မောင်ကျောင်းသား
ကြားလိုက်ရပြန်ပြီ ...။ ပစ်သတ်လိုက်ကြပြန်ပြီတဲ့ ...။ ပဲခူးမှာ စစ်တပ်က ပစ်သတ်လို့ အပြစ်မဲ့ ကျောင်းသားလူ ငယ်နှစ်ယောက် သေဆုံးရပြန်ပြီတဲ့ ...။ အကြောင်းအရာ အပြည့်အစုံ မဖတ်ရခင် သတင်းခေါင်းစဉ်မှာတင် တောက်ခေါက်၊ အသားတဆတ်ဆတ် တုန်နေအောင် ဒေါသထွက်ခံစားလိုက်ရပါတယ်။ နိုင်နေတယ်ဆိုပြီး ထင်တိုင်းကြဲနေလိုက်တာကွာ။ စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ပြည်သူတွေ ကျောင်းသားတွေရဲ့ အ သက်ဟာ တိရိစ္ဆာန်တွေလောက်မှ တန်ဘိုးမရှိတော့ဘူးလား။ ဥပဒေမဲ့ သတ်ချင်တိုင်းသတ်နေတာကို ငါတို့ ကျောင်းသားလူငယ်တွေ ဒီလိုပဲ ငြိမ်ခံနေကြတော့မှာလား ...။
ဖြစ်စဉ်က ၄-၉-၂၀၁၀ ရက် စနေနေ့ည (၁၂) နာရီလောက်မှာ ...။ ပဲခူးမြို့လယ်ခေါင် ဇိုင်းဂနိုင်းတောင်ပိုင်းမှာရှိ တဲ့ “ကယ်လီဖိုးနီးယား” ကာရာအိုကေဆိုင်ကနေ မူးပြီး ထွက်လာတဲ့ ခလရ-၅၉ (ပဲခူးဘူတာ လုံခြုံရေးယူထား တဲ့ နယ်မြေခံတပ်) က အရာရှိနှစ်ယောက် ငှားစီးတဲ့ ဆိုင်ကယ်နဲ့ ကျောင်းသားလူငယ်ငါးယောက် စီးလာတဲ့ သုံးဘီးဆိုင်ကယ် (ပဲခူးအခေါ် တုတ်တုတ်) ချိတ်မိ၊ စကားများရန်ဖြစ်ကြရာက စစ်ဗိုလ်နှစ်ယောက်က ပါလာ တဲ့ စကားပြောစက်နဲ့ သိပ်မဝေးတဲ့ တပ်အထိုင်ရှိရာ ပဲခူးဘူတာက စစ်သားတွေကို လှမ်းခေါ်လိုက်ပြီး ချက်ချင်း လိုရောက်လာချိန်မှာ ပစ်မိန့်ပေးခဲ့လို့ စစ်သားတွေက အချက်ပေါင်းများစွာ ပစ်ခတ်ရာက လက်နက်မဲ့ ကျောင်း သားလူငယ်နှစ်ယောက်ဖြစ်တဲ့ မောင်စိုးပိုင်ဇော် (၁၉) နှစ်နဲ့ မောင်အောင်သူဟိန်း (၂၃)နှစ် တို့ ပွဲချင်းပြီး သေ ဆုံးခဲ့ရပါတယ်။
ပဲခူးမြို့၊ ဇိုင်းဂနိုင်း (တောင်) ရပ်ကွက်၊ မင်္ဂလာလမ်း၊ အိမ်အမှတ် (၂၀၀) နေ အဘ ဦးမြတ်သူရဲ့သား မောင် အောင်သူဟိန်းက (၆) ချက်ထိမှန်ပြီး ဇိုင်းဂနိုင်း (တောင်) ရပ်ကွက်၊ မြလမ်း၊ အိမ်အမှတ် (၁၇၇) နေ အဘ ဦး ဟုတ်ကြည်ရဲ့သား မောင်စိုးပိုင်ဇော်က (၄) ချက် ထိမှန်ခဲ့ပါတယ်။ မြလမ်းထိပ်မှာပဲ ပစ်ခတ်မှုဖြစ်တာဖြစ်ပြီး သွေးသံတရဲရဲ လမ်းမပေါ်လဲကျသွားကြချိန်မှာ စစ်သားတယောက်က“ စစ်တပ်ကို စမ်းချင်တဲ့ကောင် စမ်း၊ သေ ချင်းဆိုးနဲ့ သေသွားမယ်” လို့ ကြိမ်းမောင်းအော်ဟစ်ပါတယ်။ ရဲတွေ ရောက်လာချိန်မှာ စစ်တပ်က ရှောင်ထွက် သွားပြီး ဘယ်သူမှ ထွက်ကြည့်လို့မရအောင် ရဲတွေက ပိတ်ဆို့ပေးထားပါတယ်။ အလောင်းကို ဆေးရုံသယ် တာတောင် ကောင်းကောင်းမွန်မွန် ဆေးရုံကားနဲ့ မသယ်ဘဲ ဆိုက္ကားနဲ့ ဖြစ်သလိုသယ်ခဲ့ပါတယ်။
၅-၉-၂၀၁၀ နေ့မှာ ချက်ချင်း အသုဘစီစဉ်ဖို့ အာဏာပိုင်တွေက ဖိအားပေးခဲ့ပါတယ်။ မိဘတွေ အဝေးရောက် နေလို့ ပြန်လာချိန်ရအောင် စောင့်ခွင့်ပေးပါ။ အိမ်ပြန်သယ်ခွင့်ပေးပါလို့ သက်ဆိုင်ရာ မိသားစုဝင်တွေက အာ ဏာပိုင်အဆင့်ဆင့်ဆီ ခွင့်တောင်းခဲ့ပေမယ့် (မတရား သတ်ဖြတ်မှုကို ဖုံးကွယ်ချင်တဲ့ အာဏာပိုင်တွေရဲ့ ထုံးစံ အတိုင်း) အလောင်းကို အိမ်ပြန်သယ်ခွင့်မပြုခဲ့ပါဘူး။ ပဲခူးတမြို့လုံး အုတ်အော်သောင်းနင်းဖြစ်ပြီး ထောင်ဂ ဏန်းရှိမယ့် လူထုက ပဲခူးဆေးရုံ ရင်ခွဲရုံကို သတင်းစုံစမ်း သွားရောက်လေ့လာကြပေမယ့် ရဲလုံခြုံရေးအများ အပြားနဲ့ အရပ်ဝတ် ထောက်လှမ်းရေးတွေက တားဆီးပိတ်ပင်ခဲ့ပါတယ်တဲ့။
သတင်းအပြည့်အစုံ ဖတ်ပြီးချိန်မှာ သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ ထပ်တူကြေကွဲစိတ်မကောင်းဖြစ်စိတ်၊ နာ ကျည်းခံပြင်းစိတ်တွေကြောင့် ဒင်းတို့ကို နိုင်အောင်ပြန်မတိုက်နိုင်သေးတဲ့ အခြေအနေကိုပဲ တနုံ့နုံ့တွေး အားမ လိုအားမရ ဖြစ်နေမိပါတယ်။ စစ်အာဏာရှင်တွေရဲ့ ဒီ့ထက်ဆိုးတဲ့ လုပ်ရပ်တွေနဲ့ ဖြစ်စဉ်တွေကို အခါခါမြင်ဖူး ကိုယ်တိုင်လည်း ခံစားဖူးပါရဲ့။ ဟောဒီနှလုံးသားက ထုံကျင်အသားကျမနေဘူး၊ ကြားလိုက်ရတိုင်း နာတယ်၊ မြင်လိုက်ရတိုင်း နာတယ်၊ တွေးမိတိုင်းလည်း နာတယ်ဗျာ။
ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တည်တံ့ခိုင်မြဲ ရေးဆိုတဲ့ သတင်းစာတွေ တီဗွီဖန်သားပြင်တွေပေါ်က ဟန်ဆောင်ပန်ဆောင် ပြောပြောနေတဲ့ စကားတွေ ဘယ်မှာလဲ။ ဒါလား တရားဥပဒေစိုးမိုးတာ၊ ဒါလား ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တာ၊ ဆင်းရဲမွဲတေ မှုတွေကြောင့် မလူးသာမလွန့်သာတဲ့ ပြည်သူတွေကို ပိပြားနေအောင် နင်းဖိထားပြီး