Saturday 26 February 2011

လူသူကင်းမဲ့ လာသည့် အမေရိကန် မြို့ကြီးများ

လူသူကင်းမဲ့နေတဲ့ နယူးအော်လင်းစ် New Orleans - Louisiana

-မြတ်စိုး-

၂ဝ၁ဝ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃ဝ၈ သန်းကျော်ရှိတဲ့ အမေရိကန်ဟာ ကမ္ဘာမှာ လူဦးရေ တတိယ အများဆုံး နိုင်ငံအဆင့်မှာ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံ့လူဦးရေဟာ တနှစ်ကို ၂.၅ သန်း တိုးနေပေမယ့် တချို့မြို့ကြီးတွေမှာ လူဦးရေ တိုးလာလိုက်၊ လျော့သွားလိုက် ဖြစ်ခဲ့တယ်လို့ အမေရိကန် အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးမှုဌာနက အစီရင်ခံစာကို ကိုးကားပြီး ပြီးခဲ့တဲ့လထုတ် ဝေါ်စရစ်ထ်သတင်းစာထဲမှာ ရေးသားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်မှစပြီး လူဦးရေ သိသာစွာ လျော့ကျသွားခဲ့တဲ့ အမေရိကန် မြို့ကြီး ၇ မြို့ကိုလည်း ဖော်ပြထားပါတယ်။ ဒီမြို့ကြီး ၇ မြို့ကတော့ နယူးအော်လင်းစ် New Orleans၊ ဖလင့်ထ်- မီချီကန်ပြည်နယ် Flint, Michigan၊ ကလီဗလန်း Cleveland၊ ဘားဗလိုး Buffalo, New York၊ ဒေတန် Dayton, Ohio၊ ပစ်ထ်စဘတ်ခ် Pittsburgh နဲ့ ရော်ချက်စတာ Rochester, N.Y. မြို့တွေ ဖြစ်ပါတယ်။

ဒီမြို့ကြီးတွေမှာ နေထိုင်ခဲ့တဲ့ သူတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှစပြီး အစုအပြုံလိုက် အိုးအိမ်စွန့်ခွါကာ တခြားမြို့တွေဆီ ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီလို ပြောင်းရွှေ့ရခြင်းရဲ့ အကြောင်းရင်းတွေက ဆိုးဝါးပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရခြင်း၊ စီးပွားရေး အခွင့်အလမ်းများ နည်းပါးလာခြင်းနဲ့ အလုပ်အကိုင် ရှားပါးလာခြင်းတို့ကြောင့် လူနေမှုစရိတ် မြင့်မားတဲ့ မြို့ကြီးတွေကို စွန့်ခွါခဲ့ကြတာလို့ သုံးသပ်ထားပါတယ်။

(၁)
နယူးအော်လင်းစ် New Orleans - Louisiana
လူဦးရေ - ၃၅၄, ၈၅ဝ
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၂၈, ၈၁၃ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၂၆.၆၃ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၂၁.၅ ရာခိုင်နှုန်း

နယူးအော်လင်းစ်ဟာ ၂ဝဝ၅ သြဂုတ်လမှာ တနာရီ ၁၂ဝ ကီလိုမီတာအထက် ပြင်းထန်စွာ တိုက်ခတ်ခဲ့တဲ့ ကက်တရီးနား လေမုန်တိုင်းကြောင့် မြို့တော်ရဲ့ ၈ဝ ရာခိုင်နှုန်းကျော် ရေလွှမ်းခံခဲ့ရပြီး၊ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ အမေရိကန်အစိုးရရဲ့ ခန့်မှန်းချက်အရ ဒေါ်လာ ၈ဝ ဘီလီယံကျော် ဆုံးရှုံးခဲ့ရပြီး၊ အလုပ်လက်မဲ့ ပြဿနာ၊ ရာဇဝတ်မှု တိုးပွားလာတာကြောင့် မြို့ခံလူများ ထောင်နဲ့ချီပြီး မြို့တော်ကို စွန့်ခွါခဲ့ပါတယ်။
ဖလင့်ထ် - မီချီကန်ပြည်နယ် Flint, Michigan
(၂)
ဖလင့်ထ် - မီချီကန်ပြည်နယ် Flint, Michigan
လူဦးရေ - ၁၁၁, ၄၇၅
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၃, ၂၆၆ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၁ဝ.၆၃ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၈ ရာခိုင်နှုန်း

