Sunday, 18 September 2011

ဧရာဝတီ မြစ်ဆုံ ဆည်ကြီး တည်ဆောက်မှု စစ်အစိုးရသဘောထား

ဧရာဝတီ မြစ်ဆုံ ဆည်ကြီး တည်ဆောက်မှု  နဲ့ ပတ်သက်လို့  စစ်အစိုးရရဲ့ သဘောထား များ ကိုလေ့လာနိင်ရန်တင်ပြပေးလိုက်ပါတယ်။  ဒီဆွေးနွေးချက်များကို ကျော်ဆန်း ဘလောက်ဖြစ်တဲ့ ကျေးစေတမာန် ဘလောက် က နေကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။

 

ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၃/၂၀၁၁)
ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ ခေါင်းစဉ်ပါ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း၏ နှုတ်ခွန်းဆက် အဖွင့်အမှာစကား၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင်များ၏ ဖတ်ကြားသည့် စာတမ်းများအား PDF ဖိုင်ဖြင့် လည်းကောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသော သတင်း မီဒီယာများ၏ မေးမြန်းမှုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖြေကြားချက်များကို ကျေးစေတမန် ပရိတ်သတ်ကြီး အတွက် ပြည့်ပြည့်စုံစုံ တင်ပြပေးလိုက်ပါသည်။
၁၇.၉.၂၀၁၁ ရက်နေ့တွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရဲရွာခန်းမ၌ ကျင်းပသည့် ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) "ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ"တွင် ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်းက ပြောကြားသည့် နှုတ်ခွန်းဆက် အဖွင့်အမှာစကား
ယနေ့ကျင်းပတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရဲ့ ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) ကို တက်ရောက် လာကြတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူများ၊ ဤ၀န်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျှက် ရှိကြသော တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာ အရာထမ်း ဟောင်းများနှင့် တာဝန် ထမ်းဆောင်လျှက် ရှိသော အရာထမ်းများ၊ ဤ၀န်ကြီးဌာန၏ In-house Consultants များဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် AF Colenco၊ ဂျပန်နိုင်ငံ အခြေစိုက် NEW JEC တို့မှ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ စာတမ်း တင်သွင်းမည့် မြန်မာနိုင်ငံမှ BANCA ၊ တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် Design Institute တစ်ခုဖြစ်သော CISPDR မှ အတတ် ပညာရှင်များ အားလုံး၊ အခြားသော စာတမ်းရှင်များ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်ဝကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သပါတယ်။
အရည်အချင်း မြင့်မားပြီး အရည်အသွေး တောက်ပြောင်တဲ့ မျိုးဆက်သစ်များ အဖြစ် မွေးမြူ လေ့ကျင့်ခြင်းနှင့် တဆက်တည်းမှာဘဲ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး လုပ်ငန်းခွင်၌ လည်းကောင်း၊ နေ့စဉ် တွေ့ကြုံ ဖြတ်သန်းနေရတဲ့ဘ၀မှာ ကြုံတွေ့နိုင်တဲ့ ကိစ္စရပ်များနှင့် လည်းကောင်း ဆက်စပ်လျှက် ရှိတဲ့ အထွေထွေ ဗဟုသုတပိုင်း ဆိုင်ရာများကိုပါ အသိအမြင် ကြွယ်ဝလာစေမည့် Technical Workshop နှင့် Seminar တွေကို ၀န်ကြီး ဌာနအနေနှင့် စဉ်ဆက်မပြတ် ကျင်းပပေးလျှက် ရှိတယ်၊ ယခုဆိုလျှင် ဤ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း၌ တတိယအကြိမ် အဖြစ် ကျင်းပပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနကို ရေအား လျှပ်စစ် စီမံရေးဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာနနှင့် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဟူ၍ ဦးစီးဌာန (၂)ခု၊ လုပ်ငန်းဌာန (၁)ခုတို့ဖြင့် ဖွဲ့စည်း ထားရှိပြီး၊ ရည်မှန်းချက် တာဝန်ကြီး (၃)ရပ် ချမှတ်ကာ ဆောင်ရွက်လျက် ရှိပါတယ်။ ရည်မှန်းချက် တာဝန်တွေကတော့-
(က) တည်ဆောက်ဆဲ လျှပ်စစ် စီမံကိန်းများ အမြန်ပြီးစီးရေး၊
(ခ) တည်ဆောက်ပြီး ဓာတ်အားပေး စက်ရုံများအား စက်စွမ်းအားပြည့် လည်ပတ်ရန်နှင့် ဓာတ်အား ထုတ်လုပ်ရန်၊
(ဂ) ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အသစ်များမှ လျှပ်စစ် ဓာတ်အား တိုးတက် ထုတ်လုပ်ရန်တို့ပဲ ဖြစ်တယ်။
မြန်မာနိုင်ငံဟာ ရေအား သယံဇာတ အရင်းအမြစ် များစွာ ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်သည့် အားလျော်စွာ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော ရေအား လျှပ်စစ် စီမံကိန်းများကို အရှိန် အဟုန်နှင့် အကောင် အထည်ဖော်ပြီး၊ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ပြည့်မီနိုင်စေရေး နည်းလမ်း (၃)သွယ်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီ နည်းလမ်းတွေကတော့-
(က) ၀န်ကြီးဌာန ကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊
(ခ) ပြည်တွင်း လုပ်ငန်းရှင်များအား B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်း၊
(ဂ) နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုဖြင့် ပြည်ပကုမ္ပဏီများအား J.V/B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်းတို့ ဖြစ်ပါတယ်၊
ဒီလို အရှိန်အဟုန်နှင့် လျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်ခဲ့တာကြောင့်၊ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနဆိုပြီး မဖွဲ့စည်းခင် ၂၀၀၆ ခုနှစ်က နိုင်ငံတော်မှာ တစ်နိုင်ငံလုံး စုစုပေါင်း လျှပ်စစ်စက် တပ်ဆင်အား (၁,၅၄၆.၉) မဂ္ဂါဝပ်သာရှိပြီး၊ ယခု ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ အထိမှာ စက်တပ်ဆင်အား (၃,၃၆၀.၉) မဂ္ဂါဝပ် ဖြစ်ပေါ် လာတာကြောင့် နှစ်အနည်းငယ် အတွင်းမှာ ရေအား လျှပ်စစ်စီမံကိန်း (၇)ခု ပြီးစီးခဲ့၍၊ စုစုပေါင်း (၁,၈၁၄) မဂ္ဂါဝပ် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ယခုလို လျှပ်စစ် ဓာတ်အားများစွာ တိုးတက် လာအောင် ဆောင်ရွက်ဖို့ အတွက် နိုင်ငံတော်က ဘဏ္ဍာငွေ မြောက်များစွာ သုံးစွဲခဲ့ရပါတယ်။ ယခု နိုင်ငံတော်က (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများထက် ပိုအရေးကြီးတဲ့ လူမှုရေး ကဏ္ဍတွေမှာ ဘဏ္ဍာငွေများ သုံးစွဲရန် စီစဉ်ထားတဲ့ အတွက် (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများ အတွက် ဘတ်ဂျက် ဘဏ္ဍာငွေဟာ နောက်ပိုင်းမှာ ရဖို့ အခက်အခဲ ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် စက်မှု စီမံကိန်းများ အတွက် လိုအပ်မယ့် ဓာတ်အားအတွက် B.O.T စနစ်များ ကျင့်သုံးလာရခြင်း ဖြစ်ပါတယ်။ လျှပ်စစ် စီမံကိန်း အသေးစား၊ အလတ်စား၊ အကြီးစားတွေကို ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်လိုတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များကိုလည်း မည်သူမဆို လာရောက် ဆက်သွယ်၍ ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်ခွင့် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ အထက်မှာ ဖော်ပြခဲ့သည့် ဤ၀န်ကြီးဌာန ကိုယ်တိုင် တည်ဆောက်တဲ့ လျှပ်စစ် စီမံကိန်းများ နည်းတူ J.V/B.O.T လျှပ်စစ် စီမံကိန်းများကိုလည်း သတ်မှတ်တဲ့ အချိန်ကာလ အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တိုးတက် ပြောင်းလဲနေတဲ့ အချိန်မှာ စက်မှု ဖွံ့ဖြိုး တိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ ရည်မှန်းချက် ဖြစ်ပြီး ဒီရည်မှန်းချက် အောင်မြင်ဖို့ အတွက် လျှပ်စစ် ဓာတ်အား တိုးတက် ရရှိရေးသည် အရေးကြီးသော ကဏ္ဍ ဖြစ်ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာလည်း လုပ်ရိုး လုပ်စဉ် နည်းပညာရပ် ဆိုင်ရာ Workshop ဖြစ်သော်လည်း ခေါင်းစဉ်က "ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဆိုင်ရာ ဆွေးနွေးပွဲ" ဖြစ်သည့် အတွက်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပညာရှင်များ၊ ပြင်ပ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အငြိမ်းစား ပညာရှင်များကိုပါ ဖိတ်ကြားထားခြင်း ဖြစ်ပါတယ်။ ဒီအပြင် ကြီးမားတဲ့ ရေအား လျှပ်စစ် စီမံကိန်း အများစုဟာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ ရှိတာကြောင့် လည်းကောင်း၊ လွှတ်တော် အစည်း အဝေးများနှင့်လည်း တိုက်ဆိုင် နေတာကြောင့် လည်းကောင်း၊ နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များကိုပါ တက်ရောက် လေ့လာနိုင်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သဖြင့် ပြည်သူ အကျိုးရှိစေမယ့် တန်ဖိုးရှိသော အမြင်များ၊ ဆွေးနွေးချက်များ ကျွန်တော်တို့ ရရှိလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ကိစ္စရပ်များကို ပညာရှင် အဖွဲ့ဝင် (၈၀)ကျော်နဲ့ ကိုယ်တိုင် ကိုယ်ကျ အချိန် (၈)လခန့်ယူပြီး၊ ပါဝင် စူးစမ်းလေ့လာ စာတမ်းပြုစု တင်ပြခဲ့တဲ့ Biodiversity and Nature Conservation Association (BANCA) အဖွဲ့က EIA/SIA ကိစ္စရပ်များနှင့် ဒီသက်ရောက်မှုများ အပေါ်မှာ ဘာတွေ လုပ်ပေးပါ၊ လုပ်သင့်တယ် ဆိုတဲ့ အကြံပြုချက် Recommendation များနှင့် စီမံကိန်းများကြောင့် ရရှိမယ့် အကျိုး ကျေးဇူးများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် လေ့လာမှုနှင့် ပတ်သက်လို့ BANCA အပြင် အခြား အဖွဲ့အစည်း (၅)ခုမှလည်း ပညာရှင် အင်အား (၁၅၀) ကျော်နှင့် အပိုင်းလိုက် လေ့လာခဲ့တာ ဖြစ်၍ သဘာဝ ပတ်ဝန်းကျင် လေ့လာမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာကိုလည်း မကြာခင်မှာ ထုတ်ပြန် တင်ပြသွားမှာ ဖြစ်ပါတယ်။
စီမံကိန်းဆိုင်ရာ ဒီဇိုင်းအတွက် တာဝန်ယူ ရေးဆွဲခဲ့တဲ့ တရုတ်နိုင်ငံ အခြေစိုက် CPI ကုမ္ပဏီနှင့် Changjing Institute of Survey, Planning. Design & Research (CISPDR) တို့ကလည်း ယင်းတို့ ဆောင်ရွက်ခဲ့သည့် ကဏ္ဍ အသီးသီးနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။
စီမံကိန်းဆိုင်ရာ Financial Analysis ကိစ္စရပ်နှင့် စပ်လျဉ်း၍လည်း ရေအား လျှပ်စစ် စီမံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အကျဉ်းချုပ် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ စီမံကိန်း လုပ်ဆောင်ခွင့် စာချုပ် JV Agreement ကို အခွန်အခ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေး ဆိုင်ရာ စိစစ်မှု အနေဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန၊ ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှေ့နေချုပ်ရုံး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့၏ စစ်ဆေး အတည်ပြု ချက်များဖြင့် လည်းကောင်း။ အစိုးရအဖွဲ့၏ အစည်းအဝေး ခွင့်ပြုချက်ဖြင့် လည်းကောင်း ဥပဒေ လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကောင်းကျော်စေကုမ္ပဏီ ဥက္ကဋ္ဌ၊ ဦးထွန်းနိုင်အောင်မှ ရေအား လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်သည့် Clean Development Mechanism (CDM)၊ Certified Emissions Reductions (CERs) နည်းပညာရပ် ဆိုင်ရာ စာတမ်း ကိုလည်း ဖတ်ကြား တင်ပြသွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဧရာဝတီ မြစ်ကြောင်း ဆိုင်ရာ လက်ရှိအခြေ အနေနှင့် ဆက်လက် ဆောင်ရွက် သင့်သော လုပ်ငန်းများနှင့် ပတ်သက်၍ ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ လေ့လာ တင်ပြချက် စာတမ်းကို ပို့ဆောင်ရေး ၀န်ကြီးဌာနမှ လည်းကောင်း၊ ဧရာဝတီမြစ်ဖျား၊ မြစ်လယ်၊ မြစ်အောက်ပိုင်း ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဧရာဝတီ မြစ်ကြောင်း ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု သက်သာစေရန် သစ်တောများ ထိန်းသိမ်းခြင်းနှင့် စီမံအုပ်ချုပ်ခြင်း စာတမ်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတို့မှ လည်းကောင်း ပညာရှင်များက စာတမ်းများ အသီးသီး ဖတ်ကြားသွားမှာ ဖြစ်သည့်အပြင် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ကြသော ပုဂ္ဂိုလ်များမှ ဤနည်းပညာ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တင်သွင်းတဲ့ စာတမ်းများအပေါ် အကြံပြု ဆွေးနွေး တင်ပြခြင်းများ ပြုလုပ်ပေးရန်လည်း ဖိတ်ခေါ်လိုပါတယ်။
စာတမ်းများ အသီးသီး ဖတ်ကြားပြီးချိန်တွင် ပါဝင် အကြံပြု ဆွေးနွေးခြင်း၊ စာတမ်းများနဲ့ သက်ဆိုင်တဲ့ ထပ်ဖြည့် ဆွေးနွေး မေးမြန်းခြင်းများ ပြုလုပ်နိုင်ရန်လည်း အချိန်(၁)နာရီခန့် ခွင့်ပြုထားမှာ ဖြစ်ပါတယ်။ အဆိုပါ ခွင့်ပြုချိန် အတွင်း သိလိုသည့် မေးခွန်းများအား မေးမြန်းခြင်း၊ အမြင်ချင်း ဖလှယ်ခြင်းများ ပြုလုပ် သွားကြရန်ကိုလည်း ပန်ကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ယနေ့ ကျင်းပတဲ့ ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို လုပ်ငန်း တာဝန်များ မအားလပ်သည့် ကြားမှ တက်ရောက် ပေးကြတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများနှင့်တကွ တက်ရောက် လာကြသည့် ပုဂ္ဂိုလ်အားလုံးကို အထူး ကျေးဇူးတင် ရှိကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

Saturday, September 17, 2011


အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရေး စိတ်ဓာတ်


နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းတွေ မေးကြ သက်ဆိုင်ရာ ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးတွေက အဖြေတွေ ဖြေကြနဲ့ ယနေ့ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေ ဆန္ဒအသစ်တွေနဲ့ ပြောင်းလိုတဲ့ အခြေအနေတွေကို ကိုယ်စားပြု ဆွေးနွေးမှုတွေ လုပ်နေကြတာ ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဆိုကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်သူတွေက ယုံကြည်မှု အပြည့်အ၀နဲ့ ရွေးချယ်ပေးခဲ့တဲ့ လွှတ်တော် အမတ် ကိုယ်စားလှယ်တွေရဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အပေါ် ထားရှိတဲ့ စေတနာကို ပြကြရတဲ့ ပွဲဆိုရင်လည်း မမှားပေဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ကို ကျည်ဆံရထားလို အရှိန် အဟုန် အမြင့်ဆုံး မောင်းနှင်ကြဖို့ ဆိုရင် ပြည်သူ၊ အစိုးရ၊ ဥပဒေ၊ နားလည်မှု၊ စည်းလုံညီညွတ်မှု၊ ကိုယ်ချင်းစာတရား၊ ကြိုးစားမှု၊ ရိုးသားမှု စတာတွေ ပါမှ မြန်မြန် ဆန်ဆန် ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာလည်း အလွတ်မဲ့ လေထွက်ရာ ပြောတဲ့ စကားမဟုတ်ပါဘူး။ စာဆန်ဆန် ပြောရရင်တော့ နိုင်ငံတော်ရဲ့ ပထမ မဏ္ဍိုင်ဖြစ်တဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ကို လက်ရှိ နိုင်ငံတော် အစိုးရဟာ ကောင်မွန် တည့်မတ်အောင် လုပ်ဆောင်နေပါတယ်။ ဒီနေရာမှာ အဓိကအခန်းက ပြည်သူတွေ ပါနေတာကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင် ကောင်းမွန်ဖို့ ပြည်သူတွေမှ တာဝန်ရှိနေသလို ပြည်သူတွေကို အသိပညာပေးတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍကလည်း မှန်ကန်ဖို့ လိုနေပြန်ပါတယ်။
ဒုတိယ မဏ္ဍိုင်ဖြစ်တဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် လက်ထက်မှာ နည်းမှန် လမ်းမှန်နဲ့ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ လွှတ်တော် အသီးသီးမှာ ဥပဒေတွေကို ပြုပြင်တာ၊ ဖြည့်စွက်တာ၊ အသစ်ပြဌာန်းတာနဲ့ ပယ်ဖျက်တာတွေ လုပ်ပြီး ခေတ်ကာလနဲ့ လျှော်ကန် သင့်မြတ်တဲ့ ကိစ္စတွေကို ဆွေးနွေး တိုင်ပင် ကြပြီး ပြည်သူတွေ အကျိုး နိုင်ငံ့ အကျိုးအတွက် လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်နေမှု ကိစ္စ အ၀၀ ကိုလည်း ပြည်သူတွေ အချိန်နဲ့ တစ်ပြေးညီ သိအောင် မီဒီယာကနေ လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့် ရေးသားခွင့် ပေးထားပြီး အဲဒီသတင်းတွေ ထုတ်လွှင့်ချက်တွေ မှန်ကန်ဖို့ ထိန်းကျောင်းပေးနေတာဟာ တစ်နည်းအားဖြင့် ပြည်သူနဲ့ မီဒီယာသမားတွေ အတွက် တာဝန်ယူပေးနေတဲ့ သဘောဖြစ်ပါတယ်။ ဒီထက် ပိုတိုးလို့ ပြောရမယ်ဆိုရင် နိုင်ငံတော်ရဲ့ အရေးကိစ္စတွေမှာ အပ်နဲ့ထွင်းရမယ့် ကိစ္စများမှာ ပေါက်ဆိန်နဲ့ မပေါက်ရအောင် မီဒီယာမဏ္ဍိုင် အတွက် တည့်မတ်ပေးတဲ့ ဌာနက သူ့တာဝန် သူထမ်းဆောင်နေတာကို ဇွတ်အတင်း ဘာဖြစ်တယ် ညာဖြစ်တယ် ဒီမိုကရေစီနဲ့ မကိုက်ညီဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပြည်သူနဲ့ အစိုးရဌာန အစိတ်အပိုင်း တစ်ချို့ကို ရန်တိုက်ပေးနေတာ ဟာ တကယ်တမ်း စဉ်းစားကြည့်ရင် နိုင်ငံ့ စည်းလုံးညီညွတ်ရေးကို ဖြိုခွဲ ဖျက်ဆီးနေတာ ဖြစ်တယ်ဆိုတာ ထင်ရှား နေတာကို သတိမူမိကြဖို့ လိုပါတယ်။
တတိယမဏ္ဍိုင် ဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်မှာလည်း နိုင်ငံတော် အစိုးရဟာ သူ့နေရာနဲ့ သူ တာဝန်တွေ အသီးသီး ပေးအပ်လို့ ပြည်သူများရဲ့ အကျိုးစီးပွားကို မှန်မှန်ကန်ကန် တိတိကျကျ အကောင် အထည်ဖော် ဆောင်ရွက် နေတဲ့ လက်ရှိ အချိန်ကာလမှာ မီဒီယာ သမားတွေရဲ့ လုပ်ကြံသတင်းတွေနဲ့ မမှန် သတင်းတွေကြောင့် စစ်ရ ဆေးရ ဖြေရှင်းကြရတဲ့ အတွက် တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် တန်ဖိုးရှိလှတဲ့ အချိန်တွေ အလဟဿ ဖြုန်းတီး ပစ်သလို ဖြစ်ရ နောက် အခြား တစ်ဖက်မှာ ဆက်လုပ်ရမယ့် လုပ်ငန်းတွေ နှောင့်နှေးရနဲ့ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း နစ်နာကြရ တာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့အကျိုး တိုင်းပြည်အကျိုးအတွက် ဒီတတိယမဏ္ဍိုင်မှာလည်း မီဒီယာဆိုတဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ ပတ်သက်ပါဝင်မှုဟာလည်း အရေးပါနေတာ ဖြစ်လို့ ကိုယ့်ရဲ့ အတ္တကြောင့်၊ ကိုယ့်အကျိုးစီးပွား တစ်ခုထဲကို ကြည့်ကြတာကြောင့် ပြည်သူတွေနဲ့ တိုင်းပြည် နစ်နာရတာမျိုး မရှိအောင် မီဒီယာကို တည့်မတ် ထိန်းကျောင်း ပေးကြရမှာ ဖြစ်ပါတယ်။
မီဒီယာ ဆိုတဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ ကျယ်ပြောလှတဲ့ သဘောတရား အတိမ်အနက် ခန့်မှန်းရ ခက်မှုတွေ အပေါ်မှာ ကျွန်တော်တို့ ဖော်ဆောင်ကြရမှာက အမျိုးသား အကျိုးစီးပွားဆိုတဲ့ တိုင်းပြည်အကျိုး ပြည်သူတွေ အကျိုးကို အစဉ် ရှေ့တန်းတင် လုပ်ကြရမယ့် ကိစ္စ ဖြစ်ပါတယ်။ အဲဒီတော့ မီဒီယာကို အသုံးချလိုက် လူကို အသုံးချလိုက် အခြေအနေ ဖြစ်စဉ်ကို အသုံးချလိုက်နဲ့ တစ်ဆင့်ထက် တစ်ဆင့် ပိုတိုးလို့ လွတ်လပ်မှု ခေါင်းစဉ်အောက်ကနေ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာလမ်းကို တောင်းဆို လျှောက်လှမ်းနေကြမယ်ဆိုရင် ဒီမိုကရေစီ လမ်းကနေ ချွတ်ချော် တိမ်းပါးပြီး မမျှတခြင်း၊ တရားနည်းလမ်းမကျခြင်း၊ တစ်ဖက်သတ်ဆန်ခြင်းနဲ့ ဥပဒေပ ဖြစ်စဉ်များသာ ဖြစ်လာမယ်ဆိုတာကို မီဒီယာ လောကသားတွေ အားလုံးနဲ့ တောင်းဆိုသမှု ပြုနေကြသူတွေ အားလုံး ပြည်သူတွေအားလုံး သိဖို့လိုအပ်တဲ့ အချက် ဖြစ်နေပါတယ်။
ပဉ္စမမဏ္ဍိုင်ဆိုတဲ့ ပြည်သူ့မဏ္ဍိုင်ဟာ ရိုးသားတယ်၊ အများစုက ဘ၀ရှင်သန် ရပ်တည်ရေးအတွက် ရိုးသားစွာ အသက်မွေး ၀မ်းကျောင်း ပြုလိုကြပါတယ်။ အဲဒီအခါ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေနဲ့ အစိုးရရဲ့ ဖြည့်ဆည်း ပေးမှု တွေအပေါ် နားလည်မှုတွေနဲ့ တိုင်းပြည် တိုးတက်စေဖို့ ပြည်သူတွေရဲ့ လူမှုစီးပွား ဘ၀ မြင့်သထက် မြင့်စေဖို့ အတူတကွ ပူးပေါင်း ဆောင်ရွက်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့ အစိုးရအပေါ် နားလည်ယုံကြည်မှုတွေ ပျက်ပြားအောင် တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်တွေ မှေးမှိန်အောင် မသမာတဲ့ နည်းလမ်းတွေ သုံးပြီး မီဒီယာက ၀ါဒဖြန့်ကြမယ် ဆိုရင် ပြည်သူဟာ ကိုယ့်အရိုးနဲ့ ကိုယ်ပြန် အထိုးခံရတဲ့ ဘ၀ကို ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာမဏ္ဍိုင်ရဲ့ အသုံးချခံ ဖြစ်သွားတဲ့ ပြည်သူတွေမျိုး မဖြစ်စေဖို့ ပြည်သူ့ဘက်က မားမား မတ်မတ်ရပ်တည်လို့ တိုင်းပြည်တာဝန် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေတဲ့ မီဒီယာထိန်းကျောင်းရေး ဌာနရဲ့ စိတ်ဓာတ်ဟာ အမျိုးသား အကျိုးစီးပွား ဆိုတဲ့ ရည်မှန်းချက် အောက်မှာသာ အစဉ်ရပ်တည်နေတယ် ဆိုတာ ထင်ရှားလှပါကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မင်းချင်း

