တောင်ကိုးရီးယားသို့ သွားရောက်နိုင်ရေးအတွက် ဘာသာစကား စာမေးပွဲ ဖြေဆိုခွင့် ပုံစံ ၀ယ်ယူရန် စောင့်ဆိုင်းစဉ် မကျေနပ်သူ တချို့က ဆူပူပြီး ရုံးမှန် ရိုက်ခွဲသည့်အဖြစ် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၄ ရပ်ကွက်ရှိ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ပင်လုံခန်းမတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ယမန်နေ့က လျှောက်လွှာပုံစံ ၀ယ်ယူရန် စောင့်ဆိုင်းနေသူ တသောင်းခွဲကျော် ရှိပြီး တချို့မှာ နံနက် ၄ နာရီ ၀န်းကျင် ကတည်းက ရောက်ရှိနေကြခြင်း ဖြစ်သည်ဟု သိရသည်။ နံနက် ၉နာရီခွဲတွင် လျှောက်လွှာ စတင် ရောင်းချပေးခဲ့ပြီး ရောင်းသည့်နေရာ၊ ဖြည့်သည့်နေရာနှင့် တင်သည့်နေရာ သီးခြား ခွဲထားခဲ့သည်ဟုလည်း သိရှိရသည်။
ဝန်ထမ်းအင်အားနှင့် ၀ယ်ယူသူ မမျှသဖြင့် ၁၀ နာရီတွင် ရောင်းမပေးတော့ဟု ဆိုပြီး ထိုနေရာမှ ထွက်ခွာကြရန် အသိပေး ကြေညာခဲ့သည်ဟု လျှောက်ထားသူ တဦးက ပြောသည်။ လျှောက်လွှာပုံစံ မရလိုက်သူများက မကျေနပ်သဖြင့် ဆူပူပြီး မှန်များ ရိုက်ခွဲကြသည်။ ရောင်းချမည့် ရက်ကို ၃ ရက်သာ သတ်မှတ်ထားခြင်းကြောင့် လျှောက်လွှာ မတင်လိုက်ရမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ တုံ့ပြန်ကြခြင်း ဖြစ်သည်ဟု လျှောက်လွှာတင်သူ တချို့က ပြောသည်။ ထိုအဖြစ်အပျက်ကြောင့် ၁၂ နာရီနောက်ပိုင်း ပြန်လည် ရောင်းချပေးခဲ့ပြီး တောင်ကိုးရီးယား သံရုံးမှ တာဝန်ရှိသူများ လာရောက်ကာ ရှင်းလင်း ပြောဆိုခဲ့သည်ဟု သိရသည်။ သို့သော်လည်း လျှောက်လွှာတင်သူများက စိတ်ဝင်စားခြင်း မရှိဘဲ လျှောက်လွှာရရေးကိုသာ အာရုံ စိုက်နေခဲ့ကြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။
“လာလျှောက်တဲ့ အထဲမှာ လူငယ် အများစုပါတယ်။ ချွေးသံတရွှဲရွှဲနဲ့ တော်တော်ကို မျှော်လင့်နေတဲ့ အချိန်၊ သူတို့က မရောင်းပေးဘူး ဆိုတော့ ပေါက်ကွဲကုန်တာပေါ့။ လူငယ်တွေက အလုပ်အကိုင် အခွင့်အလမ်းနည်းတော့ ၀င်ငွေကောင်းမယ့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ တိုးနေရတာပေါ့” ဟု လူငယ်တစ်ဦးက ပြောသည်။
EPS-Topik ဟု ခေါ်ဆိုနေကြသည့် ကိုးရီးယား ဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်လျှင် အလုပ်လျှောက်လွှာစာရင်းတွင် ပါဝင်ခွင့်ရနိုင်ရုံမျှသာ ဖြစ်ကြောင်း၊ တောင်ကိုးရီးယားသို့ သွားရောက်ခွင့် ရမည်ဟု အာမ မခံကြောင်းလည်း ကြေညာချက်တွင် ဖေါ်ပြထားခဲ့သည်။
စာမေးပွဲကို တောင်ကိုးရီးယား နှင့် မြန်မာ ၂ နိုင်ငံ အလုပ်သမား ၀န်ကြီးဌာနတို့ နားလည်မှု သဘော တူညီချက်ဖြင့် စီစဉ်ခြင်း ဖြစ်ပြီး သွားရောက်ခွင့် ရပါက ကုန်ထုတ် လုပ်ငန်းများတွင် လုပ်ကိုင်ရမည်ဟု ကြေညာချက်က ဆိုသည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ လစာ နည်းပါးခြင်းတို့ကြောင့် မြန်မာနိုင်ငံသား သန်းနှင့်ချီပြီး ပြည်ပသို့ သွားရောက်နေကြသည်။ အများဆုံးမှာ ရွှေ့ပြောင်းလုပ်သားဟု ခေါ်ဆိုသည့် ထိုင်းနိုင်ငံရောက် လုပ်သားများဖြစ်ပြီး အနိမ့်ဆုံး ၁ သန်းမှ အများဆုံး ၂ သန်းနီးပါး ရှိနိုင်သည်ဟု လေ့လာချက် စစ်တမ်းများအရ သိရသည်။
အိမ်နီးချင်းနိုင်ငံများအပြင် မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုးရီးယား၊ အရှေ့အလယ်ပိုင်း နိုင်ငံများတွင်လည်း မြန်မာပြည်သား အများအပြား အလုပ် လုပ်ကိုင်နေကြသည်။

( မေးလ်ထဲရောက်လာတာလေးပါ။ ပြန်လည်ဖေါ်ပြခြင်းပါတယ်။ )
3 comments :
We really need more economic sanction to Burma so that more civil unrest can be happened there.
တိုင်းတပါးမှာ ဂဂျိုးဂဂျောင်(ကုန်ထုတ်လုပ်ငန်း ဆိုတော့ သေချာပါတယ်) လုပ်ရဖို့ကို အဲဒီလောက် အားကြိုးမာန်တက်ဖြစ်နေရတယ်။
To the first anonymous commenter, what an idiot you are. May be we should sanction your family so all members of your family can return to burma and LEAD that civil unrest. Sounds rational to you? Get some education, get a life.
Post a Comment