အများပြည်သူ မမြင်ကွယ် ရာ ကျေးလက်တောရွာတွေမှာ ထင်သလို လုယက်၊ မုဒိန်းကျင့်၊ လူသတ် လုပ်နေတဲ့ စရိုက်တွေ ခုလို မြို့ပြပေါ် ထိ ပြောင်ပြောင်တင်းတင်း အတင့်ရဲကျူးလွန်လာတာ တုန့်ပြန်မှုမရှိ ငြိမ်ခံနေကြရင်တော့ ရုပ်ရှင်တွေ၊ ဗွီဒီယို တွေထဲ တွေ့ဖူးတဲ့ ဖက်စစ်ခေတ်ဂျပန်တွေထက် ဆိုးလာတော့မယ်။
“စစ်တပ်ဆိုတာ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်ဘူး။ စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့ အနိုင်ကျင့် ဖိနှိပ်ဖို့မဟုတ်ဘူး။ စစ်တပ်ဟာ ပြည်သူရဲ့အစေခံပဲ ဖြစ်ရမယ်။ ပြည်သူဟာ စစ်တပ်ရဲ့အစေခံ ဘယ်တော့မှ မ ဖြစ်ရဘူး ” လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိလို့ စစ်တပ်ရဲ့ ဒီလိုရက်စက်ယုတ်မာမှုတွေ ကိုသာသိရင် ဆရာတင် ခေါ်လာခဲ့တဲ့ ဂျပန်ကို ပြန်ချသလို သူ တည်ထောင်ခဲ့တဲ့ စစ်တပ်ကို “ရရာလက်နက်နဲ့ ပြန်ချကြတော့” လို့ ပြည်သူကို နှိုးဆော်ပြီး သူကိုယ်တိုင် တော်လှန်စစ်ကို ဦးဆောင်ဆင်နွှဲမယ်ထင်ပါရဲ့။
“ညီအကိုတို့၊ ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး၊ မတွေဝေနဲ့” တဲ့။ ဒီလောက်ထပ်ထပ် သတ် ပြီး သွေးဟောင်းတို့ စွန်းခဲ့တဲ့ မြေပေါ် သွေးသစ်တွေ အကြိမ်ကြိမ် စီးနေတာ အပြစ်မဲ့ ကျောင်းသားလူငယ်တွေ ခုလို ရက်ရက်စက်စက် အသတ်ခံရမှုမျိုးကို မကြုံဖူးမခံစားဖူးလို့ ကိုယ်ချင်းမစာနိုင်သေးတဲ့ ညီငယ်တွေလည်း သတိမူစဉ်းစားကြဖို့လိုပါပြီ။
၁၉၈၈ ကျနော်တို့ခေတ်ကတော့ လက်သဲဆိတ်ခံရချိန်မှာ လက်ထိပ်သာမက ရင်ထဲအသဲထဲ သွေးသားထဲက ပါ နာခဲ့ကြလို့ ကျနော်တို့ အောင်မြင်မှု တစုံတစ်ရာ ရရှိသည်အထိ တိုက်ပွဲဝင်ရဲခဲ့ကြတယ်။ ကိုဖုန်းမော်နဲ့ ကိုစိုး နိုင်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ဝန်းထဲမှာ ခုလို ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရမှုကနေ ကျောင်းသားသပိတ်၊ နောက်ဆုံးလူထုအုံကြွမှုကြီး ဆက်ဖြစ်ပြီး စိန်လွင်လို စစ်ခေါင်းဆောင် အစိုးရတွေနဲ့ နေ၀င်းရဲ့ တပါတီအာဏာ ရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်။
