Saturday 30 July 2011

ဘယ်သူ့မှာ တာဝန်ရှိသလဲ....( မြန်မာ vs အိုမန်... ) အပိုင်း ၁





"ပြည်သူတွေကြားက ပြည်သူတွေရဲ့ ရင်တွင်းခံစားချက်အမြင်တွေနဲ့ ဖြစ်ရပ် အခြေအနေမှန်တွေပါ"

ကိုတော်တီရေ...
မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာ ၀ယ်ယူဖတ်ရှုနိုင်တော့မယ့် Mutdfan.com - မြန်မာဘောလုံးချစ်သူများ ဆုံစည်းရာ Sport ဂျာနယ်လေး အတွက် ကိုတော်တီက (အပြည့်အစုံကြည့်ရန် ခေါင်းစဉ်ကိုနှိပ်ပါ)
အမေရိကန်ပြည်ထောင်စုမှာ ကစားခဲ့တဲ့ ချီကာကို ဖိုင်းယား Vs မန်ချက်စတာ ယူနိုက်တက်အသင်း ရဲ့ ပွဲသတင်းကို သွားယူပြီး ဂျာနယ်အတွက် Exclusive အနေနဲ့ တင်ပြခဲ့တာမို့ ကျွန်တော်ကလည်း အားကျမခံ ဒီနေ့ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး ကစားကွင်းမှာ ယှဉ်ပြိုင် ကစားတဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ Vs အိုမန် ပွဲကို သတင်းသွားယူတင်ပြဖို့ ပြင်ဆင်ခဲ့ပါတယ်။


ပထမအဆင့်မှာ မွန်ဂိုးလီးယားကို အနိုင်ရပြီး တက်လာတဲ့ မြန်မာအသင်းဟာ ကိုယ့်အသင်းထက် အစစအရာရာ သာလွန်ကောင်းမွန်တဲ့ အိုမန်အသင်းနဲ့ အဝေးကွင်းသွား ကစားခဲ့ရာမှာတော့ လိုင်ယွန်နည်းပြဟောင်း၊ ၀ီဂန် ဂိုးသမားတို့ပါတဲ့ အသင်းကို ၂-၀ နဲ့ အရှုံးပေးခဲ့ရပါတယ်။ ပထမအကြော့ ဒီလို ရှုံးထားသလို အခုပွဲမှာလည်း အိုမန်ကို မနိုင်လောက်ဘူးဆိုတာ သိနိုင်တဲ့အထိ မိမိထက် အစစအရာရာ သာတဲ့အသင်းဖြစ်နေပေမယ့် ကမ္ဘာပေါ်မှာ ရှိခဲလှတဲ့ ပုံစံတစ်ခုအဖြစ် မြန်မာဘောလုံး ချစ် ပရိသတ်တွေကတော့ ဘောလုံးအားကစား အပေါ်ချစ်စိတ်၊ မြန်မာ့လက်ရွေးစင် အသင်းအပေါ်ချစ်စိတ် အပြည့်အ၀နဲ့ အမျိုးသမီး အမျိုးသားမကျန်အောင် ကွင်းလုံးပြည့်လျံ သောသောညံအောင် အားပေးခဲ့တယ်လို့ ပြောရင် ကျွန်တော့်အဆိုက လွန်သွားလိ့မ်တယ်လို့ ကိုတော်တီ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုတော်တီရေ...

