Sunday, 23 January 2011

စားသုံးသူ အခွင့်အရေးအတွက် အတ္တဥခွံထဲမှ ရုန်းထွက်ပါ


-မြတ်စိုး (မဇ္ဈိမ)-
၀၁.၁၉.၂၀၁၁

(၁)

၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင်လည်း ပြည်ပသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး ကျဆင်းလာသဖြင့် အာဖရိကတိုက်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့သည့် ဆန်များ မကြာခဏ ပြန်ပို့ခံရခြင်းများ၊ မြန်မာဆန်များ တင်လာသည့် သင်္ဘောများ ကမ်းဆိုက်ခွင့် မပြုခြင်းများ ခံခဲ့ရကြောင်း ဆန်ကုန်သည် အသိုင်းအဝိုင်းထံမှ သိရသည်။

“သင်္ဘောတင်တဲ့အခါ ကွန်တိန်နာနဲ့ ပိတ်ပြီး တင်တာဖြစ်လို့ ဟိုရောက်ရင် ဆန်အရောင်အဆင်းက ပျက်တာတို့၊ အောက်စော်နံတာတို့ ဖြစ်ရတယ်။ ဒါက ဘာလို့လဲဆိုတော့ အစိုဓာတ်က သတ်မှတ်ထားတဲ့စံနှုန်း မပြည့်လို့ ဖြစ်ရတာ" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးက မြန်မာတိုင်း(မ်) ဂျာနယ်ကို ပြောဆိုခဲ့သည်။

မြန်မာပြည်က အဓိကတင်ပို့နေသော အာဖရိကလို နိုင်ငံကပင် အရည်အသွေး ထိန်းသိမ်းခြင်းကို ဦးစားပေးနေပြီး၊ ISO အသိအမှတ်ပြု စက်များဖြင့် ကြိတ်ခွဲထုတ်လုပ်ပါမှ လက်ခံမည်ဟုပင် ပြောဆိုနေပါပြီ။

ထို့အတူ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ရောင်းချခဲ့သော ပို့ကုန်များနှင့် ပတ်သက်ပြီး  ၂ဝဝ၉ ခုနှစ်တွင် ဂါနာနိုင်ငံသို့ တင်ပို့ခဲ့သည့် ဧည့်မထဆန် အိတ် ၁၅,ဝဝဝ ကို အရည်အသွေးမမီဟုဆိုကာ အဆိုပါနိုင်ငံမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က ပြန်လည်ပို့ဆောင်ရန် ညွှန်ကြားခဲ့သည်။

ဆန်ပိုး ပါရှိခြင်း၊ အနံ့အသက် မကောင်းခြင်းနှင့် အရောင်ပြောင်းနေခြင်းတို့ကြောင့်ဟု ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ဂါနာသတင်းစာတစောင်က ရေးသားဖော်ပြခဲ့ဖူးသည်။

(၂)

၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးကုသရာမှ သေဆုံးခဲ့ရသော မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်သည့် ပြည်တွင်းပြည်ပ ကျန်းမာရေး ဝန်ထမ်းများ၊ အသိပညာရှင်များနှင့် ဆေးပညာရှင်များအကြား အပြန်အလှန် ဆွေးနွေးမှုများကို အင်တာနက်စာမျက်နှာများမှာ ထူးခြားစွာ တွေ့ရှိလာခဲ့သည်။

ဤဖြစ်ရပ်သည် ဆေးပညာကျင့်ဝတ်ဟု ခေါ်သည့် ကျန်းမာရေး လုပ်ငန်းဆိုင်ရာ လူ့ကျင့်ဝတ် အလေ့အကျင့်နှင့် ပတ်သက်နေသဖြင့် ပညာရှင်များအကြား အချေအတင် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများအဖြစ် ဖြစ်လာခဲ့ရသည်။ ထို့အတူ သူတို့၏ ထင်မြင်ယူဆချက်များကို ပြည်သူများကို အသိပညာပေးနေမှုသည် မှန်ကန်သော လုပ်ရပ်တခုဖြစ်သည်ဟု ထင်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုအတွက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ကြ၍လည်း အသက် ၆ဝ ဝန်းကျင်ရှိ ခွဲစိတ်အထူးကုဆရာဝန် ဦးကြည်စိုးကို ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ၅ နှစ် ပိတ်ပင်လိုက်ရကြောင်းပါ သိရသည်။