တချိန်က ကမ္ဘာ့မော်တော်ကား မြို့တော်ကြီးလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ဖလင့်မြို့ဟာ ဂလိုဘယ်လ်လိုက်ဇေးရှင်း Globalization လို့ ခေါ်တဲ့ နယ်စည်းမခြား ကုန်သွယ်မှုရဲ့ ဆိုးကျိုးတွေကို အတော်လေး ခံစားခဲ့ရတယ်။ ၁၉၁ဝ -၁၉၃ဝ အတွင်း အမေရိကန် ကားကုမ္ပဏီတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာ ဖလင့်မြို့ကို နိုင်ငံအသီးသီး၊ ပြည်နယ်အသီးသီး လူတွေ လာရောက်အခြေချ နေထိုင်ကြဖို့ စိတ်ကူးယဉ်မှုတွေ ရှိခဲ့ကြပေမယ့်၊ ၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်လောက်မှစပြီး ကားကုမ္ပဏီတွေဟာ နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံခဲ့မှုတွေကြောင့် စက်ရုံအလုပ်ရုံ အများအပြား ပိတ်ခဲ့ကြတယ်။ မော်တော်ကားစက်ရုံတွေ ပိတ်ခဲ့ရတာကြောင့်၊ အစုအပြုံလိုက် အလုပ်လက်မဲ့ ဖြစ်ကြလို့ မြို့တော်ကို စွန့်ခွါခဲ့ပါတယ်။

ကလီးဗလန်း Cleveland
(၃)
ကလီးဗလန်း Cleveland
လူဦးရေ - ၄၃၁, ၃၆၉
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၄၅, ၂ဝ၅ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၉.၄၉ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၇.၅ ရာခိုင်နှုန်း

ကလီးဗလန်း Cleveland မြို့ဟာ အမေရိကန် အရှေ့ပိုင်းနဲ့ အနောက်အလယ်ပိုင်း ရေလမ်းကုန်းလမ်း ကုန်သွယ်မှု အချက်အခြာကျတဲ့ လမ်းမပေါ်မှာ တည်ရှိပြီး၊ စက်မှုလုပ်ငန်း၊ မော်တော်ကား လုပ်ငန်းများ၊ ရေနံ၊ မိုင်းတွင်း တူးဖော်ရေးနဲ့ သံမဏိလုပ်ငန်းတွေအပြင် ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာမြို့ဖြစ်ခဲ့လို့ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၈ ခုနှစ်မှာ လူဦးရေ ၉၁ဝ, ဝဝဝ ကျော် ရှိခဲ့ဖူးတယ်။ ၁၉၇ဝ ခုနှစ်မှာ မြို့တော်ဟာ ကြွေးမြီတင်ခဲ့ပြီး၊ ၁၉၈ဝ ဝန်းကျင်မှာ စက်မှုလုပ်ငန်းတွေ ကျဆင်းခဲ့တဲ့အပြင်၊ လေထုနဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် စက်ရုံအလုပ်ရုံတွေ ရွှေ့ပြောင်းသွားကြပြီး အလုပ်လက်မဲ့၊ ဆင်းရဲမွဲတေမှု ပြဿနာတွေကို ရင်ဆိုင်နေရလို့ မြို့ခံလူများ မြို့တော်ကို စွန့်ခွါသွားခဲ့ပါတယ်။ လက်ရှိ လူဦးရေဟာ ၁၉၄၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး လျော့ကျသွားခဲ့ပါပြီ။

ဘတ်ဖလိုး Buffalo, New York
(၄)
ဘတ်ဖလိုး Buffalo, New York
လူဦးရေ - ၂၇ဝ, ၂၄ဝ
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၂၁, ၉၇ဝ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၇.၅၂ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၇.၂ ရာခိုင်နှုန်း