ကျွန်တော် ရလာတဲ့ အထောက်အထား ဗွီဒီယို ဓါတ်ပုံ မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်တော့ ကျွန်တော့်အဆိုဟာ မလွန်တဲ့အပြင် လိုနေပါသေးသလားလို့ ထင်မြင်ကြပါလိမ့်မယ်။ မြန်မာပြည်သူတွေ ဘောလုံးအားကစားကို အရမ်းကို ချစ်မြတ်နိုးကြသလောက် အဲ့ဒီစိတ်ကို တာဝန်မဲ့မှုတွေကနေတဆင့် ပက်ပက်စက်စက် အဖိနှိပ်ခံနေရတယ်လို့ ပြောရင်လည်း ကျွန်တော့်စကား အမှားဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တကယ်ကြုံခဲ့ရတာပါ။ ပွဲကြီးပွဲကောင်း ဖြစ်တာနဲ့အညီ အချိန်စောစောသွားမှ အဆင်ပြေမယ်လို့ တွေးမိတဲ့ ကျွန်တော်ဟာ သုဝဏ္ဏကွင်းဆီကို ညနေ ၂ နာရီမှာ ထွက်ခဲ့ပါတယ်။ ကားလေးမောင်းပြီး ကားတန်းကြားထဲ တိုးနေပေမယ့် တစ်မိုင်လောက် အကွာ ILBC ကျောင်း မရောက်ခင်လောက် ကတည်းက သုဝဏ္ဏကွင်းဆီ လမ်းလျှောက် လာကြတဲ့ လူငယ်လူရွယ်တွေ အများကြီး တွေ့ရတာပါဘဲ။ ပိတ်နေတဲ့ ကားတန်းကို စောင့်ရင်း သုဝဏ္ဏကွင်းထဲ မောင်းဝင်လို့ရမယ့် အပေါက်ရှာရင်း ကျွန်တော် မရောက်ဖူးတဲ့ အနောက်ဖက် ပွဲကြည့်စင်ဖက် ၀င်ပေါက်ကိုလည်း အရောက်သွားခဲ့ပါတယ်။ အဲဒီ ၀င်ပေါက်က လက်မှတ် မလိုဘဲ အခမဲ့ ပေးမယ်လို့ ကြော်ငြာထားတဲ့ ၀င်ပေါက်တွေလေ...


အပေါက်ဝမှာ ၀င်ကြေးမဲ့ ကြည့်ရှုနိုင်သည်လို့ ဆိုင်းဘုတ်ကြီးရေးထားပေမယ့် အပေါက်ဝ သံတံခါးတွေကို သွပ်ဆူးကြိုးတွေနဲ့ကာ အပေါက်တွေလုံးဝ မဖွင့်ဘဲ ၀င်ခွင့် မရတဲ့ မြန်မာ့ဘောလုံးချစ် ပရိသတ်က တံခါးပေါက်ရှေ့ အော်ဟစ် ဆဲဆိုနေတာ မြင်ရသလို လူတန်းကြီးတွေက ကွင်းအပေါက်ဝဆီ ဆက်လက် ချီတက် လာနေတာကိုလည်း တွေ့ခဲ့ရပါတော့တယ်။ အချိန်က နေ့လည် ၂ နာရီခွဲဘဲ ရှိသေးပေမယ့် ဘာ့ကြောင့်များ ကွင်းထဲ ပေးမ၀င်သလဲလို့ စဉ်းစားလိုက်ရင်း ပရိသတ် အတွက် မှတ်တမ်း ဓါတ်ပုံတွေကို ရှုထောင့်အမျိုးမျိုးက ရိုက်ရင်း ကွင်းဝင်ပေါက် တစ်ပေါက်ပြီး တစ်ပေါက် ဖြတ်ကျော် ခဲ့ပါတယ်။ ကွင်းထဲကို ကောင်းကောင်းမွန်မွန် ၀င်ရတဲ့သူတစ်ယောက်မှ မတွေ့ရဘဲ ၀င်ပေါက်တိုင်းမှာ လူတွေက ပြည့်နှက်စောင့်ဆိုင်း အော်ဟစ်ဆဲဆို နေတာဘဲ မြင်တွေ့ရတာပါ။ ကွင်းထဲမှာတော့ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိတဲ့ ၀ိရိယကောင်းတဲ့ မြန်မာဘောလုံး ပရိသတ်တွေ ရှိနေပါတယ်။

