ရှေ့ဆောင်းပါး “ငါးငသလောက်ပမာ ကြောက်စရာအရိုးများနဲ့ အိုဘယ့်မီဒီယာ” ရဲ့ အဆက်လို့ဆိုတော့ သတင်းလိုရေးမယ်ဆိုရင် ငါးရိုးတချောင်း စူးမျက်ခြင်းလို့ ခေါင်းစဉ်တပ်ရ မယ်ထင်တယ်။
ကျွန်တော့်ရဲ့ မီဒီယာတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်ရေးဆောင်းပါးကို တုံ့ပြန်မှု အများအပြားရရှိခဲ့ပါတယ်။ အဲဒီထဲမှာ သတင်းသမားတချို့လည်း ပါဝင်ပါတယ်။ တချို့ကတော့ သူတို့သတင်းဌာနတွေအတွင်းက အထက်အောက်ပညာပြဗိုလ်ကျမှု၊ မတရားမှုနဲ့ စာရိတ္တပိုင်းဆိုင်ရာ ဖောက်ပြားမှုတချို့ကိုပါ ဖွင့်ဟလာကြပါတယ်။
သတင်းသမားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကျနော့်မိတ်ဆွေ ဦးမောင်မောင်မြင့်ကတော့ စာရှည်ရေးပြီး တုံ့ပြန်လာပါတယ်။ သူ့စာရဲ့ အချုပ်ကတော့ ကျနော့်ဆောင်းပါးကို ငြင်းချက်ထုတ်ထားတာပါပဲ။ ကျနော့်အမြင်မှာတော့ သူ့စာပါအချက်တွေဟာ အကျကောက်ဝေဖန်ရေးလို့ပဲ မြင်ပါတယ်။ တုံ့ပြန်စရာမလိုဘူးလို့ ဆုံးဖြတ်ပါတယ်။ ကိုမောင်မောင်မြင့်ကိုလဲ ဒီလိုပဲ စာရေးအကြောင်း ပြန်ခဲ့ပါတယ်။ ဒီကိစ္စ ပြီးပြီလို့ပဲ စိတ်မှတ်ထားလိုက်ပါတယ်။
သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်ပြောစရာအကြောင်းက ပေါ်လာပြန်တယ်။ အကြောင်းကတော့ RFA ရဲ့ (၂၅၊ ၈၊ ၂၀၁၀) ရက် (၁၉:၀၀) နာရီ ထုတ်လွှင့်ချက်မှာ ကိုမောင်မောင်မြင့်နဲ့ တစ်ကိုယ်တော်အင်တာဗျူးပြီး ကျနော့်ဆောင်းပါးပါ အချက်အလက်တွေကို အမည်မဖေါ်ပြပဲ ထုချေသွားပါတယ်။ တကိုယ်တော်ဗျူးပြီး တဖက်သတ် ပြောသွားတာက ပြဿနာ မဟုတ်ပါ။ သို့သော် ထုတ်လွှင့်မှုတွေထဲက အချက်တချို့ကတော့ တုံ့ပြန်ချေလှယ်ဖို့ လိုအပ်လာ ပါတယ်။ အင်တာဗျူးပါ အဓိကချေလှယ်ဆွေးနွေးချင်တဲ့ အချက် သုံးချက်ကတော့ (၁) မီဒီယာကို တပါတီလက်ကိုင်တုတ်ဖြစ်ဖို့ ပြောတယ်ဆိုတဲ့အချက်နဲ့ ကြားနေမယ်ဆိုတဲ့အချက်။ (၂) ဝါဒဖြန့်ချီရေး ဝေါဟာရနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သဘောထားအမြင်နဲ့ တင်ပြချက်။ (၃) ဖောက်ပြန်မှားယွင်းမှုကို ချီးမွှမ်းသွားတဲ့ အချက်တွေဖြစ်ပါတယ်။
ကိုမောင်မောင်မြင့် အင်တာဗျူး ပထမပိုင်းမှာ မေးတဲ့သူက ပြည်ပဒီမိုကရေစီလှုပ်ရှားသူတွေက သူတို့ရဲ့လှုပ်ရှားမှု၊ သူတို့ရဲ့အသံကို မီဒီယာတွေက ထုတ်လွှင့်မှု နည်းပါးလာတယ်လို့ စွပ်စွဲနေတယ်။ အဲဒါ ဘယ်လိုလဲလို့ ပင့်ထောင်မေးခွန်းထုတ်လိုက်ပါတယ်။ ဒီတော့မှ ဖြေကြားသူက ပြည်ပလှုပ်ရှားသူ တွေက မီဒီယာတွေကို “ သူတို့ရဲ့ အာဘော်တခုအနေနဲ့ ရပ်တည်စေချင်ပါတယ်။” လို့ ပြောသွား ပါတယ်။ “ဒီလို ပါတီတခုရဲ့ လက်ကိုင်တုတ်အနေနဲ့ မဖြစ်နိုင်ဘူး” လို့ ဆက်ပြောသွားပါတယ်။ ဒါဟာ ကျနော့်ဆောင်းပါးပါ အချက်အလက်တွေနဲ့ကော ရည်ရွယ်ချက်နဲ့ပါ လုံးဝကွဲလွဲပါတယ်။ တလွဲအဓိပ္ပါယ် ကောက်ပြီး တဖက်သတ် ထုချေထားတာဖြစ်ပါတယ်။ လူအများအကြား ဖြစ်ပေါ်နေတဲ့ မီဒီယာတွေ အပေါ် မေးခွန်းထုတ်စရာအမြင်တွေကို လမ်းလွှဲဖို့ ကြိုးစားတဲ့ မေးဖြေတွေပဲ ဖြစ်ပါတယ်။