ဒါပေမယ့် ကျနော်တို့ တာဝန်မကျေခဲ့ပါဘူး။ ကျနော်တို့ မြင်ခဲ့ မီခဲ့တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်ကစလို့ ၁၉၈၈ မတ် လမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ၊ ၁၉၈၈ ဇွန်လမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ၊ ရှစ်လေးလုံးအ ရေးတော်ပုံကြီးမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေ၊ ဒီပဲရင်းမှာ မတရား ရိုက်သတ်ခံရ တဲ့ ကျောင်းသားလူငယ်တွေ၊ ၂၀၀၇ စက်တင်ဘာမှာ ပစ်သတ်ခံရတဲ့ သံဃာတော်တွေ၊ ကျောင်းသားလူငယ် တွေ၊ တောထဲတောင်ထဲမှာ ကျဆုံးသေဆုံးခဲ့တဲ့ ကျောင်းသားတွေ၊ အကျဉ်းထောင်တွေထဲမှာ သေဆုံးခဲ့ရသူ တွေအတွက် ကျနော်တို့ တာဝန်မကျေသေးပါဘူး။ သူတို့သေဆုံးခဲ့ရမှုတွေအတွက် တရားမျှတမှုကို မဖြစ်စေ သေးသမျှ ကျနော်တို့ တာဝန်ကျေပြီ မခေါ်နိုင်ပါဘူး။ ဒီအတွက် ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်နေရဦးမှာပါ။
စစ်အာဏာရှင်သက်သာရှည်ခဲ့ပြီ၊ အနိဌာရုံတွေ များပြီ၊ လူပုံအလယ် ရက်ရက်စက်စက် ပစ်သတ်တာမျိုး ကြောင့်မဟုတ်ဘဲလည်း စစ်အာဏာရှင်တွေကြောင့် နေ့စဉ်လူတွေသေနေကြပါတယ်။ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့၊ နောက်ဆက်တွဲ ရောဂါဘယထူပြော၊ ဆေးကုသစရိတ် မတတ်နိုင်တော့ ရောဂါက နိုင်သွားပြီး တဖြည်းဖြည်း သေ၊ အဲလိုပြည်သူတွေလည်း အသတ်ခံလိုက်ရတာပါပဲ။ ကလေးမီးမဖွားနိုင်လို့ သေတယ်၊ မြွေ ဆိပ်မိလို့ သေတယ်၊ ဆေးရုံကို အချိန်မီ မရောက်လို့သေတယ်၊ ဆေးရုံမှာ ဆေးမရှိလို့ သေတယ်၊ ဆေးရုံဆေး ခန်းမရှိလို့ သေတယ်၊ ဆရာဝန်မရှိလို့ သေတယ်။ ၀ဋ်ကြွေးမဟုတ်ဘူး၊ ကံကြမ္မာမဟုတ်ဘူး၊ ပြည်သူတွေ ဘာ ဖြစ်နေနေ ငတေမာပြီးရော ကိုယ်ကျိုးရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေ သတ်တာ ...။
နာတယ်..။ လက်ထိပ်ကတင်မဟုတ်ဘူး၊ ရင်ထဲ အသည်းထဲ သွေးသားထဲကပါ နာတယ်။ ခုလို ရက်ရက်စက် စက် ပစ်သတ်ခံရတာမျိုး ပိုနာတယ်။ မကြေ ... ဘယ်တော့မှမကြေ ... တသက်ကမ္ဘာမကြေ ...။ ။
စစ်အာဏာရှင်စနစ်ကျဆုံးသည်ထိ ...
