Saturday 22 October 2011

ပခုက္ကူရေဘေး ကယ်သူဝေး နေ

ရေဘေးသင့်မိသားစု တစ်စုလျှင် ဆန် ၁ပြည်နဲ့ ငွေကျပ် ၁ ထောင်ပဲ ပေးနိုင်သောကြောင့် မလုံလောက်သေးကြောင်း ပခုက္ကူဒေသခံများ ပြောဆို

by Myit Makha Mediagroup on Saturday, October 22, 2011 at 6:33am
ဝင့်သင်ဇာကျော်(မြစ်မခ)
အောက်တိုဘာ ၂၂၊ ရန်ကုန်မြို့။

ပခုက္ကူမြို့နယ်တွင်းရှိ ရေဘေးသင့်ပြည်သူများမှ အိမ်များပျက်စီးသွားသူအချို့ကို ပြည်လောက ပညာဒါနကျောင်း နှင့် မိုးကုတ်ရိပ်သာ ကျောင်းများတွင် ထားရှိထားကြောင်း နှင့် ကြက်ခြေနီအသင်းနှင့် မီးသတ်အဖွဲ့များသာလျှင် လာရောက် လှူနိုင်သေးသောကြောင့် အလှူရှင်များ လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

`လိုအပ်ချက်တွေကတော့ အများကြီးပဲ၊ သောက်ရေ၊ အစားအသောက်တွေအပြင် နေစရာအိမ်ပြင်ဖို့နဲ့ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကို ထူထောင်ဖို့ လိုပါသေးတယ်။ ခုတော့ ရေဘေးသင့်မိသားစု တစ်စုကို ဆန် ၁ပြည်နဲ့ ငွေကျပ် ၁ ထောင်ပဲ ပေးနိုင်တယ်ဆိုတော့ မလုံလောက်ပါဘူးဗျာ`ဟု ပခုက္ကူမြို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေသူ တဦးက ပြောသည်။

ရွှေတစ်ချောင်တံတားသည် အုပ်ချုပ်ရေးရုံး နှင့် စက်မှုဇုံရှိသော အရှေ့ဘက်ထိပ် နှင့် လူနေအိမ်ရှိ အနောက်ထိပ်တို့ ဆက်ထားသော တံတားဖြစ်ပြီး အဆိုပါ ရေကြီးရေလျှံခြင်းကြောင့် အိမ်ခြေ ၁၀၀ကျော် ပျက်စီးပြီး ၂၀၀ ကျော်ခန့် လူအသေအပျောက်ရှိကြောင်း နှင့် ပခုက္ကူဆေးရုံတွင်လည်း ဒဏ်ရာရရှိသူများ ရှိနေသေးကြောင်း ပခုက္ကူမြို့မှ ဒေသခံများထံမှ သိရသည်။

“မနေ့က သတင်းကြားတာတော့ အိမ်ခြေက ၁၉၀၀ ရှိတယ်တဲ့ ဒါပေမဲ့ တံတားက ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ဆက်ထားတယ်ဆိုပေမဲ့ အိမ်တွေက ကျူးကျော်အိမ်တွေဆိုတော့ အိမ်ခြေဘယ်လောက် ရှိတယ်ဆိုတာကအစ ပြန်မှတ်တမ်းပြန်ကောက်နေရတယ် သိပ်အတိအကျတော့ မသိသေးဘူး လူတော့ ၂၀၀ နီးပါးသေတယ်ကြားတယ် “ ဟု ဒေသခံ ကိုစိုးက ခန့်မှန်းပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံခြင်းများကြောင့် ပခုက္ကူမြို့အရှေ့ နှင့်အနောက်ဆက်ထားသော ရွှေတစ်ချောင်းတံတားကျိုး၍ နေအိမ် ၁၀၀ ခန့်ပျက်စီးသွားကာ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွေ ရေများပြန်လာကျဆင်းခဲ့ပြီး မုံရွာ မှ မန္တလေးသို့ ကားများ သွားလာရန် အခက်အခဲရှိနေသေးကြောင်းသိရသည်။

“ရေကတော့ ကျသွားပါပြီ ဘာလို့လဲဆိုတော့ အဲ့ချောင်းက ရေမစီးဘူး ရေတွေ ချောင်းထဲကနေဘဲ စီးသွားပြီ ဒါပေမဲ့ ကားတွေဆိုရင် မုံရွာကနေ မန္တလေးကို သွားမဲ့ကားတွေတော့ မရသေးဘူး အဲ့လိုဘဲ မန္တလေးကနေ မုံရွာကိုသွားမယ့်ကားတွေပေါ့ ဟိုဘက်ဒီဘက်ကူးမယ်ဆိုရင် လူဘဲခြေလျင် ကူးလို့ရမယ် ဟိုဘက်ခြမ်းက ကားကိုတစ်ဆင့်ပြန်ပြောင်းစီးရမှာ” ဟု ပခုက္ကူဒေသခံ ကိုစိုးက ပြောသည်။

ပခုက္ကူမြို့တွင် ရေကြီးရေလျှံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖုန်းမောင်ရွှေမှ လာရောက်ခဲ့ပြီး ရေဘေးသင့်ဒေသခံများကို ကယ်ဆယ်ပြီး ပြန်လည် နေရာချ ထားပေးခြင်းကိုလည်း ပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်တင့်ထံမှ သိရသည်။


No comments :