ဤပြဿနာသည် စားသုံးသူအခွင့်အရေးကို အခြေခံသည့် ပြဿနာတရပ် ဖြစ်သောကြောင့် အဖြေရှာကြရာမှာ တရားမျှတသော တရားဥပဒေတရပ်ပေါ် အခြေခံပြီး မှန်ကန်စွာ ကျင့်သုံးရန် လိုအပ်သည်။ ယခုလို တရားဥပဒေများသည် ကျန်းမာရေးနှင့် ဆေးပညာရပ်နှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများတွင်သာမက ပြည်သူတရပ်လုံး၏ စားသုံးသူအခွင့်အရေးကိုပါ အကာအကွယ်ပေးသော ပုံစံမျိုး ဖြစ်သင့်သည်။ ယခုပြဿနာများကို အဖြေရှာရာမှာ မည်သည်က မှန်သလဲ၊ မည်ကဲ့သို့ ဖြစ်သင့်သလဲ - ဆိုသည်ကိုသာ စဉ်းစားပါ။ ဘယ်သူက မှန်သည် ဆိုခြင်းမျိုးကို အလေးမပေးဘဲ အဖြေရှာသင့်ကြောင်း မြင်မိသည်။

ဆေးပညာပိုင်းဆိုင်ရာ မှားယွင်းသော ကုသမှု အလေ့အကျင့်ဖြစ်ရပ်သည် နိုင်ငံတိုင်း ကြုံဖူးသည့် ကိစ္စရပ် ဖြစ်သည်။ အမေရိကန်ဆို ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုထောင်သောင်းများစွာ ရှိလာခဲ့သဖြင့် လွှတ်တော်အတွင်းမှာပင် အချေအတင် ဆွေးနွေးမှုများ ရှိခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိနေခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုလျှင် ကျန်းမာရေး ဝန်ထမ်းနှင့် ဆေးပညာရှင်များသည် သူတို့၏ ဆေးကုသခွင့်များ ဆုံးရှုံးမည်စိုးသဖြင့် လူနာကို မကုသမီ ခေတ်မီနည်းပညာပေါင်းစုံဖြင့် စမ်းသပ်ရန် ညွှန်ကြားမှုများ ပေးခဲ့သောကြောင့် အစိုးရကော၊ အာမခံကုမ္ပဏီများ၊ လူနာများအတွက်ပါ ကုန်ကျမှုစရိတ်များ ပိုမိုများပြားလာစေခဲ့သဖြင့် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းနှင့် ဆေးပညာရှင်များမှာလည်း သူတို့မှာ ရှိသင့်သော အခွင့်အရေးများကို ပြန်လည်စဉ်းစားပေးသင့်ကြောင်း အမေရိကန် လွှတ်တော်အမတ်များအကြား အချေအတင် ဆွေးနွေးခဲ့ပြီး ဥပဒေပြင်ဆင်မှု၊ ဖြည့်စွက်မှုနှင့် ဥပဒေသစ်များကို ရေးဆွဲထုတ်ပြန်ကြေညာခဲ့သည်။

