုရင် ၁၉၈၈ မှာ တပ်မ (၈၈) လှုပ်ရှားတဲ့ဒေသ။ အခု နအဖ ထိပ်သီးလုပ်နေတဲ့ ဗိုလ်သန်းရွှေက အဲဒီတုန်းက တိုက်ပွဲတွေကို ကိုယ်တိုင် ဦးစီးခဲ့တာပဲ။ ဗိုလ်ထွန်းကြည်က တပ်မ (၈၈) လက်အောက်ခံ ဗျူဟာ ၈၈၂ ရဲ့ ဗျူဟာမှူး (ဗကပ နဲ့ တိုက်တဲ့ မိုင်းယန်း တိုက်ပွဲမှာ တပ်လုံးပြုတ်လုနီးပါးချေမှုန်း ခံလိုက်ရတဲ့ ဗျူဟာ)။ ဗျူဟာ ၈၈၁ က အဲဒီတုန်းက ဗိုလ်ရဲမြင့် ဦးစီးတယ် (အခု စရဖ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်)။ တပ်မမှူးက ဗိုလ်မှူးချုပ်သိန်းဟန် (နောက်တော့ သံအမတ်ကြီး)၊ အခု နအဖ တွင်း(၁) လုပ်နေတဲ့ သီဟသူရ တင်အောင်မြင့်ဦး က အဲဒီ တုန်းက ဗျူဟာ ၈၈၁ လက်အောက်ခံ ခလရ (၁၁) ဒုတပ်ရင်းမှူး။ တပ်ရင်းမှူးက ဖင်ကြီးကြီး ဆေးပေါ့လိပ် နဲ့ အရီ ကိုပဲကြိုက်တယ်ဆိုတဲ့ ဗိုလ်မှူးစိုးလွင်။ ဗိုလ်မှူးစိုးလွင် တိုက်ပွဲကျသွားတော့ ဒုရင်းမှူးတင်အောင်မြင့်ဦးက ဆက်ပြီး ကွပ်ကဲရတယ်။ သူလည်း ဒဏ်ရာရပြီး ရဟတ်ယာဉ်နဲ့ တင်ခေါ်ခံ သွားရ၊ နောက်တော့ စိတ်ဓာတ်စစ်ဆင်ရေးအရ ပေးလိုက်တဲ့ သီဟသူရ ဘွဲ့ရတယ်။ တိုက်ပွဲကျသွားတဲ့ တပ်သားဝုန်လျံမန်း လည်း သီဟသူရဘွဲ့ ရတယ်။ အဲဒီတုန်းက တိုက်တိုင်းရှုံးခဲ့တဲ့ အကြွေးတွေကို အဲဒီတုန်းက ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ကြတဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်ရဲမြင့်၊ ဗိုလ်တင်အောင်မြင့်ဦးတို့က အခုမှ သတင်းစာစက္ကူတွေပေါ်ကနေ ပြန်တောင်းနေတာပဲ။ 

အမိန့်ကြော်ငြာစာထဲမှာပါတဲ့ “ပြည်ထောင်စုနယ်မြေ” ဆိုတဲ့ ကြပ်ပြေး ဒေသကိုတော့ သန်းရွှေက သူ့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအဖြစ် သတ်မှတ်လိုက်တယ်။ သူအဲဒီမှာ နေမယ်၊ အဲဒီမှာ သေမယ်ပေါ့။  သူသေတော့လည်း သူ့အုတ်ဂူ ဖြိုချပြီး သူ့အရိုးကို ပင်လယ်ထဲမျောလိုက်ရုံပါပဲ။ ဒါကြောင့် ဒီ “ပြည်ထောင်စုနယ်မြေ” ဆိုတဲ့ ကိစ္စ ကို ဘာမှ အထွေအထူး ဝေဖန်ဆွေးနွေးစရာမရှိပါ။

ကျနော်တို့ သတိပြုရမှာက ...
ဒီကိစ္စတခုလုံးကို သန်းရွှေက ညွှန်ကြားတယ်၊ ဗိုလ်တင်အောင်မြင့်ဦးက “ပုံ” ခံပြီး ထုတ်ပြန်တယ်၊ ဗိုလ်ရဲမြင့်က ၀ တွေနဲ့ တွေ့ဆုံနေပြီးတော့ မိုင်းလား အဖွဲ့ကို တြိဂံတိုင်းမှူး ဗိုလ်ကျော်ဖြိုးက တွေ့ဆုံနေ တယ်။ ဒါတွေအားလုံးဟာ တဆက်တစပ်တည်းမြင်ကြည့်ရမယ့် အချက်တွေဖြစ်နေတယ်။ တခုချင်းစီ သီးခြားခွဲကြည့်ရင် ခွဲကြည့်သူရဲ့အမှားလို့သာ ဆိုရမှာပဲ။ သန်းရွှေ က သူ့အတွင်းစည်းကို ခိုင်သထက် ခိုင်အောင်လုပ်နေတယ်။ သူရဲ့ နံပါတ်တစ်ရန်သူ (ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုအင်အားစု တွေ)ကို အပြီးသတ်ချေမှုန်းနိုင် ဖို့ နံပါတ်နှစ်ရန်သူဖြစ်တဲ့ လူမျိုးစုအပစ်ရပ်အဖွဲ့တွေကို ယာယီ ကြားထား နေတာဖြစ်တယ်။ 

သန်းရွှေခေါင်းဆောင်တဲ့ စစ်အုပ်စုက တမျိုးသားလုံးရဲ့ ရန်သူ ဖြစ်တယ်။ ပြည်သူ့ရန်သူ နံပါတ်(၁) ဖြစ်တယ်။ အားလုံးနဲ့ဆိုင်တဲ့ရန်သူကိုတိုက်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။

3 comments :

Anonymous said...

Very Good analysis..

Thats right, Than Shwe and Military War Lords are PUBLIC ENEMY NO.1.

They don't trust anybody. They believe only army can save the nation. They don't recognized talent from the people.

They approached every things on security point of view which lead our resource rich country into worlds least developed nation.

Zo Khup said...

Totally agree with you

Anonymous said...

lt general ye myint is old ye myint,
manadalay division commander.
not intelligent ye myint