Sunday, 25 September 2011


KIA တပ်မဟာ (၄)အား သိမ်းပိုက်ရန် မြန်မာစစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်

by Jade Land on Saturday, September 24, 2011 at 9:34pm
Saturday, September 24, 2011 KNG News
-

-
မြန်မာအစိုးရသည် ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ တပ်မဟာ (၄) ဌာနချုပ်ကို သုံးရက်အတွင်း သိမ်းပိုက်ရန် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် “မုန်တိုင်း ထိုးစစ်” ကို စက်တင်ဘာ ၂၄၊ စနေနေ့က စတင်လိုက်သည်။
-
“ဇွန် ၉ ရက် နောက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲများတွင် ယခုတိုက်ပွဲမှာ မြန်မာစစ်အင်အား အကြီးဆုံးဖြစ်တယ်။ ဒါဟာ KIA အား စစ်အင်အား အလုံးအရင်းနှင့် မုန်တိုင်း ထိုးစစ် ဆင်နေခြင်းဖြစ်တယ်။” ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။
-
စနေနေ့ နံနက် ၄ နာရီ မှစ၍ ကွတ်ခိုင်အနီး KIA တပ်မဟာ (၄) ဌာနချုပ် လွယ်ကန် ဒေသ၀န်းကျင်တွင် နှစ်ဘက်တပ်များကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်လာသည်ဟု တပ်မဟာ (၄) KIA အရာရှိတစ်ဦးပြောသည်။
-
တိုက်ပွဲများ ကွတ်ခိုင် အထက် မန္တလေး-မူဆယ် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ၏ တဖက်တချက်ရှိ ဟိုဖက်၊ မန်ဂျေ၊ မုန်းခေါမ်၊ ဘန်ဖိတ်၊ ဒီမားစသည့် ရွာများအနီးနှင့် လွိုင်လမ်န်ဘွမ် (Loi Lem Bum) တောင်ခြေ တွင် ဖြစ်ပွားသည်ဟု ဆိုသည်။
-

-
KIA တပ်ရင်း (၂)၊ (၈) နှင့် (၉)မှ တပ်သားများက ယခုအချိန်ထိ မြန်မာစစ်တပ် မကွေးအခြေစိုက် တပ်မ (၈၈)နှင့် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) ထိုးစစ်ကို ခုခံနေကြောင်း သိရသည်။
-
ယင်းတပ်မ နှစ်ခုတွင် တပ်ရင်း(၁၈)နှင့် စစ်အင်အား ၁၀၀၀ ကျော်ပါဝင်သည့် မုန်တိုင်း ထိုးစစ်အား အထူးစစ်ဆင်ရေးအဖွဲ့-၂ (BSO-2) မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ဦးဆောင်နေသည်ဟု KIA အရာရှိများပြောသည်။
-
ယခုလို မြန်မာအစိုးရမှ KIA တပ်မဟာ (၄) အား ထိုးစစ်ဆင်ခြင်းသည် ရခိုင်ပြည်နယ် ရွှေဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမည့် လမ်းကြောင်းရှိ KIA တပ်မဟာ (၄) အား စစ်အင်အားဖြင့် အဓ္ဓမ မောင်းထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KIA အရာရှိများ ယူဆထားသည်။
-
ဒီမားကျေးရွာထဲသို့ အစိုးရတပ်မှ အမြောက်ကျည် ၂ လုံး ကျရောက်ပေါက်ကွဲနေသော်လည်း သေကြေဒဏ်ရာရရှိမှု ရှိမရှိ မသိရသေးကြောင်း ရွာသားများပြောသည်။တိုက်ပွဲဖြစ်ရာဒေသထဲမှ ရွာသားများအား လုံခြုံသောနေရာသို့ပြောင်းရွှေ့ရန် KIA က ညွှန်ကြားထားသည်ဟု ၎င်းဒေသမှ ဒေသခံများပြောသည်။
-
စစ်ပွဲကြောင့် စစ်ဖြစ်ရာဒေသမှ ကချင်နှင့် ရှမ်း ဒုက္ခသည် ထောင်ဂဏန်း ထွက်ပေါ်လာပြီး အများစုသည် တရုတ်နယ်စပ် မုန်းကိုသို့ ထွက်ပြေးရောက်ရှိနေသည်ဟု မျက်မြင်သက်သေများ ပြောသည်။
-
စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်မြို့ မံဟိုင်း ၀င်လာခြင်းအား မံဟိုင်းတွင် အခြေစိုက် ထားသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) စစ်သား (၁၀၀) ကျော်နှင့် တရုတ်နယ်ခြားစောင့်တပ် ၈၀ ကျော်က တင်းကြပ်စွာ ဟန့်တားနေသည်ဟု မုန်းကို ဒေသခံများ ပြောသည်။
-
သို့သော် မြန်မာပြည်ထဲ စီးပွားရေး လာလုပ်သော တရုတ်နိုင်ငံသားများ ပြန်ဝင်လာခွင့်ပြုနေသည်ဟု ဆက်ဆိုသည်။

2 comments :

Anonymous said...

ရွှေဓာတ်ငွေ့ပိုက်လိုင်း ဖျက်သိမ်းရေး၊ ဧရာဝတီမြစ်ကယ်တင်ရေး အတွက် တိုင်းရင်းသားတွေ စုပေါင်းတည်ဆောက်နေတဲ့ ပြည်ထောင်စု တပ်မတော်ကို စုပေါင်း ထောက်ခံပြီး၊ အာဏာရှင်လူတစ်စုကို တော်လှန်ဖို့ ပြောကြရပါမယ်။

Unknown said...

ပြောပဲပြောနေတော.မှာလား ။ အင်းလေ လေပဲရှိတာကိုး။ သတ္တိက မွေးကတည်းကပါမှ ပါမလာတာ ။