Friday, September 16, 2011


ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ မီဒီယာကဏ္ဍ ရှင်းလင်းချက် အသေးစိတ်


နေပြည်တော်မှာ ကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်ကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် မေးတဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ သတင်း မီဒီယာများရဲ့ ထင်မြင် ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် စတဲ့ အခွင့်အရေးများ ကာကွယ် စောင့်ရှောက် ပေးတဲ့ ဥပဒေတစ်ရပ် ပြဌာန်းပေးဖို့ တင်ပြတဲ့ အဆိုအပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းနဲ့ ပတ်သက်လို့ ပြည်တွင်းက မီဒီယာ သမားတွေကြားမှာရော ပြည်ပက သတင်း ဌာန အချို့မှာရော အင်တာနက် စာမျက်နှာမှာပါ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း ဖြေကြားမှု အပေါ် ဆဒ္ဒန်ဆင်မင်း ဇာတ်ထုတ်ခင်းမှု၊ အချိန်တွေ တိုးပြီး ပြောဆို ဆွေးနွေးမှုနဲ့ ရှုထောင့် အမျိုးမျိုးကနေ ထိုးနှက်မှုတွေ လုပ်နေတာကို ကြားသိ တွေ့မြင် ရလို့ ကျေးစေတမန် အနေနဲ့ ဒီရှင်းလင်း ဆွေးနွေးမှု အသေးစိတ်ကို ရအောင် ရှာဖွေပြီး ကျေးစေတမန် ပရိသတ်ကြီးအား မျှဝေ ပေးလိုက်ခြင်း ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ပြန်လည် ရှင်းလင်း ဆွေးနွေးချက်
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနဲ့ တကွ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်း ဆက်ပါတယ်။ မနေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ သမားများရဲ့ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသား ဖြန့်ဝေခွင့်စတဲ့ အခွင့်အရေးများကို အကာ အကွယ်ပေးတဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးဖို့ အဆိုကို တင်သွင်းသွားတာ ကိုယ်စားလှယ်ကြီးများ အားလုံး သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီနေ့မှာလည်းပဲ ဒီအဆို အပေါ်မှာ ဆွေးနွေး ပြောဆိုသွားကြတဲ့ ပုဂ္ဂိုလ်များရဲ့ ပြောကြားချက်တွေကိုလည်း ကြားသိ ခဲ့ကြပြီး ဖြစ်ပါတယ်။ ဆွေးနွေး ပြောကြား သွားကြတဲ့ ပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အနေနဲ့ ဦးသိန်းညွန့်ရဲ့ အဆိုအပေါ်မှာ ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျာ၊ ဦးသိန်းညွန့်ရဲ့ အဆိုမှာ မီဒီယာ သမားများရဲ့ ထင်မြင် ယူဆချက်များလို့ ပါရှိပါတယ်။ ထင်မြင် ယူဆချက် ဆိုတာဟာ ကျယ်ပြန့်ပါတယ်။ ဒီလိုပဲ ထင်မြင် ယူဆရမယ်၊ ဒီလိုတော့ ထင်မြင် ယူဆလို့ မရဘူးလို့ ကန့်သတ်ထားလို့ ရနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး၊ ဥပမာအားဖြင့် အကြောင်းအရာ တစ်ခုကို လူတစ်ရာကို ခေါ်ပြီး အဲဒီ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ထင်မြင် ယူဆချက် ပေးပါလို့ တောင်းရင် ထင်မြင် ယူဆချက်ပေါင်း တစ်ရာ နီးပါးရှိလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထင်မြင် ယူဆချက် ဆိုတာနဲ့ ပတ်သက်လို့ ငါးရာ ငါးဆယ် နိပါတ်တော်လာ ဆဒ္ဒန်ဆင်မင်း ဝတ္ထုနဲ့ ယှဉ်ပြီး ကျွန်တော် ပြောလိုပါတယ်။ ဆဒ္ဒန်ဆင်မင်း ဝတ္ထုကို ကိုယ်စားလှယ်ကြီးများ အားလုံး သိကြပြီးသားပါ။ ဆဒ္ဒန် ဆင်မင်းက မယားကြီး မဟာသုဘဒ္ဒါ၊ မယားငယ် စူဠသုဘဒ္ဒါနဲ့ အင်ကြင်းတောမှာ အင်ကြင်းပန်း ခူးတယ်၊ အဲဒီလို အင်ကြင်းပန်း ခူးတဲ့အခါမှာ အင်ကြင်းပန်းရဲ့ မွှေးပျံ့တဲ့ ဝတ်မှုန်တွေ၊ ဝတ်လွှာလေးတွေ ကတော့ မယားကြီး မဟာသုဘဒ္ဒါရဲ့ အပေါ်မှာ ကျပြီးတော့ ကံအားလျော်စွာပဲ ခါချဉ်အုံကြီးကတော့ မယားငယ် စူဠသုဘဒ္ဒါပေါ်ကို ကျပါတယ်။ ကျတော့ ခါချဉ်တွေက စူဠသုဘဒ္ဒါကို တုပ်တဲ့အတွက် စူဠသုဘဒ္ဒါက ငါ့ကိုတော့ မချစ်လေခြင်းလို့ ဆဒ္ဒန် ဆင်မင်းအပေါ် ရန်ငြိုး အမုန်းဖွဲ့တယ်လို့ ဒီလို ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ယူဆကြတဲ့အခါမှာ တချို့သော အယူအဆ ရှိတဲ့သူတွေက ဆင်ရဲ့ အရေခွံဆိုတာ အထူကြီး၊ အဲဒီ အထူကြီးကို ခါချဉ်က တုပ်လို့ပေါက်မှာလား၊ အဲဒီလို မပေါက်တဲ့ အတွက် စူဠသုဘဒ္ဒါ ဘယ်လိုလုပ် နာမှာလဲ၊ ဒါသူ့ရဲ့ ထင်မြင် ယူဆချက်၊ ထင်မြင် ယူဆချက် ဆိုတာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်၊ အမျိုးမျိုး ရှိနိုင်ပါတယ်။ တစ်ခါ စူဠသုဘဒ္ဒါက ဒါတွင်မကဘူး ကျွန်တော်တို့ ဆဒ္ဒန်ဆင်မင်းကို အခြားသော ဆင်များက ပွင့်လွှာ ပွင့်ဖတ် (၇)ချပ်နဲ့ ပြည့်စုတဲ့ အင်မတန်မှ မွှေးကြိုင် သင်းပျံ့တဲ့ ပဒုမ္မာကြာပန်းကို သပ်တယ်။ အဲဒီအခါမှာ ဆဒ္ဒန်ဆင်မင်းက ဒီပဒုမ္မာကြာပန်းကို သူ့ခေါင်းမှာလည်း ဒီလို ရမ်းပြီးတော့ အမွှေးနံ့သာတွေ ရအောင် လုပ်လိုက်တယ်၊ ပြီးတဲ့အခါမှာ သူက ဒီပဒုမ္မာကြာပန်းကို မဟာ သုဘဒ္ဒါလက် ပေးလိုက်တယ်၊ ပေးလိုက်တော့ စူဠသုဘဒ္ဒါက ထပ်ပြီးတော့ အော် ငါ့အပေါ်မှာ မချစ်ပါလား ဆိုတဲ့ ရန်ငြိုးဖွဲ့တယ်။ အဲဒီလို ရန်ငြိုးတွေကြောင့် နောင်ဘဝကို ရောက်တဲ့အခါမှာ စူဠသုဘဒ္ဒါက သောနုတ္ထိုရ်ကို စေလွှတ်ပြီးတော့ ဆဒ္ဒန်ဆင်မင်းရဲ့ အစွယ်ကို ဖြတ်တယ်၊ ဆဒ္ဒန်ဆင်မင်း သေတယ်။ တစ်ခါ အဲဒီအစွယ် သူ့ဆီ ရောက်တဲ့အခါ ကျတော့လည်း စူဠသုဘဒ္ဒါက ရင်ကွဲနာကျပြီး သေတယ်။ အဲဒီတော့ ဒီလိုကြေကွဲစရာ ဇာတ်လမ်းကြီး ဘာ့ကြောင့် ဖြစ်လာရတာလဲ ဆိုတဲ့ အယူအဆကို ပြောကြတဲ့အခါ ကျတော့လည်း တချို့က ဒီလို ဖြစ်လာတာဟာ ဆဒ္ဒန် ဆင်မင်းကြောင့် ဖြစ်တာတဲ့၊ ဆဒ္ဒန်ဆင်မင်းက မယား နှစ်ယောက် ယူလို့တဲ့။ မယား တစ်ယောက်သာ ယူရင် မဖြစ်ဘူးတဲ့။ အယူအဆရဲ့ သဘောကို ကျွန်တော် ပြောတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ကိုယ်စားလှယ်တော်ကြီး ဒီအယူအဆနဲ့ ပတ်သက်လို့လည်း နည်းနည်းလေး --- ဥက္ကဋ္ဌကြီးခင်ဗျာ၊ ဒီအကြောင်းအရာ အဆိုက စာပေ လောကသားများရော၊ မီဒီယာ လောကသားများ ကြားမှာလည်း စိတ်ဝင်စား နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် ကျွန်တော် နည်းနည်းလေး အချိန် ယူပြီးတော့ ရှင်းပြခွင့်ပြုပါ။ မိနစ်(၂ဝ)ထက် ကျော်သွားရင်လည်းပဲ ကျွန်တော့်ကို ခွင့်ပြုပေးပါ။
(ဥက္ကဋ္ဌ ပြောကြားချက်) အခု(၁၃)မိနစ်နဲ့ (၅၂)စက္ကန့်ပဲကျန်တော့တယ်။ စကားချီးတာ ဘယ်လောက် ကျန်သလဲ (၁၃)မိနစ် (၄၆)စက္ကန့်ပဲကျန်တော့တယ်။ ( ယခုအချိန်ထိ ရှင်းလင်း ပြောကြားချက်မှာ ၃ မိနစ်ကျော်ခန့်သာ ရှိသေးသော်လည်း ပြည်ထောင်စု ၀န်ကြီးမှ ပြည့်ပြည့်စုံစုံ ရှင်းလင်း ပြောကြားနိုင်ရေး သတ်မှတ်အချိန် အနည်းငယ် ကျော်လွန်သွားလျင်လည်း ခွင့်ပြုပါရန် မေတ္တာရပ်ခံချက် အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဌမှ ရယ်စရာ မောစရာ အဖြစ် ဟာသနှော၍ ပြော)