မောင်ကျောင်းသား
Wednesday, 8 September 2010
Subscribe to:
Post Comments
(
Atom
)
3 comments :
အဲ ဒီသတင်းနဲနဲမှားနေတယ်ဗျ
ဖြစ်ပုံက နှစ်ဦးလုံးလွန်တာပါ သေဆုံးသူများက အလွန်ဆိုးသွမ်းတဲ့လူငယ်တွေပါ ညဘက်ဆို လမ်းပေါ်မှာနေပြီးတွေ့သမျှ လူကိုဆဲဆို ပြဿရှာနေကြတယ် လူတိုင်းက သူတို့ကိုချင်နေတယ် ဒါပေမယ့်သူတို့နဲ့ ဖတ်ပြီးရန်ဖြစ်မယ့်သူမရှိဘူး ဆဲလဲမသိချင်ရောင်ဆောင်ပြီးပြန်သွားကြတယ်လေ
အဲလိုကောင်တွေဗျ ဘယ်သူ့ဘက်ကမှလိုက်ပြီးပြောတာမဟုတ်ပါဘူး နှစ်ဘက်လုံးလွန်ပါတယ် လူတွေက တပ်နဲ့ဖြစ်ပြီဆို ကိုးကားပြီးပြောကြတယ် ဒီနေ့ မ်ေ က အင်တာဗျူးလဲနဲနဲမှားနေတယ်လို့ကျနော်မြင်ပါတယ်
အဲဒီ အရာရှိနှစ်ဦးက ည အရပ်ဝတ်နဲ့ ၄လမ်းထိပ် က ကယ်လီဖိုးနီးယား စားသောက်ဆိုင်မှာ ဘီယာသောက်ပြီးအပြန်မှာ သုံးဘီးဆိုင်ကယ်တစီးနဲ့ တိုက်မိမလိုဖြစ်သွားပါတယ် အဲဒီသုံးဘီးဆိုင်ကယ်ပေါ်က လူ ၆ ဦး ဆင်းလာပြီး အဲဒီ အရာရှိကို ၀ိုင်းရိုက်ကြပါတယ် အရာရှိနှစ်ဦးထဲက တဦးက ထွက်ပြေးသွားပြီး တဦးကတောင်းပန်ပါသေးတယ် အဲဒါကို အဲဒီလူတွေက ကျောက်ခဲနဲ့ ၀ိုင်းထု့ပါတယ် အနီးမှလူများလဲဝိုင်းဆွဲကြပါတယ် အဲချိန်မှာ ထွက်ပြေးသွားတဲ့ အရာရှိက သူ့ရဲံဘော်တွေကိုသွားခေါ်လာပါတယ် ကင်းကျနေတဲ့ရဲဘော် နဲအဲဒီအရာရှိေ၇ာက်လာချိန်မှာ သေဆုံးသူနဲ့အဖွဲက စစ်သားတွေကိုသတ်ပစ်လို့အော်ပြီးဒုတ်တွေဆွဲပြီးထွက်လာ ပါတယ် စိုးပိုင်ဇော်က ဒုတ်နဲ့ အောင်သူဟိန်းက ဓါးမြောင်နဲ့ပါ အဲလိုနဲ့ဖြစ်ကြရင်းနဲ အရာရှိက ပစ်မိန့်ပေးတော့ ရဲဘော်က ပထမတော့မိုးပေါ်ထောင်ပစ်ပါသေးတယ်နောက်ကျတော့ တည့်တည့်ပစ်တဲ့ဆီရောက်သွားပါတယ် အောင်သူဟိန်းက ဘယ်ရင်အုံနှစ်ချက် ဗိုက်နှစ်ချက်ထိပါတယ် စိုးပိုင်ဇော်က ဘယ်ရင်အုံနှစ်ချက် လည်ပင်းတချက်ထိပါတယ် ဖြစ်ပုံအမှန်ပါ သတင်းဆိုတာပြောသူက သာ သူ့ဘက်ပါအောင်ပြောလေ့ရှိပါတယ်
လူငယ်ဆိုတဲ့သူက သိနေတယ်..အဖြစ်မှန်ပြောတယ်ဆို
ကြပါစို့..မေးချင်တာလေးတွေမေးပါရစေ..
- အလွန်ဆိုးသွမ်းတဲ့လူငယ်တွေပါဆိုတာ ဘယ်သူပြော
တာတုန်း..ရဝတ ကလား..ကြံ့ဖွတ်ကလား.?