ဤနေရာတွင် ခေတ်မီနည်းပညာနှင့် အဆင့်မီ စမ်းသပ်နိုင်သော ဆေးဘက်ဆိုင်ရာ ကိရိယာတန်ဆာပလာများ ပြည့်ဝမှုလည်း မရှိ၊ ယင်းပစ္စည်းကိရိယာများ မသုံးစွဲနိုင်၊ မတက်နိုင်သော ဆင်းရဲသည့် နိုင်ငံများ၊ တိုးတက်ဖွံ့ဖြိုးမှု မရှိသည့် နိုင်ငံများသည် ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးပညာရှင်များကို တရားမျှတစွာ မည်ကဲ့သို့ အကာအကွယ်ပေးမှုများ ပေးသင့်ပါသလဲဆိုသော မေးခွန်းထုတ်စရာ၊ စဉ်းစားမှုများ ရှိလာသည်။

ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးပညာရှင်များလည်း ပုထုဇဉ်များ ဖြစ်သောကြောင့် အမှားနှင့် ကင်းဝေးနိုင်ကြမည်တော့ မဟုတ်ပါ။

အခြားတဖက်မှာလည်း လူနာကို လက်မခံရဲခြင်း၊ ကုသမှု နှောင့်နှေးခြင်း၊ ဆရာဝန်ကောင်းများ ဆုံးရှုံးခြင်း အကျိုးဆက်များ ပြန်လည်သက်ရောက်ကြပါလိမ့်မည်။ အမှန်မှာ ယခုလိုအမှုများသည် စားသုံးသူအခွင့်အရေးကို တရားမျှတစွာ အကာအကွယ်ပေးရန် တောင်းဆိုတိုက်ပွဲဝင်သည့် ဖြစ်ရပ်များ ဖြစ်သကဲ့သို့၊ အချေအတင် အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးမှုများဖြင့်သာ အဖြေရှာသင့်သည်။

(၃)

စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သော အမှုများ၊ ဖြစ်စဉ်များသည် ကျန်းမာရေးဆိုင်ရာ နယ်ပယ်မှာသာမက မြန်မာနိုင်ငံရှိ လုပ်ငန်းပိုင်းဆိုင်ရာ အတော်များများတွင် ရှိနေပါသည်။ အခြားနိုင်ငံများမှာလည်း စားသုံးသူ အခွင့်အရေးနှင့် ပတ်သက်ပြီး ပြဿနာများ ရှိနေကြတာပဲ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ထဲတွင် တရုတ်နိုင်ငံ၌ နို့မှုန့်၊ နို့ထွက်စားသုံးကုန်များကို အဆိပ်သင့်စေသော ဓာတုဗေဒပစ္စည်းများနှင့် ရောစပ်ခဲ့မှုများ၊ အသက်အန္တရာယ် ထိခိုက်စေသော ကလေးကစားစရာ အရုပ်များ ရောင်းချခဲ့မှုများသည် အိမ်နီးချင်း မြန်မာနိုင်ငံ အပါအဝင် အခြားတင်ပို့ရောင်းချခဲ့သော နိုင်ငံများရှိ စားသုံးသူများကိုပါ ထိခိုက်နစ်နာစေခဲ့သည်။

ရုရှားနိုင်ငံ၌ ဈေးနှုန်းချိုသာပြီး အရည်အသွေးနည်းသော ဗောကာအရက်များ သောက်သုံးနေမှုများကြောင့် ရုရှား အမျိုးသားများသည် အသက် ၅ဝ ကျော်တွင် လူသေမှုနှုန်း မြင့်မားလာနေခြင်း၊ ရုရှားနိုင်ငံ၌ အရက်စွဲကပ်သူ ဦးရေ ၃ သန်းနီပါး ရှိလာသဖြင့် လုပ်ငန်းခွင်ဆိုင်ရာနှင့် လူမှုရေး ပြဿနာများ များပြားလာနေခြင်းကို ရုရှား ကျန်းမာရေးဝန်ကြီးနှင့် ရုရှားခေါင်းဆောင်များကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်း၊ အရေးယူလာခြင်း ပြုလုပ်လာရသည်။ အလားတူ ပြဿနာများသည် နိုင်ငံအများအပြား၌ ရှိနေသည်။

