Saturday, 11 September 2010

အလုပ်သမားများသွေးစည်းညီညွတ်ရေးအဖွဲ့ ချုပ်(မြန်မာနိုင်ငံ)


အလုပ်သမားများသွေးစည်းညီညွတ်ရေးအဖွဲ့ ချုပ်(မြန်မာနိုင်ငံ)
စက်တင်ဘာကြေညာချက်
အလုပ်သမားအဖွဲ့ အစည်းများနဲ့  အလုပ်သမားရဲဘော်အပေါင်းတို့ ---
   လာမယ့် နိုဝင်ဘာ(၇) ရက်နေ့မှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပပါတော့မယ်။ ဒီရွေးကောက်ပွဲ မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းဟာ ပါတီ အသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဦးသိန်းစိန်အဖြစ်နဲ့  ဒီအဖွဲ့ အစည်းကို ဦးဆောင်ပါလိမ့်မယ်။
      ပြည်တွင်းပြည်ပနိုင်ငံရေးအင်အားစု၊ အဖွဲ့အစည်းတွေကြားမှာဒီရွေးကောက်ပွဲအပေါ်မှာသဘောထား အမြင်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ''ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်ရေး'' နဲ့ ''ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲသွား၊ ဒီမိုကရေစီဘောင်တိုးချဲ့'' စတဲ့ မတူညီတဲ့ကွဲပြားတဲ့အမြင်တွေနဲ့  ရပ်တည်လှူပ်ရှားနေကြပါတယ်။
အလုပ်သမားရဲဘော်အပေါင်းတို့ ---
      မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ဟာအသွင်သဏ္ဌာန်အမျိုးမျိုးနဲ့  တည်ရှိခဲ့ တည်ရှိနေဆဲပါ။
      ၁၉၆၂ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့စစ်အုပ်စုဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖန်တီး၊ စစ်ဗိုလ်ချုပ် တွေ အရပ်ဝတ်လဲ၊ တိုင်းပြည်ကို အရပ်သားအစိုးရပုံစံနဲ့ ဆက်အုပ်ချုပ်ခဲ့တယ်။ ၁၉၈၈ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုအရေးတော်ပုံကြီးမှာ ပြည်သူတွေက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကို ဆန့်ကျင်ဆန္ဒပြကြ တော့ စစ်ဗိုလ်ချုပ်တွေက မဆလကို ဘေးဖယ်ပြီးအာဏာပြန်သိမ်းတယ်။ အခုလည်း ပြည်သူတွေကြားမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ကြံ့ဖွံ့ကိုပွဲထုတ်၊ စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲလာပြန်ပြီ။
      ဒီရွေးကောက်ပွဲမှာသူတို့လိုချင်သလိုဖြစ်ဖို့ ညစ်ပတ်တဲ့နည်းပေါင်းစုံ (ကျင့်သုံးနေ) ကျင့်သုံးပါလိမ့်မယ်။ အခြေအနေမလှရင် ဗိုလ်ချုပ်တွေက အာဏာပြန်သိမ်းမှာပါ။ (၂၀၀၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ဒီအခွင့်အရေးတွေ ပေးထားပါတယ်။