ဒါမှမဟုတ် ဆိုးနေမှတော့
စွမ်းအားရှင်လို့သာပြောလိုက်ပါတော့..
ဆိုင်ကယ်ချင်းတိုက်မလိုလိုဖြစ်သွားတာနဲ့ချက်ချင်းဆင်း
ရိုက်တယ်ဆိုတာ တော့ ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်
နိုင်ပါတယ်..
မဟုတ်မှလွဲရော..စစ်ဗိုလ်၂ကောင်ကလဲ..ငါတို့က စစ်တပ်ဗိုလ်ကွဆိုပြီးရမ်းလို့ အစကတည်းကအမြင်ကပ်
တာနဲ့ ဝိုင်းဆော်လိုက်တယ်လို့ထင်တာပဲ..
တကယ်တော့
ပြည်သူက စစ်တပ်ကိုမုန်းနေတာကြာလှပေါ့..
- ဖြစ်သင့်တာက စစ်ဗိုလ်က ရဲကိုတိုင် တရားဥပဒေ
အတိုင်းလုပ်ရမှာ..(ပုံကြည့်ရတာ ကိုယ့်ဥပဒေတောင်
ကိုယ်မယုံတော့ပုံပဲ)
ကျားကျားချင်း လက်သီးချင်းယှဉ်ပါတော့လား
တုတ်တုတ်ချင်းယှဉ်ပါတော့လား..
အမှန်က ဘာမှပြန်လာစရာမလို..
ရဲနဲ့ဥပဒေနဲ့ရှင်းရင်ပြီးမဲ့ကိစ္စကို
တပ်ပြန်ပြီး ရဲဘော်တွေခေါ်..သေနတ်ကြီးမောင်းတင်
ပြီး ပြန်လာ..ကြိမ်းဝါးလုပ်..ဒါးကိုင်ထားလို့ပစ်ရပါတယ်
ဆိုတာကတော့ သတ္တိမရှိ တရားလက်လွတ်လုပ်တာ
လက်နက်အားကိုးအနိုင်ကျင့်တာ..
ဒါ လူသတ်မှု့ပါ..
ကြံစည်လူသတ်မှု့ပါ..ရိုးရိုးလူသတ်မှု့ထက်ကြီးပါတယ်
တပ်ပြန်..လူစု..ရဲဘော်ခေါ်..သေသေချာချာကြံစည်
ပြီးမှ သတ်တဲ့ နှစ်လောင်းပြိုင်လူသတ်မှု့ပါ..
ခါတော်မီ ဘလောက် အသစ်နဲ လူငယ်ဆိုသူဘယ်ကပေါ်လာသလဲ။ ခုမှ စစ်ဓါးပြတပ် ဝါဒဖြန့်ချီရေးဌာနမှာ သုံးလေးရက်အချိန်ယူ စဉ်းစားပြီးရေးထားတဲ့ ဇတ်လမ်းကို လာပြောနေတယ်။ အလီဘိုင် သက်သေ ဓါးမြောင်တွေ ဒုတ်တွေတောင် စုလိုဆောင်းလို့ ရသေးပုံမပေါ်ဘူး ဒီလိမ်ဆင် ကသိတ်နောက်ကျနေပြီး။ မျက်မြင်သက်သေတွေက ဘယ်ကစဖြစ်တယ် ဘယ်လိုပစ်ခိုင်းတယ် ဘယ်သူပစ်တယ် ဘယ်ကပစ်တယ် ဘယ်လိုပစ်လို့ ဘယ်သူကို ဘယ်နှစ်ချက်မှန်တယ် သူတို့က ဘယ်မှာရှိနေလို့ ဘယ်လိုမြင်တာအစ သေသေချာချာ ပြောထားတာ။ မင်းတိုခြိမ်းခြောက်လို နောက် ထပ်မပြောရင်တောင် ပြောပြီးသာသက်သေတွေနဲ့ သေဒဏ်ပေးလိုရနေပြီ။
Post a Comment