(ဝန်ကြီး) ဒါဆိုရင်တော့ အတော်လေးတော့ ခက်ပါတယ်။ ကျွန်တော်ကလည်း မိုက်ကိုင် ထားပြီးသား ဆိုရင်တော့ ကျွန်တော်ကလည်း သိပ်ဆင်းမှာတော့ မဟုတ်တော့ပါဘူး။ အဲဒီတော့ ကိုယ်စားလှယ်ကြီးများကို လည်းပဲ စိတ်ရှည် သည်းခံပြီးတော့ နားဆင်ပေးဖို့ တင်ပြလိုပါတယ်။ အဲတော့ ဒီထင်မြင် ယူဆချက် ဆိုတာကို ကျွန်တော် နောက်တစ်ခု ဘာနဲ့ နှိုင်းယှဉ်ပြီး တင်ပြလိုသလဲ ဆိုလို့ရှိရင် ကျွန်တော်တို့ အင်မတန်မှ အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရေနဲ့ နှိုင်းယှဉ်ပြီး ကျွန်တော် တင်ပြလိုပါတယ်။ အရှိန်အဟုန်နဲ့ စီးဆင်းတဲ့ မြစ်ရေ ချောင်းရေများဟာ မြစ်အတွင်း ချောင်းအတွင်းမှာ စီးသွားရင်တော့ ကျွန်တော်တို့ လူသားတွေ အတွက် အပြစ်ထက် အကျိုးက များပါတယ်။ သို့သော်လည်း အဲဒီ အရှိန်အဟုန်နဲ့ စီးဆင်းတဲ့ မြစ်ရေ ချောင်းရေများဟာ မြစ်ဘောင် ချောင်းဘောင် အတွင်းက မဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ စီးသွားတယ် ဆိုရင်တော့ အဲဒီရေဟာ လူသားတွေအတွက် အပြစ်က ပိုပြီးတော့များမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့် အဆိုပြုတဲ့ မီဒီယာသမားများရဲ့ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ရေးသားခွင့် ပေးပြီးတော့ အဲဒီ လွတ်လပ်စွာ ရေးသားခွင့် အတွက်ကို ကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်း ပေးဖို့ဆိုရင် တိုင်းပြည်နဲ့ လူမျိုး အကျိုးအတွက် ပြည်သူများ အတွက် အကျိုးထက် အပြစ်က များနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေများနဲ့ အညီသာ ထင်မြင် ယူဆချက်များကို ရေးသားခွင့် ပေးမယ် ဆိုရင်တော့ ဒါဟာ အကျိုးရှိနိုင်မှာ ဖြစ်တယ်လို့ ပြောလိုပါတယ်။
အလားတူပါပဲ ဦးသိန်းညွန့်ရဲ့အဆိုမှာ စောစောကလည်း ရှင်းပြ သွားကြပါပြီ။ လွတ်လပ်စွာ ဆိုတဲ့ စကားပါ ရှိပါတယ်။ လွတ်လပ်ခွင့် ဆိုတာရဲ့ အဓိပ္ပာယ်ဟာ မိမိရဲ့ လွတ်လပ်ခွင့်ကို ယူကြတဲ့အခါမှာ လူ့အဖွဲ့အစည်းကို သော်လည်းကောင်း၊ နိုင်ငံတော်ကို သော်လည်းကောင်း၊ အခြားသော ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ အခွင့်အရေးကို သော်လည်းကောင်း မထိခိုက်မှသာ ကျင့်သုံးနိုင်တာ ဖြစ်ပါတယ်။ အခြား လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ အကျိုးစီးပွားကို ထိခိုက်ပြီး လွတ်လပ်မှုကို ကျင့်သုံးလို့ မရနိုင်ပါဘူး။ ဟာ ဒို့ လွတ်လပ်ခွင့် ရပြီပဲ၊ ဒီကနေ့ ဒီမိုကရေစီ သွားနေပြီပဲ၊ ဟိုမှာ ဥက္ကဋ္ဌကြီး ထိုင်နေပေမယ့် ကျန်တဲ့လူတွေ နားထောင် နေပေမယ့် ငါအိပ်နေလိုက် ဦးမယ်လို့ လုပ်လို့လည်း မရပါဘူး။ လွတ်လပ်ခွင့် ဆိုတာဟာ စည်းနဲ့ ကမ်းနဲ့ ကျင့်သုံးရသလို ဆင်ခြင်တုံ တရားနဲ့လည်း ကျင့်သုံးရတဲ့ အရာဖြစ်ပါတယ်။ ဒါ့ကြောင့် လွတ်လပ်စွာ ရေးသား၊ လွတ်လပ်စွာ ထင်မြင် ယူဆချက်များကို ရေးသား ထုတ်ဖော်ခွင့် ဆိုတဲ့နေရာမှာ သတ်မှတ် ထားတဲ့ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံ တရားစတဲ့ အကြောင်းတရားတွေကို အခြေခံပြီးမှ သာလျှင် ရေးသား ဖော်ပြလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါမှလည်း အားလုံးအတွက် ကျွန်တော်တို့ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ် ဆိုတာကို ကျွန်တော် ရှင်းလင်း ပြောကြားလိုပါတယ်။
ဆက်လက်ပြီးတဲ့ အခါမှာ ဒါနဲ့ ဆက်စပ်ပြီး တင်ပြလိုတာက ကျွန်တော်တို့ရဲ့ အခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ဒါ စောစောကလည်း ပြောသွားကြ ပြီးပါပြီ။ အဲဒီ ပုဒ်မ ၃၅၄မှာ နိုင်ငံသား တစ်ဦးဟာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး သို့မဟုတ် ပြည်သူအများရဲ့ ကိုယ့်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများကို မဆန့်ကျင်လျှင် မိမိရဲ့ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသား ဖြန့်ဝေခွင့် ရှိတယ်လို့ပဲ ပြဋ္ဌာန်းထားပါတယ်။ လွတ်လပ်ခွင့်ကို အတိုင်းအဆမရှိ ကန့်သတ်ချက် စည်းမျဉ်း စည်းကမ်းမရှိ ကျင့်သုံးနိုင်တယ်၊ ရေးသား ထုတ်ဝေ ပြောဆိုနိုင်တယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ ဒီ အခြေခံဥပဒေရဲ့ ပြဋ္ဌာန်း ထားတာကို ပြဋ္ဌာန်းထားတဲ့ အဲဒီအပိုဒ်ကို ကြည့်ရင်ကို မီဒီယာ သမားများ အတွက် လွတ်လပ်ခွင့် ရှိသလို တာဝန်လည်း ရှိနေတယ်ဆိုတာ အဲဒီမှာ တွေ့ရမှာ ဖြစ်ပါတယ်။ မီဒီယာ သမားများဟာ လွတ်လပ်ခွင့်နဲ့ အညီ လွတ်လွတ် လပ်လပ် ရေးသား နိုင်သလို တာဝန်အရ တစ်နည်းအားဖြင့် ပြောရရင် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးကို မထိပါးမိအောင်၊ မကျူးလွန် မိအောင်လည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်မှာလည်း လွတ်လပ်ခွင့်နဲ့ တာဝန်ဟာ တွဲပေးထားပါတယ်။ ဒါ့ကြောင့် ဒါကို ကျင့်သုံးကြတဲ့ အခါမှာ လွတ်လပ်ခွင့်ကို ယူသလို တာဝန်ကိုလည်း ခံကြရမှာ ဖြစ်ပါတယ် ဆိုတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင်လည်းပဲ ဒီနေရာမှာပါတဲ့ ပြည်သူများရဲ့ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများကို မဆန့်ကျင်လျှင် ဆိုတဲ့စကား အင်မတန် အရေးကြီးပါတယ်။ ပြည်သူများရဲ့ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေဆိုတာ အင်မတန် ကျယ်ဝန်းပါတယ်။ တချို့သော ပြည်သူများရဲ့ ကိုယ်ကျင့်တရား အကျိုးငှာဆိုတဲ့ ကိစ္စတွေဟာ ဥပဒေနဲ့အညီ စာအုပ်ပေါ်မှာ ပြဋ္ဌာန်း ရေးဆွဲထားလို့ ရနိုင်ပေမယ့် အချို့သော အကြောင်းအရာတွေက ဥပဒေနဲ့ အညီ ပြဋ္ဌာန်းရေးဆွဲလို့ မရနိုင်ပါဘူး။ အဲဒါတွေက ဘာနဲ့ လိုက်နာရမှာလဲ ဆိုရင် ဆင်ခြင်တုံ တရားနဲ့ လိုက်နာရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူများရဲ့ ကိုယ်ကျင့်တရား အကျိုးငှာ ဆိုတာနဲ့ ပတ်သက်ပြီး ဥပဒေများကို လေ့လာကြည့်တဲ့ အခါမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ၂၉၂၊ ၂၉၃၊ ၂၉၄ ဘာတွေလဲ ဆိုတာကိုတော့ ကျွန်တော် မတင်ပြတော့ပါဘူး။ အဆိုရှင် ဦးသိန်းညွန့် ကလည်း ရှေ့နေကြီး ဖြစ်တဲ့အတွက် ကျွန်တော့်ထက် ဒါတွေ ပိုသိမှာပါ။ အလားတူပဲ ဥပဒေပုဒ်မ ၂၉၈၊ အလားတူပဲ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝဝ၊ နောက်တစ်ခါ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၉၊ နောက် ကလေး သူငယ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ဒါတွေကိုတော့ လိုက်နာကြရမှာ ဖြစ်ပါတယ်။ ဒါတွေကိုတော့ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒါတွေကို မထိန်းသိမ်း မလိုက်နာဘဲနဲ့ မီဒီယာသမားက မိမိရဲ့ ထင်မြင် ယူဆချက်ကို စောစောက ဆဒ္ဒန် ဆင်မင်းမှာ ကျွန်တော် တင်ပြခဲ့သလို သူထင်မြင်တာတွေကို ရေးသွားဖို့ အတွက် အဲဒီလို ရေးတာ အတွက် ကာကွယ်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ ဆိုတာကတော့ ဒါဟာ သဘာဝ မကျပါဘူး ဆိုတာကို ကျွန်တော် ရှင်းလင်း ပြောကြားလိုပါတယ်။