ကျွန်တော်လည်း အထူးတန်းပွဲကြည့်စင် ဂိတ် ၆ ကို အရောက်လှမ်းခဲ့ပြီး မှောင်ခိုရောင်းနေတဲ့ တစ်ထောင်တန် လက်မှတ် ၃ စောင်ကို မှောင်ခို ပေါက်ဈေးအတိုင်း တစ်စောင် ၂၅၀၀ ပေး ၀ယ်လိုက်ရပြီး ရှေ့မှာ လူပေါင်း ၃ ရာလောက်ရှိတဲ့ လူတန်းကြီးထဲ ၀င်ရောက် တန်းစီလိုက်ပါတယ်။ "မြန်မာနိုင်ရမည်" ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ သူက ကျွန်တော့်ရှေ့ကနေ တန်းစီနေတာမို့ ဓါတ်ပုံလေး တောင်းရိုက်မိသလို ချွေးသံရဲရဲနဲ့ ကောင်မလေးတွေ တန်းစီနေတာကိုလည်း မြင်တွေ့မိလိုက်ပါတယ်။ လူတန်းက မရွေ့မရွေ့နဲ့ ဘာလို့ပါလိမ့်ဆိုပြီး အပေါက်ဝနား သွားလိုက်တော့ဗျာ... အပေါက်ကို ၀င်ခွင့် မပေးဘဲ ပိတ်ထားတာ မြင်တွေ့ရပါတယ်။ တန်းစီနေတဲ့ လူတန်းကြီးက သံပန်းကြားညှပ်နေပြီး ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရ၊ သံပန်းကြား ညပ်နေသူတွေကို မြင်ရတဲ့ အတွက် စိုးရိမ်လာမိသလို ဒေါသထွက်နေတဲ့ လက်မှတ်ကိုင် ပရိသတ်တွေက လုံခြုံရေးတာဝန်ကျ ၀န်ထမ်းတွေကို ဆဲဆို နေတာကိုလည်း မြင်တွေ့ရပါတယ်။ သံတံခါးတွေကို ဆွဲလှုပ် "ငါတို့က မြန်မာကို ချစ်လို့ လာအားပေးတာ၊ အိုမန်ကို အားပေးဖို့ လာတာမဟုတ်ဘူး။ ငါတို့ဟာ မြန်မာပြည်သူတွေ၊ လက်မှတ်ကိုလည်း မင်းတို့ ရောင်းတဲ့အတိုင်း တန်ရာတန်ကြေးပေးဝယ်လာတာ၊ မင်းတို့ အခုလို လုပ်တာကောင်းသလား။" ဆိုပြီး ယဉ်ယဉ်ကျေးကျေး အော်ဟစ် ပြောဆို သူတွေရှိသလို "ဘောလုံးအဖွဲ့ချူပ် -ီး ဘဲ" ဆိုပြီးတော့ သံပြိုင် အော်ဟစ် ဆဲဆိုနေတဲ့ လူအုပ်ကြီးကိုလည်း မြင်တွေ့ရပါတယ်။
တင်းမာနေတဲ့ အခြေအနေ၊ လက်မှတ်တွေကိုင်ပြီး ၀င်မရတဲ့ အနေအထားတွေဟာ စီစဉ်တဲ့သူများ ညံ့ဖျင်းမှုလား၊ မြန်မာဘောလုံးချစ်ပရိသတ်ကဘဲ အကဲပိုနေသလားတော့ မသိပါဘူးဗျာ။ လက်မှတ်တွေ ၀ယ်ထားပြီး ကွင်းထဲဝင်မရလို့ သံပန်းနားကပ်နေတာကို လာမောင်းထုတ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနား ကျွန်တော် တစ်ဦးတည်းကပ်သွားပြီး လက်မှတ်တွေပြကာ ဘာဖြစ်လို့များ ၀င်မရတာပါလိမ့်ခင်ဗျား လို့ မေးလိုက်တယ် ဆိုရင်ဘဲ တာဝန်ရှိသူ တစ်ဦးက "ဟုတ်ပါတယ်... ဟုတ်ပါတယ်" လို့ ပြန်ပြောလာပါတယ်။ သူတို့က ဖွင့်ဆိုဖွင့် ပိတ်ဆိုပိတ် ပေးကြရတဲ့ သူတွေပဲ မဟုတ်လား... ကွင်းထဲ မ၀င်ရတဲ့ ပရိသတ်တွေထဲ မြန်မာအလံ မျက်နှာမှာ ဆေးချယ်ထားတဲ့ အမျိုးသမီးလေးတွေက ဒေါသထွက်လွန်းလို့ သံပန်းပေါ်တက် အော်ဆဲနေတာကိုပါ မြင်တွေ့လိုက်ရပါတယ်။ အားလုံးကလည်း နေပူလိုက် မိုးရွာလိုက် အနေအထားမှာ ချွဲသံတစ်ရဲရဲနဲ့ အပေါက်ဝမှာ ၂ နာရီလောက်အထိ ရပ်နေကြရတာမို့လား။ တစ်ချို့က သံပန်းကို ဆောင့်ကန်၊ တစ်ချို့က သံပန်းတံခါးကို ဆွဲလှုပ်၊ အမျိုးမျိုး ဆန္ဒပြအော်ဟစ်နေတုန်း လူအုပ်ရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တဲ့ ဂိတ်ပေါက် ၆ သံတံခါးကြီးဟာ ကျိုးထွက်သွားပါလေရောလားဗျာ... ကျွန်တော်တို့ အပါအ၀င် လူအုပ်ကြီးဟာ ပျော်ပျော်ပါးပါး သုဝဏ္ဏကွင်းထဲ ခြေချနိုင်ခဲ့ပေမယ့် ကွင်းထဲမှာတော့ လူတွေက ပြည့်လျံနေပါပြီ။