ဒုတိယ ကမ္ဘာစစ်အပြီး ဘားဗလိုး Buffalo, New York မြို့ဟာ စက်မှုလုပ်ငန်းတွေ တိုးတက်လာမှုကြောင့် အမေရိကန်မြို့ကြီးတွေထဲမှာ အဆင့် ၁၃ နေရာမှာ ရှိခဲ့တယ်။ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ နိုက်ဂရာ ရေတံခွန်က ပမာဏထုထည် ကြီးမားစွာ ထုတ်လွှတ်ပေးတဲ့ ရေအားလျှပ်စစ် စွမ်းအင်ကြောင့် လျှပ်စစ်မြို့တော်၊ အလင်းရောင်မြို့တော်လို့တောင် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ နည်းပညာတိုးတက်လာမှုနဲ့အတူ တခြား မြို့တော်တွေမှာ စွမ်းအင်နည်းမျိုးစုံ ထုတ်လုပ်လာခဲ့မှုကြောင့် ရေအားလျှပ်စစ်စွမ်းအင်အပေါ် မှီခိုမှု အားနည်းလာစေခဲ့ပြီး၊ မြို့တော်မှာ စီးပွားရေး အခွင့်အလမ်း ကျဆင်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။

အီးရီး Erie ရေကန်ကြီးရဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ပျက်စီးနေတဲ့ တူးမြောင်းတွေကို ပြုပြင်မွန်းမံမှု မရှိခဲ့တာကြောင့် မြို့တော်ဟာ လာရောက်အခြေချတဲ့ သူတွေကို ဆွဲဆောင်မှု မရရှိခဲ့ပါ။ ဒီကနေ့ ဘားဗလိုး Buffalo, New York မြို့ ဟာ စက်ရုံအိုကြီးတွေ၊ အဆောက်အအုံအိုကြီးတွေ၊ အိမ်အိုကြီးတွေပဲ ကျန်ရှိတော့ပြီး ၁၉၇ဝ ခုနှစ် တနှစ်ထဲမှာပင် လူဦးရေ တသိန်းရှိ မြို့ကို စွန့်ခွါခဲ့ကြလို့ ဒီအရေအတွက်ဟာ လက်ရှိ လူဦးရေ သုံးပုံတပုံလောက် ရှိခဲ့တယ်။ အခုတော့ လျှပ်စစ်မြို့တော်ကနေ ခြောက်ကပ်နေတဲ့ မြို့ဟောင်းကြီးသဖွယ် ဖြစ်သွားခဲ့ပါပြီ။

ဒေတန် Dayton, Ohio
(၅)
ဒေတန် Dayton, Ohio
လူဦးရေ - ၁၅၃, ၈၄၃
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၁, ၉၆၁ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၇.၂၁ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၈.၉ ရာခိုင်နှုန်း

ဒေတန် Dayton, Ohio ဟာ သေးငယ်ပေမယ့် ရာစုနှစ်တဝက်ကျော် ကုန်ထုတ်လုပ်မှု၊ တီထွင်မှု စိတ်ကူးဉာဏ်ရှိမှု ကောင်းတဲ့မြို့လို့ တင်းစားသတ်မှတ်ထားကြတယ်။ အလုပ်လုပ်ကိုင်ဖို့ အကောင်းဆုံး သတ်မှတ်ခံထားရတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဌာနချုပ်တွေ တည်ရှိရာ မြို့လည်း ဖြစ်ခဲ့တယ်။ နှစ်ပေါင်းများစွာ စက်မှုလုပ်ငန်း၊ မော်တော်ကားစက်ရုံတွေအပေါ် မှီခိုခဲ့တဲ့ ဒီမြို့လေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း Globalization ရဲ့ ဆိုးကျိုးတွေကြောင့် စက်ရုံအလုပ်ရုံတွေ မြောက်မြားစွာ အပိတ်ခဲ့ရလို့ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
ပစ်ထ်စဘတ်ခ် Pittsburgh
(၆)
ပစ်ထ်စဘတ်ခ် Pittsburgh
လူဦးရေ - ၃၁၁, ၆၄၇
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၂၂, ဝ၅၆ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၆.၆၁ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၄.၁ ရာခိုင်နှုန်း

သံမဏိမြို့တော်လို့ တင်စားခေါ်ဆိုခဲ့ကြတဲ့ ပစ်ထ်စဘတ်ခ် Pittsburgh မြို့ဟာ ၁၈ဝဝ ကနေ ၁၉၇ဝ ခုနှစ်ထိ အမေရိကန် စက်မှုလုပ်ငန်းမှာ ပင်မအချက်အခြာ ကျခဲ့တဲ့ မြို့ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး အခြေအနေမှာ မြို့တော်ဟာ အကြီးစား စက်မှုစက်ရုံ ၁ဝဝဝ ကျော် ရှိခဲ့ပြီး၊ ဒုတိယကမ္ဘာစစ် ကာလအတွင်း သံမဏိ စက်ရုံအလုပ်သမား ၃၄ဝ,ဝဝဝ ကျော် ရှိခဲ့ဖူးပါတယ်။ သံမဏိလူသားများလို့ တင်စားခံခဲ့ရတဲ့ ပစ်ထ်စဘတ်ခ် Pittsburgh မြို့သူမြို့သားတွေဟာ ၁၉၈ဝ ခုနှစ် အမေရိကန် သံမဏိ စီးပွားရေး လုပ်ငန်းတွေ ဘုန်းဘုန်းလဲပြိုကျပြီးနောက် စီးပွားရေးဆုတ်ယုတ်မှု ပြင်းထန်စွာ ခံစားရကာ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ နည်းပညာအခြေခံတဲ့ စီးပွားရေးကို အလျင်အမြန် ပြောင်းလဲခဲ့ပေမယ့်၊ လျင်မြန်လွန်းလှတဲ့ စီးပွားရေး ဆုတ်ယုတ်မှုဟာ မြို့တော်ကို စွန့်ခွါသွားသူတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ၁၉၅ဝ ခုနှစ်မှစပြီး ပစ်ထ်စဘတ်ခ် Pittsburgh မှာ နေထိုင်သူ လူဦးရေ ၅ဝ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့တယ်။

ရော်ချက်စတာ Rochester, N.Y.

(၇)
ရော်ချက်စတာ Rochester, N.Y.
လူဦးရေ - ၂ဝ၇, ၂၉၄
လူဦးရေ ပြောင်းလဲမှု ပမာဏ - ၁၂, ၁၈ဝ (၂ဝဝဝ-၂ဝဝ၉)
ပြောင်းလဲမှု ရာခိုင်နှုန်း - ၅.၅၅ ရာခိုင်နှုန်း
လစ်လပ်နေသော အိုးအိမ်ပမာဏ - ၁၅.၄ ရာခိုင်နှုန်း

အယ်လ်ဘနီနဲ့ ဘတ်ဖလိုးအကြား ကုန်သွယ်မှု အချက်အခြာကျတဲ့ ဒီမြို့ဟာ နယူးယောက်ပြည်နယ်မှာ မြို့တော်နယ်နမိတ်အတွင်း တတိယ လူဦးရေ အထူထပ်ဆုံး ဖြစ်ပါတယ်။ ဂျုံလုပ်ငန်း၊ အလင်းဆိုင်ရာ သိပ္ပံပညာ၊ နည်းပညာများဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံခြားကုမ္ပဏီများစွာ တည်ရှိတဲ့ မြို့ဖြစ်တယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံ အခြေချခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီကြီးတွေ ရွှေ့ပြောင်းခဲ့ခြင်း၊ အစားထိုး စီးပွားရေးလုပ်ငန်းတွေကို ထိရောက်စွာ ဖန်တီးပေးနိုင်မှု မရှိခဲ့တာကြောင့် ၁၉၅ဝ ခုနှစ်မှ ၂ဝဝဝ ခုနှစ်အတွင်း လူဦးရေ ၃၄ ရာခိုင်နှုန်း မြို့က ပြောင်းရွှေ့သွားခဲ့ကြတယ်။