ကျနော့်ဆောင်းပါးအချုပ်က သတင်းမီဒီယာသမားတွေအနေနဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကာလကလို အဖိနှိပ်ခံ လူထုဖက်က ရပ်တည်ဖို့ တိုက်တွန်းထားတာသာ ဖြစ်ပါတယ်။ ကျနော့် ဆောင်းပါးအဆုံးမှာ ဒါကို အတိအလင်းရေးထားပါတယ်။ ပါတီတခုရဲ့ လက်ကိုင်တုတ်ဖြစ်ရမယ်လို့ အဓိပ္ပါယ်သက်ရောက်စေတဲ့အချက် တစိုးတစိမပါဘူးလို့ အာမခံနိုင်ပါတယ်။ ဒီကြားကမှ ဒီလိုအဓိပ္ပါယ် မျိုးလို့ အနက်ဖွင့် မေးဖြေသွားကြတဲ့ သတင်းသမားနှစ်ဦးရဲ့ အတွေးအမြင်နဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းပါတယ်။ ကိုမောင်မောင်မြင့်စာပါ ကျနော့်ရဲ့ ပြောရေးဆိုခွင့်အတွက် အသက်ပေး ကာကွယ်မယ်ဆိုတာ ဘယ်လိုဖြစ်သွားရတာလဲ။
ကြားနေချင်ပါတယ်လို့ ဆိုနေကြတဲ့ သတင်းသမားတချို့ကို မေးခွန်းတခု တင်ချင်ပါတယ်။ လူနဲ့လူချင်းကြားက ပြဿနာ၊ အမှားအမှန် ဆုံးဖြတ်ရွေးချယ်ရမယ့် ပဋိပက္ခတွေမှာ သတင်းသမား တွေဟာ ဘယ်လောက်များ ကြားကျအောင် နေနိုင်ပါသလဲ။ ဘယ်လို ကြားကျအောင် နေကြမလဲ။ ဘယ်လို သီလ၊ သမာဓိတွေနဲ့ ကြားကျအောင် ရွေးချယ်မလဲ။
လူဆိုတာ သူ့ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အချက်အလက်တွေကို မြင်ကြားသိမှတ်ပြီး နှစ်သက်ခြင်း မနှစ်သက်ခြင်း၊ မှန်ခြင်း မှားခြင်း၊ ကောင်းခြင်း မကောင်းခြင်းကို ဝေဖန်ခွဲခြားသတ်မှတ်ပြီး သင့်တော်သလို သူ့စိတ်ခြေခံအတိုင်း တုံ့ပြန်တတ်တဲ့ သတ္တဝါဖြစ်ပါတယ်။ သူရဲ့ ဆုံးဖြတ်သတ်မှတ်ပြီး တုံ့ပြန်ချက်တွေရဲ့ အမှားအမှန်နဲ့ ဘက်ရွေးချယ်မှုဟာ သူ့ရဲ့ ပညာ၊ သီလ၊ သမာဓိနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ကိုယ့်ဆန္ဒကို ထိန်းချုပ်ပြီး အမှားအမှန်၊ အဆိုးအကောင်း ခွဲခြားသတ်မှတ်မှုကို ရှောင်ကျဉ်ခြင်း (သို့) ကြားနေခြင်းဆိုတာ ဥပေက္ခာတရားကို လက်ကိုင်ပြုခြင်း လို့ယူကောက်နိုင်ပါတယ်။ ကျနော်သိသလောက် ဗုဒ္ဓတရားအလိုအရတော့ ဥပေက္ခာတရားကို လက်ကိုင်ပြုနိုင်တယ်ဆိုတာ ဘုရား ရဟန္တာများရဲ့အရာ၊ သီလ၊ သမာဓိနဲ့ ပညာအားကြီး သူတွေရဲ့အရာလို့ ဆိုပါတယ်။ ဒီနေ့ သတင်းမီဒီယာသမားများဟာ သာမန်ပုထုဇဉ် လူသားတွေသာ ဖြစ်ပါတယ်။ ကလျာဏဖြစ်သလား၊ အန္ဓဖြစ်သလား ခွဲချင်ရင် ဆက်ခွဲကြည့် နိုင်ပါတယ်။ ပုထုဇဉ်သာဖြစ်တဲ့ သတင်းသမားတွေလည်း သူလိုကိုယ်လို ပတ်ဝန်းကျင်က အဖြစ်အပျက်တွေအပေါ် အကောင်းအဆိုး၊ အမှန်အမှား၊ ကြိုက်ခြင်း မကြိုက်ခြင်းစတဲ့ ခွဲခြားတုံ့ပြန်ခြင်း ဆန္ဒစွဲတွေနဲ့ မလွတ်ကင်းနိုင်ပါဘူး။