မြန်မာပွဲ ကြည့်ချင်လွန်းတဲ့ ပရိသတ်တွေ အပေါက်ဝမှာလည်း လူအုပ်က ပြည့်နှက်နေလို့ အုပ်တံတိုင်းပေါ် ဖက်တက်နေတာကို ကျွန်တော်ကိုယ်တိုင် ကူညီတွန်းတင် ပေးခဲ့ရသလို ဓါတ်ပုံမှတ်တမ်းတွေလည်း ရိုက်ယူခဲ့ပါတယ်။ မီးမောင်းကြီးတွေပေါ် တက်ကြည့်မှ မြင်ရမယ်ဆိုတဲ့ အတွေးတွေနဲ့ အမျိုးသားတွေအပြင် အမျိုးသမီး တစ်အုပ်ကပါ လုံချည်တွေနဲ့ သံစည်းရိုးပေါ် ဖက်တက် နေတာကို စိတ်မကောင်းဖွယ် မြင်တွေ့ခဲ့ရသလို သစ်ပင်ကြို သစ်ပင်ကြားထက် တက်ကြည့် နေသူတွေကိုလည်း ကျွန်တော် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

အခုလို သွားရောက် သတင်းယူခဲ့တဲ့ ကျွန်တော့် ဓါတ်ပုံတွေဟာ တစ်ချိန်မှာတော့ သမိုင်း အထောက်အထား ဖြစ်လာနိုင်တယ် မဟုတ်လားဗျာ။ အခုလိုဖြစ်ဖူးတဲ့ ဟိုးဆယ်နှစ်ကျော်ကာလက လေးပွင့်ဆိုင်ပွဲအပြီး ကွင်းထဲမှာ လူပြည့်နေလို့ ပွဲမကြည့်ခဲ့ရတဲ့ ကျွန်တော်ဟာ ကိုယ့်အလုပ်ကိုတော့ အကောင်းဆုံး လုပ်ဖို့ ကြိုးစားခဲ့တာပါ။ ပရိသတ်ကို သတင်းမှတ်တမ်းတွေ ပြန်လည်တင်ပြနိုင်ဖို့လည်း ကျားကုတ်ကျားခဲ ကြိုးစားခဲ့ပါတယ်။ မီဒီယာ သမားတွေအတွက် သတ်မှတ်ပေးထားတဲ့ နေရာကနေ ကျော့ကျော့လေး ၀င်၊ သာမန်ဘောလုံး သတင်းတွေ သွားယူ၊ ဘယ်အသင်းက ဘယ်လိုကြောင့် ဘယ်နှစ်ဂိုးသွင်းသည် လိုမျိုး သတင်းရေးမယ်ဆို ရကောင်းရနိုင်ပေမယ့် အဲ့ဒါဟာ ကျွန်တော်လိုချင်တဲ့ ရှုထောင့်မဟုတ်ခဲ့ပါဘူး။ ကျွန်တော် ပရိသတ်ကို တင်ပြချင်တာက သာမန်သတင်း တစ်ပုဒ် မဟုတ်ဘဲ ပြည်သူ့ကြားက ပြည့်သူတွေရဲ့ အခြေအနေအမှန်ကို တင်ပြချင်တာပါ။
ကိုတော်တီရေ...