စစ်အာဏာရှင်တွေဟာ နိုင်ငံတော်အာဏာကို ဘာကြောင့် မလွှတ်တမ်းဆုပ်ကိုင်ထားဖို့ ကြိုးပမ်းနေကြတာလဲ။ အလုပ်သမားတွေ၊ လယ်သမားတွေနဲ့ ပြည်သူတွေဆီကမတရားရယူထားတဲ့ ရယူနေတဲ့ လုပ်အားအရင်း အနှီးတွေနဲ့ ကြွယ်ဝနေတဲ့ စည်းစိမ်ချမ်းသာတွေကိုသားစဉ်မြေးဆက် ထိန်းသိမ်းကာကွယ် သွားဖို့ပါပဲ။ စစ်အာဏာရှင်တွေရဲ့ မျိုးချစ်စိတ်ဓါတ်ဆိုတာ သူတို့ ဆွေမျိုးသားချင်းကောင်းစားရေးကို ရည်ရွယ်တာပါ။
စစ်အာဏာရှင်တွေနဲ့ လက်ဝေခံ ခေတ်ပျက်သူဌေးတွေဟာ မြို့ကြီးတွေရဲ့ အချက်အချာကြတဲ့ နေရာတွေမှာ ခေတ်မှီကုန်တိုက်ကြီးများ ပိုင်ဆိုင်နေကြသလို ဆိပ်ငြိမ်အိမ်ယာစီမံကိန်းတွေက လျှပ်စစ်မီးမပြတ်၊ ရေကူးကန်၊ အပန်းဖြေပန်းခြံနဲ့ အဆင့်မြင့်မြင့်နေနိုင်တဲ့ ခြံဝန်းကျယ် တိုက်အိမ်ပေါင်းများစွာကို ၀ယ်ယူပိုင်ဆိုင်နေကြတယ်။ ဒါပေမဲ့ အဲဒီ့အိမ်တွေမှာနေမယ့် လူတောင်မရှိကြဘူး။
      ကျနော်တို့အလုပ်သမားတွေ ပြည်သူတွေကတော့ အကြောင်းအမျိုးမျိုးနဲ့ မြို့စွန်တွေဆီ မောင်းထုတ်ခံ နေရတယ်။ မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အဖြစ် သတ်မှတ်ပေမဲ့ ခွဲတမ်းအချိန်နဲ့ လျှပ်စစ်မီးပုံမှန်မရ၊ သောက်သုံးရေပေးဝေမှုမရှိတဲ့ နေရာတွေအပြင် အမှိုက်သိမ်းစနစ်၊ မိလ္လာစနစ်၊ ရေနှုတ်မြောင်းစနစ် စတဲ့ မြို့ပြအင်္ဂါရပ်တွေ တခုမှမရှိဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရုန်းကန်နေကြရတယ်။ ဒါပေမဲ့ ပုံမှန်စည်ပင် အခွန်အတုတ်တွေနဲ့ နွေရာသီဆို မီးကင်းကြေး၊ မိုးရာသီကျတော့ လုံခြုံရေးကြေး၊ သတ်မှတ်ချိန်ကျော်လွန် မီးသုံးစွဲခွင့်၊ မီးအပေါင်ကြေး၊ အိမ်ရှေ့ ရေနှုတ်မြောင်းတွေ ဆယ်ခိုင်းတာ၊ စည်ပင်နယ်တွေထဲက ခြုံတွေ ရှင်းခိုင်းတာအပြင် တခြားအမိန့်အမျိုးမျိုးကိုညလူချိန်တိတ်ချိန်မှာအသံချဲ့စက်နဲ့လိုက်အော်တာ၊ မလိုက်နာရင် တည်ဆဲဥပဒေအရအရေးယူခံရမယ်ဆိုတဲ့ ရယက၊ ကြံ့ဖွံ့တွေရဲ့ ခြိမ်းခြောက်မှုတွေကတော့ ရှိနေဆဲပဲ။