သတင်းသမားတွေ ဆန္ဒစွဲနဲ့ မကင်းနိုင်တာကို သာဓကပြပါဦးမယ်။ ကျနော်တို့ ABSL အနေနဲ့ ဗမာပြည် ဒီမိုကရေစီထွန်းကားရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေကို တတ်စွမ်းသလောက်နဲ့ လုပ်ခဲ့ကြတယ်၊ လုပ်နေကြတယ်။ ပြည်ပသတင်းမီဒီယာတွေမှာ ပါတဲ့အခါ ပါတယ်၊ မပါတဲ့အခါ မပါဘူး။ တခါတလေ ပါပြန်ရင်လည်း ပုံပျက်ပန်းပျက်နဲ့ ပါလာတတ်တယ်။ အခု RFA သတင်းထောက်ဖြစ်နေတဲ့ ကိုညိုဆိုရင် ကျနော်တို့ လှုပ်ရှားမှုတခုပြီးတိုင်း သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ဒါမတရားဘူး၊ ဒါဘက်လိုက်တာ၊ ဒါစော်ကားတာ စသည်ဖြင့် ခံစားဒေါသပေါက်ကွဲတာ မကြာခဏပဲ။ ကျနော်ကိုယ်တိုင်လည်း ခံပြင်းပေမဲ့ သူ့ကို ဒါတွေကို ဂရုမစိုက်ဖို့၊ ကျနော်တို့ လှုပ်ရှားဆောင်ရွက်တဲ့ အဓိက ရည်ရွယ်ချက်က ကျနော်တို့ရဲ့ ဆန္ဒဖေါ်ထုတ်ဖို့ဖြစ်တယ်။ အိန္ဒိယနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကြားမှာ ကျနော်တို့ တိုင်းပြည်အခြေအနေကို သိအောင် ဖော်ထုတ်ဖို့ဖြစ်တယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြခံရတာဟာ အစွန်းထွက် အကျိုးရလာဒ်သာဖြစ်တယ်လို့ ဖျောင်းဖျ ခဲ့ပါတယ်။
စိတ်ထိခိုက် နာကျင်ခံစားရလွန်းလို့ မမေ့နိုင်တဲ့ သတင်းသမားရဲ့ ဆန္ဒစွဲနဲ့ ကျနော်တို့အပေါ် ပြုခဲ့တဲ့ စော်ကားမှုတခုကို ရင်ဖွင့်ချင်ပါသေးတယ်။ ၂၀၀၇ သံဃာ့အရေးခင်းအပြီးမှာ ABSL က ဗုဒ္ဓဂါယာမှာ တပတ်ကြာ ထိုင်သပိတ်လုပ်ခဲ့ပါတယ်။ အိန္ဒိယ၊ ယိုးဒယား၊ သီရိလင်္ကာ၊ တိဗက်၊ ဂျပန်၊ ကိုးရီးယား၊ ကမ္ဘောဒီယားနဲ့ ဘင်္ဂလားဒေ့ရှ်က ဘုန်းကြီးတွေ ပါဝင်ခဲ့ကြပါတယ်။ တချို့ရက်တွေမှာ ငါးဆယ်လောက်၊ တချို့ရက်တွေမှာ တစ်ရာလောက် ပါဝင်ခဲ့ကြတယ်။ အဲဒီသတင်းကို အိန္ဒိယမှာ ဌာနခွဲရော၊ သတင်းထောက်တွေရော ရှိနေတဲ့ DVB က “ ဗုဒ္ဓဂါယာမှာ လူသုံးဆယ်ခန့် လူတစုက ထိုင်သပိတ်လုပ်နေတယ်” လို့ လုပ်ချသွားပါတယ်။ အဲဒီ့သတင်းပိုဒ်ကလေးကို ဖတ်ပြီး ကျနော့်ခေါင်းထဲ ဖျတ်ကနဲ ဝင်လာတာကတော့ မဆလက ကျနော့်တို့ကို အပုပ်ချခဲ့တဲ့ စကားလုံးတခုပါ။ ရှစ်လေးလုံးမတိုင်ခင် ကျနော်တို့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပွဲ၊ တရားပွဲတွေကို လုပ်ကြတယ်။ မဆလရေဒီယိုကနေ ကျနော်တို့ကို ကျောင်းသားဆိုးတစုက အလှူခံပုံးတွေ ဖောက်တယ်လို့ လိမ်ညာအပုပ်ချခဲ့တယ်။ အသုံးအနှုန်းက DVB နဲ့ မဆလ ရေဒီယိုနဲ့ ကွက်တိအံကျ တူနေတယ်။
လူတစုလို့ သုံးနှုန်းတယ်ဆိုတာ ချိုးနှိမ်လိုတဲ့ ကဲ့ရဲ့လိုတဲ့ သဘောဆောင်တယ်ဆိုတာ သတင်းသမား တွေ မသိလေရော့သလား။ စိတ်ထဲမှာ အတော်ထိခိုက်မိပြီး လုပ်ရဲလိုက်ကြတာ၊ လုပ်ရက်လိုက် ကြတာလို့ပဲ အောက်မေ့ပါတယ်။ ကျနော်တို့ ဘာပြဿနာမှ မလုပ်ခဲ့ပါ။ အဲဒီသတင်းဌာနရဲ့ မူဝါဒသဘောထား မဟုတ်ဘူးလို့ပဲ မှတ်ယူခဲ့ပါတယ်။ ကာယကံရှင် သတင်းသမားရဲ့ ဆန္ဒစွဲ အမှားလို့ပဲ ဖြေသိမ့်ခဲ့ပါတယ်။