ဒီလို လူအများ အစုအပြုံလိုက် စွန်ခွါသွားခဲ့လို့ အမေရိကန်မြို့ကြီးတွေဟာ ခြောက်သွေ့တိတ်ဆိတ်လာပြီး လူသူကင်းမဲ့လာကာ စီးပွားရေးအခွင့်အလမ်းတွေလည်း လက်လွှတ်ဆုံးရှုံးခဲ့ကြရတယ်။ နိုင်ငံအတွင်း အိုးအိမ်စွန့်ခွါပြီး တခြားမြို့တွေဆီ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ဖောက်ပြန်မှု၊ သဘာဝ ဘေးအန္တရာယ်တွေ ရင်ဆိုင်ခဲ့ရမှုနဲ့ အမေရိကန် စီးပွားရေး ကျဆင်းခဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာတွေ ရင်ဆိုင်လာခဲ့ရတာကြောင့် ဖြစ်တယ်လို့ အမေရိကန် အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးမှု ဌာနရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လူသားအားလုံးဟာ မိမိတို့ နေထိုင်ရာဒေသကို စွန့်ခွါပြီး၊ ဘဝလုံခြုံရေးနဲ့ လူဂုဏ်သိက္ခာ မြင့်မားဖို့အတွက် ရေကြည်ရာ မြက်နုရာဆိုသလို ဘဝသစ်အတွက် ရွှေ့ပြောင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တခြားမြို့ကြီးတွေအနေနဲ့ လူသူကင်းမဲ့ ခြောက်သွေ့သွားခဲ့တဲ့ မြို့ကြီးတွေကို နမူနာယူပြီး၊ နည်းပညာသစ်တွေကို အခြေခံတဲ့ အလုပ်အကိုင်သစ်တွေ၊ စီးပွားရေး အခွင့်အလမ်းတွေကို ဖန်တီးကြဖို့နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်တွေကို ပြုလုပ်ကြဖို့ တိုက်တွန်းထားကြောင်းပါ။

(ဇန်နဝါရီ ၂၄)

ကိုးကား
“American Cities That Are Running Out Of People” by Michael B. Sauter 24/7 Wall St. Saturday, January 1, 2011.

6 comments :

Anonymous said...

Some of those cities and else where, were refilled by the Refugees from around the world, sponsored by NGOs and C.Charities associates/Privates, back by State and Federal.

Anonymous said...

အလုပ်မရှိဘဲ (အလုပ်မပေးနိုင်) တဲ့နေရာကို ဘယ်လို လူထပ်ဖြည့် မှာလဲ Comment ညာဏ်ကြီးရှင်

MPN said...

I used to live in Cleveland, home of The Cleveland Indians for many years. The city was run by Mafia not Police. This place is a hell of the capatalism. If this city was filled by refugees, they become the slave of the Mafia. In fact, refugees have two choice. 1. be the slave of the Mafia and live in a hell of the capatalism or 2. be the slave of Than Shwe and live in a hell of dictator. I think both ways will be cruelty however I will choose Burma to die for buddhism.

Anonymous said...

ဒါမျိုးလေးတွေလဲ တင်ဦးမှပေါ့။ တခါလာလည်း အရီးဒေါ်ဘုံ အော်ရမည် နှစ်ခါလာလည်း ၈၈ နွားကျောင်းသားများထက်စာရင် ဖတ်ပျော်တယ်။

Anonymous said...

That was an article. Believe it or not, that's what some refugees are happening right now {They have the right to asked to change to other places, transferability; if u have somebody that related to u}. Not only from Burma but also from the other troubled countries that U.S accepted. However, you just can't be a sitting duck there. They suffered they go, this is their choice, they are human beings like us. Let the Kids get their Education, built their family, future, U never know. Who in the world simply want to leave their own countries,... by other means?.

Anonymous said...

မှန်ပါတယ် ကျွန်တော်ကRocheste မှာနေတာပါ အလုပ်အကိုင်ရှားပါးတာကတော.မှန်တယ် ဒါပေမဲ. စက်ရုံတွေ အထူးသဖြင်.စက်ချူပ်ရုံတွေလောက်ဘဲ ပုံမှန်လည်ပါတ်နေတာပါ ကျန်တဲ.အလုပ်ကတော. အတော်ရှားပါတယ် ဒါကြောင်.လဲ Rochester က ငမဲတွေဟာ အချူပ်ထဲ ထောင်ထဲမှာဘဲ နေကြတာများပါတယ် အပြင်မှာလဲလုပ်ကိုင်ချင်စိတ်မရှိ ထောင်ထဲမှာကကစားလိုက် စားလိုက်နဲ.အပူမရှိလို.ထင်တာဘဲ ၇၅% သေခြာတယ်