      ကြံ့ဖွံ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးစတဲ့ စစ်အာဏာရှင်အကျိုးပြု အောက်ခြေအဖွဲ့အစည်း တွေမှာ အဖွဲ့ဝင်တွေအဖြစ် နေရာယူထားကြတဲ့ ငွေတိုးပေးချေးစားသူတွေကလက်လုပ်လက်စားနဲ့ ပျံကျ ဈေးသည်တွေကို ထုတ်ချေးတဲ့ ငွေကျပ် (၂၀၀၀) ချေးယူရင် တနေ့တစ်ရာနဲ့ (၂၆)ရက်အတွင်း ပြန်ဆပ်ရတဲ့ နေ့ပြန်တိုးစနစ်၊ အိမ်ခြံမြေအပေါင်ထား ထုတ်ချေးတဲ့ (၃)လတကြိမ် အတိုးပေါ်အတိုးတက်တဲ့ စနစ်တွေကြောင့် သိန်း(၃၀)တန် အိမ်ခြံကိုအပေါင်ထားပြီး ငွေ(၃)သိန်းလောက်ချေးပြီးရင် (၂)နှစ်ခွဲအတွင်းမှာနေအိမ်ပါ အသိမ်းခံ ရတဲ့အထိ အောက်ခြေဆင်းရဲသားပြည်သူတွေ အခြေမဲ့ အနေမဲ့ဘ၀ ရောက်နေကြရတယ်။ မကျေနပ်လို့ တရားရင်ဆိုင်ရင်လဲ ငွေကြေးနဲ့ အာဏာပိုင်တွေကို ကိုင်ထားနိုင်တဲ့ သူတို့သာအနိုင်ရကြတယ်။
      ငွေကြေးအာဏာနဲ့ မသမာတဲ့စီးပွားရှာမှုတွေနဲ့ တဖြေးဖြေး ကြွယ်ဝလာတဲ့ အဲဒီအဖွဲ့ဝင်တွေဟာ ဒုစရိုက်သမားအကြီးစား မာဖီးယားတွေဖြစ်လာကြတယ်။ စစ်အာဏာရှင်စနစ်ကို အောက်ခြေက ကျားကန် ပေးနေတဲ့ ဒေါက်တိုင်တွေဖြစ်လာကြတယ်။ ဒါကြောင့်လဲဥပဒေမဲ့ ဒီလုပ်ရက်တွေကိုအာဏာပိုင်အဆင့်ဆင့်က မသိကျိုးနွံ ပြုနေတာဖြစ်တယ်။
      အောက်ခြေဆင်းရဲသားတွေနဲ့ အသေးစားလုပ်ငန်းလေးတွေအတွက် နည်းပါးတဲ့အတိုးနှုန်းနဲ့ ငွေထုတ် ချေးပြီး ရတဲ့အတိုးငွေနဲ့ ပေါင်းစပ်စိုက်ထုတ်ကာအဲဒီလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်သုံးတဲ့ (world vision)လိုအဖွဲ့အစည်းမျိုးတွေကိုတော့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ပိတ်ပင်ဟန့်တားမှုတွေလုပ်လေ့ရှိတယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေရဲ့ လူထုအကျိုးပြုလုပ်ငန်းတွေဟာ တိုးတိုးတိတ်တိတ်လုပ်နေကြရတယ်။
      စက်မှုဇုန်တွေကအလုပ်ရုံ၊ စက်ရုံတွေမှာအလုပ်ရှင်တွေက ၄င်းတို့ လိုက်နာရမဲ့ဥပဒေ၊ စည်းမျည်း တွေကို မသိကျိုးနွံပြု ချိုးဖောက်နေကြတယ်။အလုပ်သမားတွေရဲ့ လုပ်ခလစာကိုနည်းနိုင်သမျှနည်းအောင်ပေး၊ အချိန်ပိုအဆမတန်ခိုင်းဆိုတဲ့ လုပ်ဟန်ကိုကျင့်သုံးနေကြတယ်။ အလုပ်သမားတစ်ယောက်ဟာ တလကို အချိန်ပိုနာရီ(၁၀၀)ကျော် (၁၅)ရက်စာလုပ်အား (၂)ချိန်ထိလုပ်နေကြရပေမဲ့ လခထုတ်တဲ့အခါ နေတဲ့ အဆောင်ခ၊ စားစရိတ်နုတ်လိုက်ရင် ပိုငွေဟာ တစ်သောင်းကျပ်လောက်သာ ကျန်တော့တယ်။ ဒီလိုအခြေအနေ တွေ အောက်မှာ အလုပ်သမားတွေရဲ့ အနာဂတ်ဘ၀ တိုးတက်သာယာရေးဟာ မျှော်မှန်းလို့ မရနိုင်တော့ပါ။
မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ အလုပ်သမားတွေ၊ ပြည်သူတွေရဲ့ဘ၀တွေဟာ ဒီအတိုင်း အနှိမ်ခံဘ၀နဲ့ ဆင်းရဲကြပ်တည်းစွာရုန်းကန်နေကြရဦးမှာပါ။