ဆက်လက်ပြီးတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီးကလည်း မီဒီယာသမားများ အပါအဝင် နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော် ပထမအကြိမ် အစည်းအဝေးမှာ ကျွန်တော်တို့ အနေနဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေး တစ်နည်းအားဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အခြေခံ ဥပဒေနဲ့အညီ ကျင့်သုံးနိုင်အောင် လိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း ဆောင်ရွက် သွားမယ်လို့ အတိအလင်း ကျွန်တော်တို့ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့လည်း မီဒီယာသမားများ အနေနဲ့ မိမိတို့ရဲ့ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ရေးသားဖော်ပြနိုင်အောင်၊ အခြေခံဥပဒေနဲ့ အညီလည်း ဖြစ်အောင် တိုင်းပြည်နဲ့ လူမျိုးအကျိုးကို အကျိုးပြုနိုင်တဲ့ စစ်မှန်သော စတုတ္ထ မဏ္ဍိုင်လည်း ဖြစ်လာအောင် မီဒီယာဆိုင်ရာ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း စတာတွေ လုပ်နိုင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်ကို တင်ပြနိုင်ဖို့ စီမံ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဲဒီလို စီမံရေးသားတဲ့ အခါမှာလည်းပဲ လွတ်လပ်စွာ ရေးသားခွင့် ဆိုတာကိုလည်းပဲ ရှိအောင်၊ လွတ်လပ်ခွင့် ဆိုတာကိုလည်းပဲ အလွဲသုံးစား မရှိအောင်၊ မီဒီယာသမားများ အတွက် ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေလည်း ပါအောင်၊ တာဝန်နဲ့ ဝတ္တရားတွေလည်း ပါအောင်၊ ဥပဒေ ကျူးလွန်ခဲ့ရင် ကျခံနိုင်ရတဲ့ ပြစ်ဒဏ်တွေလည်း ပါအောင် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဦးသိန်းညွန့် အဆိုပြုတဲ့ မီဒီယာသမားများ အတွက် အကာ အကွယ် ဆိုတာလည်း ခုနက ရပိုင်ခွင့် ဆိုတာ အကာ အကွယ်ပါပဲ။ သို့သော်လည်းပဲ ဥပဒေနဲ့ အညီ၊ လွတ်လပ်ခွင့် ဆိုတာနဲ့ အညီ၊ အခြေခံဥပဒေ ဆိုတာနဲ့ အညီပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။
၁၉၈၈ အခြေအနေတုန်းက ရေးချင်သလိုရေး၊ ထုတ်ချင်သလို ထုတ်နေကြတဲ့ အခွင့်အရေးမျိုးကိုတော့ ရနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ- ဦးဌေးကြွယ်နဲ့ ဒေါ်အေးငြိမ်းသူတို့ ဆင်သွားတဲ့ ဇာတ်လမ်းမျိုးတွေ၊ ဒေါ်အေးငြိမ်းသူက ကျွန်မကို တော့ဖြင့် လုံထိန်းတွေက ကျွန်တော့်ရဲ့ ဒီမှာ အစ်မများ ညီမများလည်း ပါ ပါတယ်။ မတရားသဖြင့် ပြုကျင့် ပါတယ်၊ တစ်ယောက်တည်းလည်း မဟုတ်ပါဘူး၊ အများကြီးပါ။ ဘီဘီစီ၊ ဗွီအိုအေကနေ ထုတ်ပြီး ကြေညာလိုက်တယ်။ (၇-၈-၈၈)ညမှာ၊ အဲဒီလို မမှန်မကန် လွတ်လပ်မှုကို အလွဲ သုံးစားပြုပြီး ဆောင်ရွက် လိုက်တဲ့ အခါကျတော့ (၈-၈-၁၉၈၈)မှာ ကျွန်တော်တို့ နိုင်ငံ ဘာဖြစ်ခဲ့သလဲ၊ ဒါကြောင့်မို့လို့ ဒီလို ပြင်ဆင် ရေးဆွဲတဲ့ အခါမှာ စတုတ္ထမဏ္ဍိုင် ပီသစွာလည်း ကျင့်သုံးနိုင်အောင်၊ တိုင်းပြည်နဲ့ လူမျိုး အကျိုးလည်း ရှိအောင် မီဒီယာသမားတွေ ရသင့် ရထိုက်တဲ့ လွတ်လပ်ခွင့်တွေ လည်း ရှိအောင် သူတို့တစ်တွေ ထိန်းသိမ်းရမယ့် တာဝန် ဝတ္တရားတွေကိုလည်း ထိန်းသိမ်းနိုင်အောင် အဲဒီအချက်မျိုးတွေ ပါဝင်တဲ့ ဥပဒေများကို ကျွန်တော်တို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တချို့သော ဥပဒေများနဲ့ ပတ်သက်ရင် ပြင်ဆင်ချက် ဖြည့်စွက်ချက်များနဲ့ အတူ ကျွန်တော်တို့ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ လောက်ကတည်းက ရှေ့နေချုပ်ရုံးကို ကျွန်တော်တို့ တင်ပြထားပါတယ်။ ရှေ့နေချုပ်ရုံးရဲ့ ကျွန်တော်တို့ ဘာလဲလို့ မေးရင်တော့ အကြံပြုချက်ကို ရယူထားပါတယ် ဆိုတာကို ရှင်းလင်း ပြောကြားလိုပါတယ်။ ဒီလို ဥပဒေတွေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မပြုမီ ကာလအတွင်းမှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ လက်ရှိ အတည် ဖြစ်ဆဲဖြစ်တဲ့ ဥပဒေများထဲက လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး မီဒီယာ လောကသား များရဲ့ လွတ်လပ်ခွင့်တွေ အတွက် ဖြေလျော့မှုကို ပြုလုပ်ပေးလျက် ရှိပါတယ်။ ဒါလည်းပဲ မနေ့က ဦးသိန်းညွန့်ရဲ့ အဆို တင်သွင်းစဉ်မှာ ပြောသွားတာတွေကို ကျွန်တော် ကြားလိုက်ပါတယ်။ စာပေ လောကသားတွေ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက ဖြေလျော့မှုတွေ စီစဉ် ပေးနေတယ် ဆိုတာလည်း ကျွန်တော် ကြားမိပါတယ်လို့ ပြောသွားတာကို ကျွန်တော် သတိထားမိပါတယ်။ အဲဒီလို စာပေ လောကသားတွေ အတွက်၊ မီဒီယာ သမားတွေ အတွက် စည်းနဲ့ ကမ်းနဲ့ ရသင့် ရထိုက်တဲ့ လွတ်လပ်မှုတွေ ရအောင် ဖြေလျော့မှုတွေ ကနေ့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
အဲဒီတော့ ဒီလို ဘာ့ကြောင့် ဆောင်ရွက်တာလဲ ဆိုလို့ရှိရင် ပြည်ထောင်စု လွှတ်တော်က အဲဒီ မီဒီယာ ဆိုင်ရာ ဥပဒေတွေ အတည်ပြု လိုက်တဲ့အခါမှာ မီဒီယာ လောကသားတွေ ဆောင်ရွက်နေတဲ့ ဆောင်ရွက်မှုတွေနဲ့ အဆင်သင့် အံဝင်ခွင်ကျ ဖြစ်အောင် ရည်ရွယ်ပြီးတော့ ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ် ဆိုတာကို ကျွန်တော် ပြောလိုပါတယ်။
ဆက်ပြီးတဲ့အခါမှာ အဲဒီလို ဖြေလျော့ ပေးနေမှုတွေကို အနည်းငယ် တင်ပြလိုပါတယ်။ ကနေ့အခါမှာ မီဒီယာ လောကသား အားလုံး အတွက် လွတ်လပ်မှု၊ တာဝန်သိမှု၊ တာဝန်ရှိမှုနဲ့ တာဝန်ယူမှုကို ပူးတွဲ ကျင့်သုံး စေပြီးတော့ လူပုဂ္ဂိုလ်တစ်ဦး အပေါ်ကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုကိုပဲ ဖြစ်ဖြစ်၊ ဌာနဆိုင်ရာ တစ်ခုအပေါ်ကိုပဲ ဖြစ်ဖြစ် အပြုသဘောနဲ့ ဝေဖန်သုံးသပ် ထောက်ပြ အကြံဉာဏ် ရေးသားခွင့်ကို ခွင့်ပြုပေးလျက် ရှိပါတယ်။ ဒါလည်း ရှေ့နေကြီး ဦးသိန်းညွန့် သိပြီး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီလို ပေးထားတဲ့ အတိုင်း လောကသားတွေ ကလည်းပဲ ကနေ့ ကျင့်သုံး နေကြပြီ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အလေ့အကျင့် မရှိကြသေးတဲ့ အတွက် အဲဒီလို လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို ကျင့်သုံးရတဲ့အခါမှာ စာပေလောကနဲ့ ပုဂ္ဂလိက လောကကြား အဖွဲ့အစည်းတွေ ကြားမှာ ဝိရောဓိတွေနဲ့ အခက်အခဲတွေ ဖြစ်နေတာကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။ ဦးသိန်းညွန့် ကိုယ်တိုင် ဆက်စပ်မှု ရှိတဲ့ Hot News နဲ့ SSC ဆေးရုံကြား ကိစ္စ ပေါ်ခဲ့ပါတယ်။ အလားတူပါပဲ မီဒီယာသမား ဂျာနယ်တစ်ခုက မတော်တဆ ကားတိုက်ပြီး သေသွားတဲ့ ကားတိုက်တဲ့အခါမှာ အမျိုးသမီးကြီးရဲ့ ခေါင်းက ကျေသွားပါတယ်။ အဲဒီပုံကြီးကိုပါ ထည့်ပြီးတော့ ပြလိုက်တဲ့ အတွက် သူ့မိသားစုက ဆန့်ကျင် ကန့်ကွက် တရားစွဲတဲ့ ကိစ္စ ဖြစ်ခဲ့ပါတယ်။ ဒါ ဘာကို ပြနေတာလဲ ဆိုရင် လွတ်လပ်စွာ ထင်မြင် ယူဆချက်ကို လုပ်ခွင့် ရှိတယ် ဆိုပေမယ့် စည်းမဲ့ ကမ်းမဲ့ လုပ်လို့ မရပါဘူး ဆိုတာကို ပြနေတာပါ။ တစ်ဖက် မိသားစုက သူ့အမေ ဒီလိုဖြစ်ရတဲ့ ကြားထဲက ခေါင်းမှ မပါတော့တဲ့ ဒီခန္ဓာကိုယ်ကြီးကို ဂျာနယ်ထဲမှာ ထုတ်ပြရတာ ဒါဟာဖြင့် ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပါတယ် ဆိုတဲ့ ဥပဒေနဲ့ တရားစွဲပါတယ်။ ဒါ့ကြောင့် လွတ်လပ်ခွင့် ဆိုတဲ့ နေရာမှာ လွတ်လပ်ချင်သလို လွတ်လပ်ပြီးတော့ ထင်မြင် ယူဆချက် ဆိုတဲ့အခါမှာ ဆဒ္ဒန်ဆင်မင်းမှာ ကျွန်တော် တင်ပြသလို ကြိုက်သလို ထင်မြင် ယူဆပြီး အဲဒါတွေကို ရေးလို့တော့ ရနိုင်မှာ မဟုတ်ပါဘူး ဆိုတာကို ကျွန်တော် တင်ပြလို ပါတယ်။ အဲဒီလို ဖြေလျော့ပေးတဲ့ အပြင် ကနေ့အခါမှာ စာပေစိစစ်ရေးမူ (၂၁)ချက်အစား (၁၂)ချက်ကို ပြောင်းလဲပြီးတော့ ဖြေလျော့ ပေးနေပြီ ဖြစ်ပါတယ်။ အဲဒီ (၁၂) ချက်ကလည်းပဲ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ အားလုံးမှာ ကျင့်သုံး နေတဲ့ စံများနဲ့ သဘောတရား အတူတူပဲ ဖြစ်တယ် ဆိုတာကို ပြောလိုပါတယ်။ ဒါ့အပြင်လည်းပဲ ကနေ့အခါမှာ စာပေ စာနယ်ဇင်း၊ စာအုပ် စာစောင် အားလုံးကို အုပ်စု (၂)စုခွဲပြီးတော့ အုပ်စု (၁)မှာပါတဲ့ စာအုပ် စာစောင်များကို ကနေ့ အခါမှာ ထုတ်တင်စနစ် အဖြစ် ဖြေလျော့ပေးနေပါပြီ။ ထုတ်တင်စနစ် ဆိုတာ ဘာလဲလို့ မေးရင် စောစောက ပြောခဲ့တဲ့ စာပေစိစစ် (၁၂)ရပ်၊ ပြီးတဲ့အခါမှာ လွတ်လပ်မှုနဲ့ တာဝန်ယူမှုဆိုတဲ့ မူတွေကို ကျင့်သုံးပြီးတော့ မိမိဘာသာ လွတ်လပ်စွာ ရေးသား ထုတ်ဝေပြီးမှ စာပေစိစစ်ကို တင်ရတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ အဲဒီအထဲမှာ စာပေ (၅)ရပ် ပါဝင်ပါတယ်။ ကလေးစာပေ၊ ကျန်းမာရေးစာပေ၊ နည်းပညာစာပေ၊ အားကစားစာပေ၊ နောက်တစ်ခုက သုတရသ စာပေများ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။
အဲဒါကို စတင်ကျင့်သုံး တာကတော့ ဘယ်တုံးကလဲလို့ မေးရင် ၂ဝ၁၁ ဇွန်လကတည်းက ကျင့်သုံးလာတာ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ဆက်လက်ပြီးတဲ့ အခါ အုပ်စု (၂) ဝင် စာစောင်တွေ ကတော့ ကနေ့အခါမှာ တင်ထုတ်စနစ်နဲ့ လုပ်နေကြရတုန်း ဖြစ်ပါတယ်။ တင်ထုတ်စနစ် ဆိုတာကတော့ သူတို့ရဲ့ စာပေ ရေးသားမှု မူကြမ်းတွေကို စာပေစိစစ်ကို တင်ပြီး စာပေစိစစ်က စိစစ်ပြီးကာမှ ခွင့်ပြုချက်ရမှ ထုတ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ဒီနေရာမှာ ဦးရဲထွန်း ပြောသွားတဲ့ ဥပဒေတွေ ရှိပြီပဲ၊ တရားရုံးတွေရှိပြီပဲ၊ စာပေစိစစ် ရှိဖို့ လိုသေးသလားလို့ မေးသွားပါတယ်။ စာပေ စိစစ်ရှိဖို့ လိုပါသေး တယ်။ ဘာကြောင့်လဲ အကြောင်း (၂)ချက် ကျွန်တော် ပြောပါ့မယ်။ တရားရုံးကိုသွားရင် တရားဥပဒေအရ ရင်ဆိုင်ကြရင် အချိန် ကြာညောင်း အလုပ်တွေ အကိုင်တွေ ပျက်ကြတဲ့အပြင် တရားဥပဒေက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို ပြင်းပါတယ်။ ကျွန်တော်တို့မှာ ကနေ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ဆိုရင် အဲဒါမျိုးတွေ ကျူးလွန်ခဲ့ရင် ထောင်ဒဏ် ပါတယ်။ ငွေဒဏ်တွေ အများကြီးပါ ပါတယ်။ စာပေစိစစ်က ဝင်ပြီးထိန်းရင် တစ်ခါတလေ သတိပေးရုံနဲ့ ပြီးပါတယ်။ တစ်ခါတလေ နှစ်ဖက် ညှိနှိုင်းပေးရုံနဲ့ ပြီးပါတယ်။ ဘယ်ဟာက ပြည်သူတွေ အတွက် အကျိုးရှိပါသလဲ။ ကနေ့ စာပေစိစစ်က တိုင်းပြည်နဲ့ လူမျိုးအကျိုး အတွက် ဥပဒေနဲ့အညီ မသင့်တော် တာတွေ ရေးသားမှုကို ထိန်းသိမ်း ပေးနေတာမှန်သော်လည်း စာပေ လောကသားတွေရဲ့ အကျိုး၊ ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက် ပေးနေတယ် ဆိုတာကို စေ့စေ့စပ်စပ် Bias မပါဘဲနဲ့ တွေ့နိုင်ပါတယ်လို့ ပြောလိုပါတယ်။ ဒါကတစ်ချက်။
နောက်တစ်ချက်က ဘာလဲဆို ကနေ့ကျွန်တော်တို့ ဒီမိုကရေစီကို သွားနေကြတာ မွေးစ ကလေးလေးပဲ ရှိပါသေးတယ်။ ဟာ ကလေးလည်း လူပဲ ဘာလို့သူ့ကို ထမင်း ကျွေးနေရမှာလဲ။ ထားလိုက်စမ်း၊ ကလေးလည်း လူပဲ၊ သူ့ဟာသူ သွားလိမ့်မယ်လို့၊ သူ့ဟာသူ ရေချိုးလိမ့်မယ်။ ဘာမှ လုပ်မပေးနဲ့လို့ ရပါသလား။ ကလေးလည်း လူပဲလေ။ လူကြီးလည်း လူပဲလေ။ လူကြီးကျတော့ သူ့ထမင်း သူစားတယ်။ ဒီကလေး နို့လည်း မတိုက်နဲ့။ ကလေးပဲကွာ လူဖြစ်လာပြီပဲကွာ အသက် ရှိလာပြီကွာ ထားလိုက်စမ်းပါ မရပါဘူး။ ဒီသဘောအရ စာပေစိစစ်ရေးဟာ ရှိနေဖို့လိုပါ သေးတယ်။ သို့သော် ထာဝရ ရှိနေမှာ မဟုတ်ပါဘူး။ ကနေ့ ဒီမိုကရေစီကို သွားနေတာ ဖြစ်တယ်။ သင့်တော်တဲ့ အချိန်မှာ စာပေစိစစ်ရေးဟာ ရှိမှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော် ပြောလိုပါတယ်။ အဲဒီတော့ ဒုတိယ အုပ်စုမှာရှိနေတဲ့ စာအုပ်တွေကိုလည်း ဒီအတိုင်း မထားပါဘူး။ အုပ်စု (၁)ကို တစ်ဆင့်ပြီး တစ်ဆင့် သွင်းမှာပါ။ အဲဒီလိုသွင်းတဲ့ အခါမှာလည်းပဲ ဆန္ဒစောပြီး သွင်းလို့မရပါဘူး။ ဘယ်အရာ ဘယ်ကိစ္စမှာ မဆို တန်ရုံဆိုတာ အရေးကြီးပါတယ်။ စောရင်လည်း မကောင်းပါဘူး။ နောက်ကျရင်လည်း မကောင်းပါဘူး။ မှန်ကန်တဲ့ တိုင်ပင်ဆိုတာ အင်မတန် အရေးကြီး ပါတယ်။ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ စစ်ရေးမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေးမှာပဲ ဖြစ်ဖြစ် ဒါဟာ ဒီသဘော ရှိပါတယ်။ ဒါ့ကြောင့် အုပ်စု (၂)မှာရှိတဲ့ စာအုပ်တွေကို အုပ်စု (၁)ကို ကျွန်တော်တို့ သွင်းတဲ့အခါမှာ ကနေ့ ကျင့်သုံးနေတဲ့ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို စာပေ လောကသားတွေ ကျင့်သုံးကြတာ ဘယ်လောက် အထိ ထိရောက် အောင်မြင်နေပြီလဲ။ အုပ်စု (၁)မှာ ထုတ်တင်စနစ် လုပ်တာ ဘယ်လောက် သဟဇာတ ဖြစ်ပြီလဲ။ အဲဒီအပေါ် ကျင့်သုံးပြီးတော့မှ တဖြည်းဖြည်း ကျွန်တော်တို့ ပြောင်းလဲ ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး ကျလို့ရှိရင်တော့ စာအုပ်စာစောင်၊ ဂျာနယ် အားလုံးဟာ တင်ထုတ် ဆိုတာ မရှိတော့ပါဘူး။ ထုတ်တင် ဆိုတာပဲ ရှိတော့မှာပါ။ အဲဒီကျရင် စာပေစိစစ် ဆိုတာလည်း သူ့ဟာသူ ထိုင်ပြီးတော့ ဘယ်သူက စည်းကမ်း ဖောက်သလဲ၊ ဘယ်သူက မဖောက်ဘူးလဲ ဆိုတာကို စောင့်ကြည့်ရုံ လောက်ပဲ ရှိမှာဖြစ်ပါတယ်။ ဒါဖြင့်ရင် ကမ္ဘာမှာရော စာပေစိစစ်ဆိုတဲ့ ကျွန်တော်တို့ နိုင်ငံမှာ သုံးတဲ့ စာပေစိစစ်ဆိုတဲ့ အဖွဲ့မျိုး မရှိဘူးလားလို့ မေးရင် နိုင်ငံတိုင်းမှာ ရှိပါတယ်။ လေ့လာ ကြည့်ပါလို့ ကျွန်တော် ဘာဖြစ်လဲ ဆွေးနွေး ပြောကြားလိုပါတယ်။ ဒါကြောင့် နောင်တစ်ချိန်ကျရင်တော့ မီဒီယာဆိုင်ရာ ဥပဒေများကိုလည်းပဲ သက်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီး ဖြစ်တော့မှာပါ။