ပရိသတ်တွေဟာ ကွင်းအပြင်၊ ကွင်းအ၀င်မှာ လူလို အဆက်ဆံ မခံရတဲ့ အနေအထားအထိ ဆိုးရွားစွာ ခံစားနေရတာကို သတင်းမီဒီယာသမားတွေက နက်နက် နဲနဲ သတင်းတွေရယူပြီး လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားကို နိုင်ငံ ကောင်းကျိုး၊ ပြည်သူလူထု ကောင်းကျိုးကို တကယ်လိုလားတဲ့ သက်ဆိုင်ရာ လူကြီးမင်းတွေ မြင်တွေ့စေဖို့ အတွက် တင်ပြပေးသင့်တယ်လို့ ကျွန်တော်ခံစားနေမိတယ်ဗျာ။ အဲ့ဒီ ခံစားမှုနဲ့ အိမ်ပြန်လာတဲ့ ကျွန်တော့် အတွက် သတင်းဆိုး တစ်ပုဒ်က စောင့်ကြိုနေပါတယ်။ အဲ့ဒါက ကွင်းထဲကို အရာဝထ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်လို့ ပွဲပျက်သွားတယ် ဆိုတာပါဘဲ။

အဲ့ဒီသတင်းကို ညီငယ်တစ်ယောက်က ဖုန်းဆက်ပြောလို့ သိလိုက်ရပေမယ့် ကျွန်တော်နားလည်တာကတော့ ပရိသတ်တွေရဲ့ ဒေါသမီးတွေ ပေါက်ကွဲရာ နေရာလေးဟာ ကွင်းထဲက ပြိုင်ဖက် ကစားသမား၊ ဒိုင်လူကြီးနဲ့ ကွင်းတာဝန်ရှိသူတွေ ဖြစ်သွားတာပါ။ ဒီအတွက် နိုင်ငံနဲ့ လူမျိုး သိက္ခာကျစရာဖြစ်မယ်လို့ တွေးပြီး စိုးရိမ်နေသူတွေကို မစိုးရိမ်ပါနဲ့ သိက္ခာက ကျပြီးသားပါလို့သာ ကျွန်တော် ပြောချင်ပါတယ်။ ကွင်းအပြင်မှာ ပရိသတ်ကို လူလို သူလို မဆက်ဆံတာကို ကျွန်တော်နဲ့အတူ ဓါတ်ပုံလိုက်ရိုက်နေတာက နိုင်ငံခြား မီဒီယာတစ်ခုက သတင်းထောက် တစ်ယောက်ပါပဲ။ မင်းဘယ်လို မြင်သလဲ ဆိုပြီး ကျွန်တော်လှမ်းမေးလိုက်တော့ အံ့သြစရာပါဘဲ.. မင်းတို့ လူမျိုးတွေ ဘောလုံးအားကစားအပေါ် ရူးသွပ်ပုံက မယုံနိုင်စရာကောင်းသလို..... ဆိုပြီး စီမံခန့်ခွဲတဲ့ တာဝန်ရှိသူတွေကို ဆိုးဆိုးရွားရွား အပြစ်တင်သွားလေရဲ့ဗျာ.... အခုလို မကောင်းသတင်းတွေကိုပဲ ရေးသား ပေးရတာ စိတ်မကောင်းပါဘူးဗျာ။