ကျနော့်တဦးချင်းအမြင်ပြောရရင် ဘက်လိုက်မှုကင်းတဲ့ သတင်းမီဒီယာဌာနရယ်လို့ မရှိပါ။ ဒီနေ့ ကမ္ဘာ့သတင်းလောကကြီးရဲ့ ဦးဆောင်ဌာနတွေဖြစ်တဲ့ BBC၊ CNN၊ AP၊ AFP စတဲ့ ဌာနကြီးတွေက ပြောနေတဲ့ ဘက်လိုက်မှု ကင်းရှင်းရမယ်ဆိုတာဟာ စကားအရာ (Rhetoric) သာဖြစ်ပါတယ်။ ဘက်လိုက်တယ်၊ မလိုက်ဘူး၊ ဘယ်ဘက်လိုက်မယ်ဆိုတာဟာ ပြဿနာ အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ သူတို့အကျိုးစီးပွား အတိမ်အနက်ပေါ်မှာ မူတည်ပြီး ပြောင်းလဲ တတ်ပါတယ်။ ကွဲပြားတတ်ပါတယ်။ အီရတ်ပြဿနာနဲ့ ပတ်သက်ပြီး ကမ္ဘာ့သတင်းဌာနကြီးတွေ ဘက်လိုက်ခဲ့ကြတယ်။ အမေရိကန်တွေ အီရတ်ကိုသိမ်းပြီး စစ်တိုက်ရတဲ့ သူတို့အကြောင်းပြချက် ဖြစ်တဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကြီးများ ရှိတယ်ဆိုတာ သက်သေရှာမရတဲ့အခါ သတင်းဌာနကြီးတွေ ဘက်လိုက်ခဲ့တာ “ဗူး” ပေါ်သလို ပေါ်သွားခဲ့တယ်။ တချို့ BBC ဝန်ထမ်းတွေ နှုတ်ထွက်သွားခဲ့ကြတယ်။
ဒါရိုက်တာကိုယ်တိုင်ကလည်း ဘက်လိုက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အယ်ဂျာဇီးဒါး (Aljazeera) သတင်းဌာန ပေါ်ပေါက်လာတာ၊ ကမ္ဘာ့သတင်းမီဒီယာလောကမှာ အလျင်အမြန် နေရာရလာတာဟာ အရှေ့အလယ်ပိုင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး အထက်က သတင်းဌာနကြီးတွေရဲ့ ဘက်လိုက်မှု အကျိုးရလာဒ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ သတင်းသမား ဆိုတာလည်း ခံစားချက်နဲ့ မကင်းနိုင်ပါဘူး၊ ဆန္ဒစွဲနဲ့ မကင်းနိုင်ပါဘူး။ ဘက်လိုက်မှုကင်းအောင် နေလို့မရနိုင်ပါ။ ဆန္ဒစွဲတွေ၊ ဘက်လိုက်မှုတွေနဲ့ မကင်းနိုင်သည့်အတူ ဘက်လိုက်ရင်တောင် အမှန်တရားဖက်က လိုက်ကြဖို့ အဖိနှိပ်ခံ လူများစုဘက်က လိုက်ကြဘို့ လိုပါတယ်။
ဒုတိယ ချေလည်ဆွေးနွေးချင်တဲ့ အင်တာဗျူးပါ ဒါဝဖြန့်ချီရေးနဲ့ ပတ်သက်တဲ့ အမြင်ဖြစ် ပါတယ်။ သတင်းသမားသမဂ္ဂ ဥက္ကဋ္ဌကိုယ်တိုင်က ဝါဒဖြန့်ချီရေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အဓိပ္ပါယ်လို့ ထင်မြင်ယူဆနေတာဟာ အတော်စိတ်မကောင်းစရာပါ။ Not for Nothing ဘာအတွက်မှ မဟုတ်ရင် ဘာမှမဟုတ်ဘူးတဲ့။ ယဉ်ကျေးမှုခေတ် လူတွေမှာ ရည်ရွယ်ချက်မဲ့ စုဖွဲ့လှုပ်ရှားမှုဆိုတာ မရှိပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ကူးသန်းရောင်းဝယ်ရေးတွေ၊ သတင်းမီဒီယာတွေ၊ စာနယ်ဇင်းတွေ လုပ်ကြတယ်။ ရည်ရွယ်ချက်ကိုယ်စီနဲ့ လုပ်ကြတာပါ။ အခြေခံမူဝါဒတွေလည်း ကိုယ်စီရှိတတ်ပါတယ်။ အဲဒီလို ဦးတည်ချက်တွေ ပေါက်မြောက်ဖို့အတွက် အဲဒီအခြေခံမူတွေ အတွေးအမြင်ဝါဒတွေ လူအများ ကြားမှာ ပြန့်ပွားဖို့ လိုအပ်ပါတယ်။ ဒီလိုပြန့်ပွားဖို့အတွက် လူထုဆက်သွယ်ရေးယန္တရားတွေဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သတင်း၊ စာနယ်ဇင်းများကို အသုံးချဆောင်ရွက်ကြတယ်။ ဒါလူမှုရေးလောကထဲက ဝါဒဖြန့်ချီရေးဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ သတင်းကောင်း (Gospel) တို့ ဧဝံဂေလိ (Evangel) တို့ဆိုတာ ခရစ်တော်ရဲ့ လူလူချင်းမေတ္တာထားရေး တရားတွေပြန့်ပွားဖို့ ဝါဒဖြန့်ချီတာဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ကလည်း သူ့ရဲ့ပထမဆုံးရဟန်းတွေကစလို့ သံဃာတော်တွေကို သစ္စာလေးပါးတရားပြန့်ပွားဖို့ တလမ်းကို တပါးစီသာ ကြွချီဟောကြားဖြန့်ချီဖို့ ညွန်ကြားခဲ့ပါတယ်။ ဒါတွေဟာ ဘာသာရေးထဲက ဝါဒဖြန့်ချီရေးပဲဖြစ်ပါတယ်။
ဒါကြောင့် ဝါဒဖြန့်ချီရေးဆိုတဲ့ ဝေါဟာရဟာ ဖက်ဆစ်အာဏာရှင်တွေ သုံးစွဲခဲ့လို့ ဆိုရှယ်လစ်ဆိုတဲ့ ဝေါဟာရလို လူထုအကြား ရေပန်းမစားတော့ပေမယ့် အနှစ်သာရအားဖြင့် ကောင်းတဲ့သဘောဖြစ်ပါတယ်။ အလိမ်အညာများနဲ့ မကောင်းတဲ့ ဒုစရိုက်ကိုသာ ပြန့်ပွားစေရင် အကုသိုလ်မကောင်းမှုဖြစ်သလို ကောင်းတဲ့ သုစရိုက်တရား သမ္မာတရားတွေကို ဖြောင့်မတ်မှန်ကန် ဟောပြောပို့ချ ပြန့်ပွားစေမယ်ဆိုရင် ကုသိုလ်ဖြစ်တဲ့ ကောင်းတဲ့ ဝါဒဖြန့်ချီရေးပဲ ဖြစ်ပါတယ်။
နေ့စဉ် ရိုက်နှက်ခံနေရတဲ့ မောင်ဖြူ့အကြောင်းကို ဒီနေ့မောင်ဖြူရိုက်ခံရတယ်။ ဘယ်သူက ရိုက်တယ်၊ ဘယ်နှစ်ချက်ရိုက်တယ်၊ တုတ်ကကြီးတယ် သေးတယ်ဆိုတဲ့ အချက်အလက်လောက် ပေးရုံနဲ့ သတင်းသမားရဲ့ တာဝန်ကုန်ပြီလို့ မဆိုနိုင်ပါဘူး။ ဒီလောက်ကတော့ ပွဲရုံ၊ တာလီစာရေး အဆင့်ပဲ ရှိပါတယ်။ အရိုက်ခံရတဲ့ အကြောင်းအရင်းတွေ အရိုက်ခံရတဲ့ ဘေးက လွတ်ကြောင်း နည်းနာတွေ၊ သင်္ခန်းစာတွေပါ လူထုအကြား ပြန့်ပွားစေနိုင်မှ သတင်းသမားတာဝန် ပြည့်စုံပါတယ်။ ဒါကြောင့် သတင်းစာနယ်ဇင်းသမားတွေမှာ ဝါဒဖြန့်ချီရေး တာဝန်လည်း ရှိပါတယ်။ ဒါကြောင့်လည်း စာနယ်ဇင်းသတင်းသမားတွေ လူထုအကျိုးပြု စာပေသမားတွေကို ကိုယ့်ဦးစွန်းဖုတ်ကို မီးရှို့ပြီး လောကကို အလင်းရောင်ပေးနေတဲ့ ဖယောင်းတိုင်လို လူစားတွေလို့ ထောပနာပြုကြတယ်။ သတင်းစာနယ်ဇင်းသမားတွေ ရွေးချယ်ရမှာက ဘယ်သူတွေကို ကိုယ်စားပြုမလဲ၊ ဘယ်တရားကို ကိုယ်စားပြုမလဲ ဆိုတာပဲဖြစ်ပါတယ်။ ဒီနေ့ မျိုးချစ် စာနယ်ဇင်းသမားတွေရဲ့ တာဝန်ကတော့ အမျိုးသားလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီထွန်းကားရေး အသိပညာတွေ ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။
တတိယအချက် ဆွေးနွေးချင်တာက DVB ရဲ့ ဖောက်ပြန်မှားယွင်းမှုကို အားပေးထောက်ခံ သွားခြင်းဖြစ်ပါတယ်။ ကိုမောင်မောင်မြင့်က DVB ရဲ့ သတင်းထုတ်လွှင့်မှုတွေ တိုးတက်လာတာဟာ NCGUB ကနေ ခွဲထွက်ပြီး သီးခြား လွတ်လပ်စွာ ရပ်တည်လာလို့ဖြစ်တယ်လို့ ဆိုသွားပါတယ်။ ဒါဟာ မှားယွင်းတဲ့ ကောက်ချက်ဖြစ်သလို ဖောက်ပြန်မှားယွင်းမှုကို အားပေးအားမြှောက်ဖြစ်စေတဲ့ စကား ဖြစ်ပါတယ်။ DVB ရဲ့ ထုတ်လွှင့်မူတွေ အဆင့်အတန်း တိုးတက်လာတာဟာ ပြည်တွင်းနဲ့ နယ်ခြား သတင်းသမားတွေ (တကယ်တော့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေပါ) ရဲ့ ဘဝနဲ့ရင်းပြီး စွန့်စားဆောင်ရွက်မှုတွေနဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံမြင့်မားလာတာကြောင့်ပဲ ဖြစ်ပါတယ်။ NCGUB ရဲ့ ဝါဒဖြန့်ချီရေး အသံလွှင့်ဌာန အဖြစ်ကနေ သစ္စာဖောက်ထွက်ပြီး သီးခြားလွတ်လပ်စွာ ဆောင်ရွက်လာလို့ မဟုတ်ပါဘူး။ လူထုက ဒီမိုကရက်တစ်အသံဆိုပြီး ယုံကြည်ထောက်ခံ အားပေး ပြီးသားဖြစ်ပါတယ်။ NCGUB ကလည်း ဘာလုပ်ရမယ်၊ ဘာတွေလွှင့်လို့ နေ့စဉ်ညွှန်ကြား စွက်ဖက်နေတယ်လို့ မကြားမိပါဘူး။ လုပ်ငန်းဆောင်ရွက်နေတဲ့ ပုံစံက ထူးထူးခြားခြားပြောင်းလဲတာ မတွေ့မိပါ။ သတင်းသမား သမဂ္ဂဥက္ကဋ္ဌတယောက်အနေနဲ့ ဒီလိုဖောက်ပြန်မှားယွင်းမှုကို အားပေး အားမြှောက်ဖြစ်စေတဲ့ စကားမျိုးကို မပြောသင့်ပါ။ သစ္စာမတည်တဲ့ အိမ်ထောင်ရှင်တယောက်ရဲ့ ဖောက်ပြားမှုကို စွန်တယ်၊ စွမ်းတယ်လို့ ချီးမွမ်းသလိုပါပဲ။
ကျနော် ငွေတပြားတချပ်မရဘဲ ဒီနေ့ခေတ်အခြေအနေအရ လူမုန်းများ ရန်သူမွေးတဲ့ ဝေဖန်ရေးဆောင်းပါးတွေ ရေးနေတာဟာ မျှော်လင့်ချက် နှစ်ခုနဲ့ ဖြစ်ပါတယ်။ တခုက ကျနော်တို့ တော်လှန်ရေးအတွင်း ပြုပြင်ပြောင်းလဲရေးနဲ့ တခုက နောင်မျိုးဆက်တွေအတွက် သင်္ခန်းစာ ရရှိစေရေး ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရုပ်သဘောအရ ခိုင်မာသလိုရှိပေမဲ့ စိတ်ဓာတ်ရေးရာအရ (နိုင်ငံရေးအရ) မခိုင်မာဘူးလို့ မြင်ပါတယ်။ သူတို့မှာ ကြောက်စိတ်နဲ့ လက်နက်ကလွဲလို့ ဘာမှမရှိပါဘူး။ နိုင်ငံရေးသမားအမြောက်အများကို ဖမ်းဆီးထားရတာက သာဓကဆောင်ပါတယ်။ ဒီလိုမခိုင်တဲ့ စစ်အုပ်စုကို အနှစ် (၂၀) ကျော်အထိ ကျနော်တို့ အနိုင်မယူနိုင်တာဟာ ကျနော်တို့ရဲ့ ညံ့ဖျင်းချက်ကြောင့်ဖြစ်ပါတယ်။ စုစည်းမှု အားနည်းလို့ဖြစ်ပါတယ်။ စုစည်းမှု အားနည်းစေတာ ဟာလည်း ရော့ရဲတဲ့ ဦးဆောင်မှု ဘုံလုပ်ငန်းစဉ် ကင်းမဲ့မှုတို့ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ လက်ရှိ ဦးဆောင်မှု ပုံစံနဲ့ လုပ်ဟန်တွေနဲ့တော့ အောင်ပွဲနဲ့ ကင်းဝေးနေဦးမှာပဲ ဖြစ်တယ်။ တော်လှန်ရေး အတွင်းက ဖောက်ပြန်မှားယွင်းမှုတွေကို အမြန်ဆုံး ရှင်းထုတ်ပြီး တိကျပြတ်သားတဲ့ ဘုံလမ်းစဉ်နဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို လိုအပ်နေပြီဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်အတွက်ကော ကျနော်တို့ အတွက်ပါ အချိန်သိပ်မရှိတော့ပါ။ စစ်အုပ်စုအောက်မှာ ကြာလေ တိုင်းပြည်အလုံးစုံ ပျက်သုဉ်း ရေးအန္တရာယ်နဲ့ နီးလေဖြစ်ပါတယ်။ စစ်အုပ်စုကတော့ သူ့ကိုယ်ကျိုးအာဏာကလွဲရင် တိုင်းပြည်နဲ့ လူမျိုး ဘာတွေဖြစ်နေနေ စိတ်မဝင်စားတော့ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လဲ သဘာဝပေးတဲ့ အသက်အရွယ်က အတော်ရင့်ရော်လာကြပြီ။ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေတောင် လေးဆယ်တမ်း ငါးဆယ်တမ်းဆိုတော့ ဗမာပြည်သက်တမ်းနဲ့ တွက်ရင် အချိန်သိပ်မကျန်တော့ပါ။ ဒီတော့ ကျနော်တို့ သက်တမ်းအတွင်း တိုက်ပွဲ ပြီးဆုံးစေလိုရင် ကျနော်တို့ အမှားတွေ အမြန်ပြင်ပြီး အမြန်စုစည်းဖို့ လိုအပ်ပါတယ်။