အဲဒီလို အတည်ပြု ပြဋ္ဌာန်းပြီးတဲ့ အခါကျရင်တော့ စာပေ စာနယ်ဇင်း သမားများဟာ မိမိတို့ရဲ့ ထင်မြင် ယူဆချက်များကို အဲဒီ ဥပဒေများနဲ့ အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား ဒါတွေနဲ့ပါ ကျင့်သုံးပြီးတော့ လွတ်လွတ် လပ်လပ် ဆက်လက် ဆောင်ရွက် သွားခွင့်ရမှာ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။ ဒါ့ကြောင့် ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့် အဆို တင်သွားတဲ့ အဆိုဟာ ကျွန်တော်တို့ ဝန်ကြီးဌာနက ဆောင်ရွက်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်များ အတွင်းမှာ အကျုံးဝင်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးသိန်းညွန့်ရဲ့ အဆိုကို အဆိုအစား တိုက်တွန်းခြင်း ဆိုတဲ့ တိုက်တွန်းချက် အနေနဲ့ပဲ ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်က မှတ်တမ်းတင်ပေးဖို့ တင်ပြရင်း နိဂုံးချုပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

အလိုကြီးတော့ အရနည်းတယ်၊ သဘာဝကို နားလည်ပါ


နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်ဆိုပီး မဏ္ဍိုင်ကြီး(၃)ရပ် ရှိပါတယ်။ တစ်ချို့ကျ တော့လည်း ဒေါက်တိုင်ကြီးတွေ လို့လည်း ခေါ်ဆိုလေ့ ရှိကြပါတယ်။ မဏ္ဍိုင်ကြီးတွေလို့ပဲ ခေါ်ခေါ် ဒေါက်တိုင်ကြီး တွေလို့ပဲ ခေါ်ခေါ် တိုင်းပြည် တစ်ပြည်မှာ ဒီ(၃)ရပ်ကတော့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီမဏ္ဍိုင်ကြီး (၃)ရပ်ကို ထိန်းသိမ်းဖို့ အတွက် မီဒီယာ မဏ္ဍိုင်ဟာ ပိုပြီးတော့ အရေးကြီးပါတယ်။ ပိုပြီးတော့ အခြေခိုင်ဖို့ လိုအပ်ပါတယ်။
ဒီလိုအရေးကြီးတဲ့ မဏ္ဍိုင်မှာ ပါဝင်နေကြတဲ့ မီဒီယာသမား တွေဟာလည်း အလွန်ပဲ အရေးကြီးပါတယ်။ မီဒီယာ ဆိုတာ ကောင်းတဲ့ ဘက်မှာသုံးရင် ကောင်းကျိုးပေးနိုင်သလို၊ ဆိုးတဲ့ဘက်မှာသုံးရင် ဆိုးကျိုးပေးနိုင်တယ် ဆိုတာ သတိပြုသင့် ပါတယ်။ သတင်းသမားတို့ စောင့်စည်းလိုက်နာရမယ့် ကျင့်ဝတ်တွေလည်း ရှိပါတယ်။ တစ်ချို့ကျင့်ဝတ်တွေကို ဥပဒေမှာ ပြဌာန်းထားတာမျိုးမဟုတ်ဘဲ ကိုယ်တိုင် အသိနဲ့ လိုက်နာ ရတာမျိုးလည်း ရှိပါတယ်။
ဒီနေ့ မြန်မာနိုင်ငံမှာ ခေတ်ပြောင်း စနစ်ပြောင်းကာလကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် မီဒီယာ ကဏ္ဍ ဟာလည်း ခေတ်တွေ၊ စနစ်တွေနဲ့ အညီ ပြောင်းလဲ လာခဲ့ပါပြီ။ တန်းဖိုးရှိတဲ့ သတင်းတွေ မီဒီယာ စာမျက်နှာတွေမှာ မြင်တွေ့ နေရပါပြီ။ သတင်း လွတ်လပ်ခွင့်တွေ ရနေပါပြီ။ ဒါဘယ်လိုမှ ငြင်းလို့မရတဲ့ တကယ့်အချက်အလက်တွေ ဖြစ်ပါတယ်။ လွှတ်တော်သတင်းတွေ၊ ထင်မြင်ယူဆချက်တွေ၊ အင်တာဗျူးတွေ၊ ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ တွေ့မြင် နေရပါပြီ။ ပြည်သူတွေ သိသင့် သိထိုက်တဲ့ သတင်းတွေမှန်သမျှ ပြည်သူ့ရှေ့မှောက်ကို အရောက်ပို့ဆောင်နေပါပြီ။ တစ်ချိန်က ဂျာနယ် မျက်နှာစာပေါ်မှာ နာမည် တူရင်တောင် ဖော်ပြခွင့်မရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေဆို ဂျာနယ်စုံမှာ မြင်တွေ့ နေရတယ် မဟုတ်လား။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော်ယာမှာ ဗိုလ်ချုပ် အောင်ဆန်းပုံ နောက်ခံထားပြီး ရိုက်ထားတဲ့ပုံတွေကို ဂျာနယ်အတော် များများမှာ တွေ့ခဲ့ရတယ် မဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ဆောင်းပါးတွေတောင် ဂျာနယ်တွေမှာ ဖော်ပြထားတာ ဖတ်နေကြရ တယ် မဟုတ်လား။ ဒါဟာ မီဒီယာလွတ်လပ်ခွင့် ရှိလာပြီလို့ မဆိုနိုင်ပေဘူးလား။
ဒီလို မီဒီယာ လွတ်လပ်ခွင့်တွေ ပေးလိုက်ပြန်တော့လည်း ရလေလိုလေ အိုတစ္ဆောဆိုတာလို စာပေစိစစ်ရေး ဆိုတာကြီး ရှိနေတာကိုက ဒီမိုကရေစီနိုင်ငံတွေမှာ မရှိသင့်တဲ့ကိစ္စပဲလို့ ဆိုလာကြ ပြန်ပါတယ်။ ခက်ပါရောလား။ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်၊ ဖြန့်ဝေခွင့်၊ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ တစ်ရပ်ဆိုပြီး တစ်မျိုး တိုးရစ် လာကြပြန်တယ်။ ဥပဒေကတော့ သတင်း သမားတွေ အတွက်တင် မဟုတ်ပါဘူး၊ အားလုံးအတွက် လိုအပ်ပါတယ်။ အားလုံးအတွက် နိုင်ငံသား များရဲ့ မူလအခွင့်အရေးနဲ့ ရပိုင်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထား ပါတယ်။ အခုလို ပြောနေတာတွေဟာ အစိုးရ ဘက်က ရှေ့နေလိုက် ပြောနေတာ မဟုတ်ပါ။ မီဒီယာ လွတ်လပ်ခွင့်တွေ ရလာတာ မျက်မြင်ကိုယ်တွေ့၊ အားလုံး အတွေ့ပဲ ဖြစ်ပါတယ်။ (၅)လကျော်သာ သက်တမ်း ရှိသေးတဲ့ အစိုးရတစ်ရပ်ဆီကနေ မီဒီယာ လွတ်လပ်ခွင့်တွေ အကုန်ပေး၊ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီရေးတွေ အကုန်ပေး၊ လျှပ်စစ်မီး တွေ (၂၄)နာရီ လွှတ်ပေး၊ ကုန်ဈေးနှုန်းတွေ ချပေးဆိုပြီး မဆန့် ရင်ကန် တောင်းလို့ မရနိုင်ဘူး ဆိုတာလေးကိုလည်း သတိပြု စေချင်လို့ပါ။
ဒီတော့က ကလေးငယ် တစ်ယောက် လူ့လောကမှ ရှင်သန် ကြီးပြင်း လာတာကို နမူနာထား သုံးသပ်ကြည့် စေလိုပါတယ်။ ခုမွေး ခုကြီး ခုလမ်းလျှောက် ခုစကားပြော ခုအလုပ်လုပ် ခု ပညာတတ်ကြီးဖြစ် ခု အများ အကျိုးပြု လုပ်ငန်း တွေလုပ် ဘယ်သွားရမှာလဲဗျာ။ စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။ အခု ပြောနေ တောင်းဆို နေကြတာများ ကျွန်တော် ပြောတဲ့ ဥပမာ အတိုင်း ဖြစ်နေတော့တာ။ အရာရာတိုင်းမှာ သူ့စည်း သူ့ကမ်းနဲ့ ရှိမှ အထိန်းအကွပ်ရှိမှ သဘာဝကျ တယ်ဆိုတာ မေ့နေကြတာလားလို့ ပြောရမလိုတောင် ဖြစ်နေပြီ။
အကွပ်မဲ့ကြမ်း ပရမ်းပတာ၊ လွတ်လပ်ခွင့် ဆိုတဲ့ စကားလုံးကို တွင်တွင် သုံးပြီး ဥပဒေမဲ့ ဥပဒေပ ပြောချင်တာ ပြော ရေးချင်တာရေး ၀ါဒဖြန့်ချင်တာဖြန့် ဒါတွေကို ပဉ္စမမဏ္ဍိုင် ဖြစ်တဲ့ ပြည်သူတွေက ယုံစားပြီး အထင်အမှတ် မှားလို့ တိုင်းပြည် ဖရိုဖရဲ ဖြစ်ရင် ဒါကို ဘယ်သူတွေက လာပြီး ပြန်တည့်မတ် မှာလဲ၊ ဘယ်သူတွေက ဒီကိစ္စကို တာဝန်ယူမှာလဲ၊ တကယ်တမ်းနစ်နာရမှာက ပြည်သူတွေပါ။ ဒါကြောင့် မွေးကင်းစ လေးငါးလသား အရွယ် ကလေးကို အတင်းဇွတ်ပြေးခိုင်း နေတဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်သင့်နေပါပြီ။ ဒီလို အခြေခံ သဘောတရားကိုတောင် နားမလည်ဘဲ ဘယ်လို ရင့်ကျက် တည်တံ့တဲ့ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ကြမှာလဲ။ ဒါကြောင့် သဘာဝကျကျနဲ့ နည်းမှန် လမ်းမှန် ရသင့်တဲ့ အရွယ် ရသင့်တဲ့ အချိန်တွေကို နားလည်ကြပြီး ပြည်သူ့အကျိုး နိုင်ငံအကျိုးကို တကယ် သယ်ပိုးကြဖို့ အမြင်းစူးစူးနဲ့ အတွင်းပိုင်းထိ ရောက်အောင် ကြည့်ပေးကြပါလို့ တိုက်တွန်း တင်ပြလိုက်ရပါတယ်။ ကိုပြည်ချစ်

No comments :