ပရိသတ်တွေ ကွင်းထဲ မလာတော့ မလာလို့... လာတော့လည်း လူလို သူလို အဆက်ဆံ မခံရ၊ နောက်ဆုံးတော့ သိက္ခာကျစရာ တွေသာ ကျန်နေအောင် လုံးချာလည် လိုက်နေတဲ့ ဘောလုံးကိစ္စတွေအတွက် အမှန်တကယ် စီမံခန့်ခွဲတတ်သူတွေ လက်ထဲကို တာဝန်တွေ ခွဲဝေပေးသင့် နေပါပြီ။ လက်ရှိ တာဝန်ယူနေသူတွေကတော့ ဘယ်လိုဘဲဖြစ်နေနေ တာဝန်ယူစရာမလိုဘဲ ဒီနေရာကို သူတို့ရဲ့ ထိုင်ခုံ အဖြစ် မိန့်မိန့်ကြီးထိုင် လုပ်ချင်သလို ဆက်လုပ်နေမယ်နဲ့ တူပါတယ်။ ရသလို ဆင်ခြေဆင်လက်တွေလည်း အများကြီး ဆက်ပေးနေအုံးမှာပါဘဲ။

ကျွန်တော်ပြန်လာတော့ ကလေးလေး တစ်ယောက်နင်းတဲ့ ဆိုဒ်ကားကို မိသားတစ်စုလုံး တက်စီးနေတဲ့ မိသားစု တစ်စုကို မြင်တွေ့ခဲ့ရသလို၊ ဘ၀မှာ အရေးအကြီးဆုံး ကိစ္စက ဘာလဲ ဆိုတဲ့ အတွေးတွေ စီးမျောရင်း အခု စာကို ကျွန်တော်ရေးသား ပေးလိုက်ရပါတယ်။
အားလုံး ကျန်းမာချမ်းသာကြပါစေ... အန္တရာယ်တွေလည်း ဝေးကွာကြပါစေဗျာ...
ဇော်ဇော်

Mutdfan.com
ကွင်းပြင်ပ ပရိသတ်များ အခြေအနေ Video ကြည့်၇န်...
http://www.dailymotion.com/video/xk6xib_myanmarvsoman_sport#from=embediframe
ဗီဒီယိုဒေါင်းရန်
http://mutdfan.com/news_images/myanmarvsoman.mp4

2 comments :

Anonymous said...

ဒီပို့ စ် အတွက် ကျေးဇူးပါ။ လာကြည့်တဲ့ သူတွေက အဲ့ဒီ့ကတည်းက စီစဉ်သူတွေ အသုံးမကျလို့ ပေါက်ကွဲ ချင်နေတာ။ ဘယ်သူ့ မှာ တာဝန်ရှိသလဲ ဆိုရင် စစ်အစိုးရမှာဘဲ တာဝန်ရှိပါတယ်။
(1) စီစဉ်တာ အသုံးမကျမှု့ 
(2) ပြည်သူလူထု တွေရဲ့ စိတ်ဓါတ် ကို သေသေချာချာ ဖျက်ဆီးခဲ့မှု့ 
(3) စိတ်တိုနေတဲ့ အချိန်မှာ လုံခြုံရေးတွေနဲ့ စစ်အစိုးရ ဒေါက်တိုင် အခွင့်ထူးသမား ဇော်ဇော် ကို ပရိသတ် ရှေ့ ထွက်ခိုင်းမှု့ ..... စသော စသော အကြာင်းများကြောင့်ပါ။

Anonymous said...

မြန်မာပြည်ကိုနည်းမျိုးစုံနဲ့ဖျက်ဆီးနေတဲ့ တပ်မတော်ဘဲ..ခေတ်နောက်ပြေး.ဒုက္ခကရေစီ .နိုင်ငံတော်ကြီး ဆီသို့သန်းရွှေကြိုးဆွဲ.သိန်းစိန်တယောက်ချီတက်နေပါပြီ..