ပြီးခဲ့သည့် နှစ်ထဲတွင်ပင် မြန်မာ့ရိုးရာအစားအစာ လက်ဖက်တွင် ဆိုးဆေးများ သုံးစွဲခဲ့မှု၊ နိုင်ငံခြား အရက်ပုလင်းများတွင် အရည်အသွေးညံ့သော၊ လူကို ဥပါဒ်ဖြစ်စေသော ပြည်တွင်းအရက်များ ရောထည့်ကာ ရောင်းချနေမှု၊ အလေးချိန် မြင့်စေရန်အတွက် ပြည်ပတင်ပို့နေသော ငါးပါးစပ်များတွင် ခဲသီးများ ထည့်သွင်းမှု၊ ပုဇွန်များကို မဲနယ်များ သုံးပြီး အရောင်တင်မှု၊ လက်ဖက်ခြောက်များတွင် သစ်ကိုင်းခြောက်များ ရောနှောမှု၊ ကလေး ကစားစရာများ၊ လူသုံးကုန်ပစ္စည်းများတွင် အဆိပ်သင့်စေနိုင်သည့် အမှုန့်များ ရောစပ်မှု ပြဿနာများအပြင် ဆန်အိတ်များ အလေးချိန်ပြည့်ဝမှုမရှိ စသည့် ဖြစ်ရပ်များ၊ ကြပ်ပြေးနေပြည်တော် တည်ဆေက်ရေးမှာ တာဝန်ထမ်းဆောင်ခဲ့ကြသော စက်မှုအတတ်ပညာရှင် အင်ဂျင်နီယာများနှင့် ဝန်ထမ်းများ ရုတ်တရက် သေဆုံးမှု များပြားလာသည့် ဖြစ်ရပ်များ မီဒီယာများတွင် အတော်များများ ဖတ်ရှုခဲ့ရပါသည်။

ယခုလို မသမာမှုများကြောင့် မြန်မာပြည် နေရာအနှံ့အပြားတွင် စားသုံးသူများ အသက်ဆုံးရှုံးမှုများ၊ ကျန်းမာရေး ထိခိုက်မှုများနေ့တိုင်း ရင်ဆိုင်ကြုံတွေ့နေရသည်။ ဤဆုံးရှုံးနစ်နာနေမှုများကို အချို့ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများ၌ ဖော်ထုတ်အရေးယူနိုင်ခဲ့သော်လည်း လာဘ်ပေး လာဘ်ယူ အကျင့်ပျက်မှုများ ရှိနေသည့် အုပ်ချုပ်ရေးစနစ်အောက်၊ အာဏာအလွှဲသုံးစားလုပ်သော အာဏာရှင်အောက်၊ ဆင်းရဲမွဲတေသော နိုင်ငံများ၊ လူဦးရေ များပြားသော တိုင်းပြည်များ၌ စားသုံးသူများ၏ အခွင့်အရေးများကို မည်သို့မျှ အကာအကွယ် ပေးနိုင်ကြမည် မဟုတ်ပါ။

အထူးသဖြင့် မြန်မာနိုင်ငံ၌ ဆင်းရဲမွဲတေနေသကဲ့သို့၊ ”ကိုယ့်အိမ်နံဘေးတွင် မီးလောင်သော ကိစ္စသည် မိမိနှင့် မဆိုင်” ဟူ၍ အတ္တဥခွံ ကျဉ်းကျဉ်းလေးထဲတွင် နှစ်ရှည်လများ ခေါက်ရိုးကျိုးကာ နေထိုင်ခဲ့ကြသော တာဝန်မဲ့ အချို့နိုင်ငံသားများနှင့် အတ္တဒိဋ္ဌိလူသားဟု ခေါ်နိုင်လောက်သော ကိုယ်ကျိုးသက်သက်ကြည့် စီးပွားရေး လုပ်ငန်းရှင် အချို့ကမူ စားသုံးသူများ နေ့စဉ် ကြုံတွေ့ရင်ဆိုင်နေရသော ဆုံးရှုံးနစ်နာမှုများသည် ''တို့နှင့်မဆိုင်'' ဟု ပြောဆိုကောင်း ပြောဆိုကြပါလိမ့်မည်။