      စစ်အစိုးရဟာ (၁၉၉၃)ခုနှစ်မှာစတင်ကျင်းပခဲ့တဲ့ အတုအယောင်အမျိုးသားညီလာခံရဲ့ အစုအဖွဲ့ပေါင်း (၈)ဖွဲ့မှာ အလုပ်သမားကိုယ်စားလှယ်များအစုအဖွဲ့အဖြစ် အလုပ်သမားအတုတွေနဲ့ အလုပ်သမားတွေရဲ့ အမည်ကို ယူသုံးခဲ့တယ်။ ဒါဟာတိုင်းပြည်ရဲ့ အရေးကိစ္စတွေကို ဆွေးနွေးဆုံးဖြတ်ကြရမှာ အလုပ်သမားတွေ မပါဝင်ရင် မပြည့်စုံတာကြောင့် လူမြင်ကောင်းအောင် အပေါ်ယံသဘောမျိုးထည့်သွင်းပြခဲ့တာပါ။
      အမျိုးသားညီလာခံမှာ အမည်ထည့်သွင်းခံခဲ့ရတဲ့ ကျနော်တို့ အလုပ်သမားတွေဟာ မိမိတို့ရဲ့ အကျိုးကို ထိန်းသိမ်းကာကွယ်ဖို့ကျတော့ အလုပ်သမားသမဂ္ဂ၊ အလုပ်သမားအဖွဲ့အစည်းဖွဲ့ခွင့် မရှိဘူး။ ဥပဒေအရ ပေးထားတယ်ဆိုတဲ့ အခွင့်အရေးတွေ တောင်းဆိုပိုင်ခွင့်မရှိဘူး။
      တိုင်းပြည်မှာ ကြီးမားတဲ့အင်အားစုကြီးဖြစ်တဲ့ အလုပ်သမားတွေမှာ ကိုယ်ပိုင်အဖွဲ့အစည်းမရှိဘူး။ ဒီအခြေအနေတွေက လွတ်မြောက်အောင် ကျနော်တို့အလုပ်သမားတွေ မိမိတို့အခွင့်အရေးတွေအတွက် လိုအပ်ရင် လိုအပ်သလို တောင်းဆိုတိုက်ပွဲဝင်နေရမှာဖြစ်သလို နိုင်ငံရေးအရလဲ နိုးကြားတက်ကြွနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အလုပ်သမားတွေဟာစစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမဲ့ အလုပ်သမား ထုတရပ်လုံးနဲ့ ပြည်သူလူထုကို ပိုမိုဆင်းရဲကြပ်တည်းစေမဲ့  ဒီ (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်ရပါလိမ့်မယ်။ (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံဆန္ဒခံယူပွဲတုန်းကလို အုပ်ချုပ်သူတွေက အလုပ်ရုံ၊ စက်ရုံတွေကိုလာပြီး စာရွက်ထဲက ကွက်လပ်ထဲ အမှန်ခြစ်ပေးပါ ဆိုတာမျိုးတွေ လုပ်လာနိုင်ပါတယ်။ သူတို့အလိုကျ လိုက်လုပ်ပေးလိုက်လို့ ကျနော်တို့ အလုပ်သမားတွေရဲ့ ဘ၀တွေ တိုးတက်ကောင်းမွန်စရာမရှိပါ။ ပိုမိုဆင်းရဲရုန်းကန်နေရမှာပါ။  ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရုံနဲ့လဲ ကျနော်တို့တာဝန်တွေ မပြီးပါ။
      စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဟာ ၄င်းတို့ဦးစီးကျင်းပသွားမဲ့ ရွေးကောက်ပွဲ အဆင့်ဆင့်ကို ဆန့်ကျင်လှုပ်ရှားမှုများ၊ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ၊ သံတမန်ရေးဖိအားပေးမှုများပြုလုပ်သွားရုံနဲ့လည်း ပြီးမြောက်အောင်မြင်သွားမယ် မဟုတ်ပါ။ ကျနော်တို့ အင်အားစုအသီးသီးရဲ့ လူထုတိုက်ပွဲများကို အဓိကထား အခြားတိုက်ပွဲများဖြင့် စနစ်တကျပေါင်းစပ်ပေးခြင်းဖြင့်သာကျနော်တို့ရည်မှန်းချက် ရှေ့တိုးအကောင်ထည် ဖော်နိုင်ပါလိမ့်မယ်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဆန့််ကျင်ရေးလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဟာ
၁။ အလုပ်သမားထုကို နိုင်ငံရေးအရအသိအမြင်ဖွင့်ပေးရေး
၂။ လုပ်ဟန်အရစည်းရုံးရေးအင်အား၊ စုဖွဲ့ တိုးချဲ့ရေး
၃။ အလုပ်သမားထုတိုက်ပွဲအဆင့်ဆင့်နည်းနာများကိုလက်တွေ့နားလည်လုပ်တတ်လာရေးအတွက် ဖြစ်ပါတယ်။
အလုပ်သမားရဲဘော်အပေါင်းတို့ -
      လက်ရှိ ကျနော်တို့ရင်ဆိုင်နေရတဲ့ အထွေထွေအကြပ်အတည်းတွေကလွတ်မြောက်ရန် ကျနော်တို့ ကိုယ်တိုင် ရုန်းကန်တိုက်ပွဲဝင်ရုံမှတပါး တခြားနည်းလမ်းမရှိပါ။ အလုပ်ဆိုင်းတခု၊ အလုပ်ရုံတစ်ရုံကစပြီး အချိန်ပို မတရား ခိုင်းစေမှု၊ လုပ်ခဖြတ်တောက်မှု၊ လုပ်ခနည်းတာကို တိုးမြှင့်တောင်းဆို လူမှုဖူလုံရေး အခွင့်အရေးတွေအတွက် တောင်းဆိုမှုတွေကစပြီးလမ်းတလမ်း၊ ရပ်ကွက်တခု၊ မြို့နယ်တနယ်ကတနေစတင်ပြီး မတရားတဲ့ ဖိနှိပ်အမြတ် ထုတ်မှုတွေကို ဆန့်ကျင်သွားရပါလိမ့်မယ်။
      ဒီလုပ်ငန်းတွေ လက်တွေ့အကောင်အထည်ပေါ်လာရေးအတွက် မိမိတို့လက်လှမ်းမှီရာ ဘ၀တူ လုပ်သားလူထုအတွင်းအခက်အခဲတွေ ပြဿနာတွေကိုစုပေါင်းဆွေးနွေးအဖြေရှာ၊ စုပေါင်းရင်ဆိုင်တိုက်ပွဲဝင် စတဲ့ နည်းတွေနဲ့ စတင်ရပါလိမ့်မယ်။
အလုပ်သမားရဲဘော်အပေါင်းတို့ -
      ကျနော်တို့အလုပ်သမားတွေဟာလုပ်ငန်းခွင်အလိုက် ဒီအခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းတက်တဲ့ အတွေ့အကြုံရှိပြီးသားပါ။ ဒီအတွေ့အကြုံတွေပေါ် အခြေခံပြီးပိုမိုကြီးမားကျယ်ပြန့်တဲ့ အင်အားစုစည်းမှုတွေကို လုပ်ဆောင်သွားရပါလိမ့်မယ်။ ဒါမှသာ ကျနော်တို့ အလုပ်သမားတွေရဲ့ အနာဂတ်ဟာ တိုးတက်သာယာ လာနိုင်ပါလိမ့်မယ်။
      အလုပ်သမားအင်အားစုများညီညွတ်ကြ။ စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားကြ။

      (ဗဟိုစည်းရုံးရေးကော်မတီ)
      အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်(မြန်မာနိုင်ငံ)
      ရန်ကုန်မြို့။     ရက်စွဲ - စက်တင်ဘာလ(၁)ရက်၊ ၂၀၁၀ ခုနှစ်

No comments :