မိတ်ဆွေတယောက်ကတော့ ကျနော့်မျှော်မှန်းချက် ပြည့်မြောက်ဖို့ ခဲယဉ်းတယ်။ အလကားနေ လူမုန်းမခံဖို့ စေတနာနဲ့ ပြောလာပါတယ်။ ဒါပေမဲ့ ကျနော့်အတွက်တော့ ဒီမျှော်လင့်ချက် မဖြစ်ခဲ့ ရင်တောင် ကျနော့်ရဲ့ ဝေဖန်စာတွေဟာ နောင်မျိုးဆက်တွေအတွက် သင်္ခန်းစာအဖြစ် အသုံးဝင် နေလိမ့်မယ်လို့ မျှော်လင့်နေပါသေးတယ်။ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တဲ့ သောမတ်အက်ဒီဆင်က (ဆိုပါစို့) အကြိမ်တရာမြောက် စမ်းသပ်မှု မအောင်မမြင် ဖြစ်သွားပြီး သူ့ဆရာကို သတင်းပို့ပါတယ်။ သူ့ဆရာက အေးကောင်းတယ်။ တို့မဖြစ်နိုင်တဲ့ နည်းလမ်းတရာတွေ့ထားပြီဆိုတော့ ဒီနည်းလမ်း တရာကို ဖယ်လိုက်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ပိုနီးစပ်လာပြီ အားပေးပါတယ်။ ကျနော့်ဝေဖန်စာတွေက ကျနော်တို့အမှားတွေ၊ ကျနော်တို့ တွေ့ခဲ့ (လုပ်ခဲ့) တဲ့ မအောင်မြင်နိုင်တဲ့ နည်းလမ်းတွေကို နောင်မျိုးဆက်တွေအတွက် ရှောင်ရန်သင်္ခန်းစာတွေအဖြစ် အသုံးဝင်နေပါလိမ့်မယ်။ နောင်အောင်ပွဲ ခံမယ့် မျိုးဆက်သစ်တွေအတွက် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
တိုင်းပြည်ကို ဒီမိုကရေစီထူထောင်မယ်ဆိုရင် ထူထောင်မယ့်သူတွေက အရင် ဒီမိုကရက် ဖြစ်ဖို့လိုပါတယ်။ ဒီမိုကရေစီဆိုတာ မတူကွဲပြားတဲ့ အမြင်အယူဆတွေ သဟဇာတပြုပြီး အတူတကွ ရပ်တည်လှုပ်ရှားတဲ့ စနစ်ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန်စစ်ကြောခြင်းဆိုတာ မတူကွဲပြားမှုတွေ ကြားက အဓိကပေါင်းကူးဆက်သွယ်ရေးဖြစ်ပါတယ်။ ချိန်ခွင်လျှာလည်း ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန်မှုတွေကို ရင့်ကျက်မှု၊ သည်းခံမှု၊ စနစ်တကျတုံ့ပြန်မှုတွေနဲ့ လက်ခံကျင့်သုံးဖို့ လိုပါတယ်။ မှားယွင်းတဲ့ ဝေဖန်မှု သို့မဟုတ် ကွဲလွဲတဲ့ အမြင်အယူအဆတွေကို စာပါ အချက်အလက်တွေအလိုက် အကျိုးသင့်အကြောင်းသင့် မချေလှယ်ပဲ လူကိုမကျေ ချေကိုချေမယ်ဆိုတာမျိုးနဲ့ တုံ့ပြန်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ ပျက်စီးသွားတတ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေမှာ တာဝန်ယူနေသူများ၊ ပါဝင်ပတ်သက်နေသူများဟာ ဝေဖန်ရေးနဲ့ မကင်းနိုင်ပါဘူး။ ဝေဖန်ရေး ဆိုတာကလည်း အများနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေမှာ အများအကျိုးကို မျှော်ပြီး ဝေဖန်တဲ့အခါမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အမည်တပ် ဖော်ထုတ် ဝေဖန်ရတာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီအခါ ကိုယ့်အားသာချက် သို့မဟုတ် လုပ်ပိုင်ခွင့် အသုံးချပြီး စာကိုမချေ လူကိုချေမယ်ဆိုရင်တော့ အများအကျိုးလည်း ပျက်စီးသွားမှာဖြစ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ ရာထူးနေရာ လုပ်ပိုင်ခွင့် အာဏာဆိုတာ အများအကျိုးအတွက် ဆောင်ရွက်ဖို့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အပ်နှင်း ထားတာဖြစ်ပါတယ်။ ဒါကို အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာနေရူးက “ကျနော်ဟာ အိန္ဒိယရဲ့ ပထမဆုံး အစေခံ နံပါတ် (၁) ဖြစ်ပါတယ်။” လို့ သူ့ရဲ့ လွတ်လပ်ရေးမိန့်ခွန်းထဲမှာ ဖွင့်ဟဝန်ခံထားပါတယ်။ ကျနော်တို့ အသွေးအသားတွေထဲမှာ စွဲဝင်နေတဲ့ “ကိုယ်နဲ့မဆိုင်ရင် အသာငြိမ်နေ ဆိုင်လို့မနိုင်ရင် သီးခံ၊ ကိုယ့်ခွင်ထဲဝင် ပိုင်ရင် ဖြဲလိုက်မယ်” ဆိုတဲ့ မဆလ အမူအကျင့်တွေကို မချေချွတ်နိုင်သေးသရွေ့တော့ ကိုယ့်တာဝန် ကိုယ်မကျေနိုင်ဘဲ ဒီမိုကရေစီ အောင်ပွဲဆိုတာလည်း အလှမ်းဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ရခဲ့ရင်လည်း ဗိုလ်ချုပ်အောင်ဆန်း ပြောသလို **** ဒီမိုကရေစီပဲ ဖြစ်နေဦးမှာပါ။
ဒါကြောင့် တကယ်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ကျနော်တို့ကြားမှာ မှန်ကန်တဲ့ အပြန်အလှန်ဝေဖန်ရေးရှိဖို့လိုပါတယ်။ ဘုရားရှင်ကိုယ်တိုင်က ကိုယ့်အမှားကို ထောက်ပြတဲ့ သူကို မြေတွင်းထဲက ရွှေအိုးကြီးတွေကို ဖော်ပေးတဲ့သူလို ကျေးဇူးတင်လိုက်စမ်းပါလို့ ဟောကြားပြီး ဝေဖန်ရေးကို အားပေးခဲ့ပါတယ်။ ဆရာအစဉ်ဆက်တို့ကလည်း ဝေဖန်ရေးဆိုတာ အကောင်းဆုံး လမ်းပြလို့ ဆိုမိန့်ခဲ့ပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းကို တည်ဆောက်ပြီး အောင်ပွဲရယူဖို့အတွက် အပြန်အလှန် ဝေဖန်စစ်ကြောမှုကို ကျနော်တို့လက်ခံနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ မပြည့်စုံတဲ့ လူတယောက်သာဖြစ်တဲ့ ကျနော့်ရဲ့ ဝေဖန်မှုတွေမှာလည်း အလွန်အကျွံတွေ အလွဲအမှားတွေနဲ့ ကင်းစင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန်ခံရသူများကကော စာဖတ်သူများကပါ ဘယ်ဟာ၊ ဘယ်လိုမှားတယ်၊ ဘယ်ဟာ ဘာ့ကြောင့် လက်မခံနိုင်ဘူးလို့ စာကိုချေလည် ဝေဖန်တည့်မတ်ပေးကြဖို့ လိုပါတယ်။ ဒါဆို ကျနော်တို့ အဖြေမှန်ကိုရရှိပြီး စာရေးခြင်း၊ ဖတ်ခြင်း၊ ပြန်လှန်ဝေဖန်ခြင်းများကနေ တော်လှန်ရေးအတွက် တစုံတရာ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဒါကြောင့် ဝေဖန်ရေးမှာ စာကိုပဲချေ လူကိုကျေဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း သြဓိဿမေတ္တာ အနောဓိဿ မေတ္တာများနဲ့ စေတနာစကား လက်ဆောင်ပါးလိုက်ပါတယ်။
ရဲဘော်ကျော်သန်း
Kyaw_than2004@yahoo.com
1.9.2010
2 comments :
Very Good! Like it.
Very Good! Like it.
Post a Comment