၎င်းတို့အနေနှင့် လူ့အဖွဲ့အစည်းအတွင်း စားသုံးသူအခွင့်အရေး တောင်းဆိုလှုပ်ရှားမှုက ပြည်သူအတွက် မည်သည့် အကျိုးဖြစ်ထွန်းမှု ဖြစ်စေမလဲဟူသော မေးခွန်းမျိုး ထုတ်စရာ ရှိပေလိမ့်မည်။ ပြည်သူအတွက် တိုက်ရိုက်အကျိုးဖြစ်စေမည်က -

(၁) ထိခိုက်ဆုံးရှုံးနစ်နာမှုများ နည်းပါးလာစေမည်။ (Reduce Risks and Improve Safety Standards)
(၂) စားသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အရည်အသွေး မြင့်မားလာစေမည်။ (Improve Quality Controls in Process and Products)
(၃) အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်ကြောင့် ပို့ကုန်ပမာဏ တိုးတက်လာစေမည်။ (Improve in Productivity and G.D.P)
(၄) အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖန်တီးပေးနိုင်သည်။ (Create Employment Opportunities and Economic Developments)
(၅) အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်ကြောင့် လူနေမှုဘဝ မြင့်မားလာစေမည်။ တနည်းအားဖြင့် လူ့ဂုဏ်သိက္ခာ မြင့်မားလာစေမည်။ (Improve Quality of Life or Life Style)

ဤသို့သော ခက်ခဲနက်နဲသည့် ရေရှည်ပြဿနာကြီးကို မှန်ကန်စွာ ဖြေရှင်းရန်အတွက်မူ ထင်သာမြင်သာရှိပြီး တရားမျှတသော တရားဥပဒေ ရှိရမည်ဖြစ်ကာ၊ မှန်ကန်သော တရားစီရင်မှုလည်း ရှိရမည် ဖြစ်သည်။ ထိုကဲ့သို့ပင် အစိုးရအဖွဲ့မဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ဦးဆောင်မှု အခန်းကဏ္ဍကလည်း အလွန်အရေးကြီးသဖြင့် သတင်းများကို ရှာဖွေဖော်ထုတ်ပြီး လူထုကို အသိပညာပေးမှုများကို လုပ်ဆောင်ပေးသင့်သည်။

စားသုံးသူ အခွင့်အရေးသည် တမျိုးသားလုံးအရေး ဖြစ်သောကြောင့် လူ့အဖွဲ့အစည်း အားလုံးက လူသားများ၏ ဂုဏ်သိက္ခာမြင့်မားစေရန် မြန်မာနိုင်ငံ အနှံ့အပြားတွင် လှုပ်ရှားမှုများ ဖော်ဆောင်သင့်သည်။ သို့သော် မိမိအခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှ ရသည်ဆိုသော စကားအတိုင်း စားသုံးသူများသည်လည်း ကိုယ့်အခွင့်အရေးများ ရရှိရန်၊ ကာကွယ်ရန်အတွက် ရဲဝံ့စွာ တိုက်ပွဲဝင်ကြရမည် ဖြစ်ကြောင်းပါ။

ကိုးကား

(၁) Health alert as Russia’s alcohol consumption triples -The Sunday Times - April 13, 2007.
(၂) ပြည်ပသို့ ဆန်မတင်ပို့မီ အရည်အသွေး သေချာစစ်ဆေးပြီးမှ တင်ပို့သင့် - မြန်မာတိုင်း(မ်) အတွဲအမှတ် (၂၃၊ အမှတ် ၄၅၂) (၅ - ၁၁၊ ၂၊ ၂ဝ၁ဝ)



No comments :