Tuesday, 22 November 2011

မမ နဲ့ ပြည်တွင်းစစ်

                                      

             မမ နဲ့ ပြည်တွင်းစစ်
                                            

၁၉၆၂ ၀န်းကျင်လောက်တုံးက မြစ်ဝကျွန်းပေါ် ကျုံပျော်မြို့ က  ကရင်သူပုန်နဲ့  အစိုးရတပ် ဘတပြန်ကျားတပြန် ထိမ်းချုပ်နေတဲ့နယ်မြေဖြစ်ခဲ့တယ်။  ရွာကိုကရင်သူပုန်က မကြာခန၀င်ထွက်လှုပ်ရှားနေနိင်တယ်။ ကျနော်တို့ အိမ်ကို ၀ိုင်းခဲ့တယ်။ တခါကတော့ တရွာလုံးတုန်လှုပ် သွားတဲ့ဖြစ်ရပ်တခုဖြစ်ခဲ့တယ်။ ဒါကတော့ ရွာက ကျောင်းဆရာကို ကရင်သူပုန်တွေက အစိုးရသတင်းပေး ဆိုပြီသတ်သွားတော့တာပါပဲ။  ဦးနေ၀င်းတော်လှန်ရေးကောင်စီအစိုးရကလည်း ၀ါဒဖြန့် တာ တော်တော်ကို ဆိုးတယ်။ ရုပ်ပျက်ဆင်းပျက် ဆရာအလောင်းကို အခေါင်းဖွင့်ပြီး ကျောင်းသားတွေကိုပြထားတယ်။ ကျောင်းသားတွေကိုကြည့်ခိုင်းတယ်။ သူပုန်တွေဆိုးသပေါ့။ အစိုးရကကောင်းသပေါ့။ အဖြူ-အမဲ ဘယ်လမ်းရွေးမလဲ ။ 

ကျောင်းကအလယ်တန်းအဆင့်ကျောင်းလေး။  ကျနော်ကတော့ ကျောင်းမနေသေးလို့ မကြည့်ခဲ့ရဘူး။ သူတို့ ဝါဒဖြန့် ချီမှုကိုခံရတာကတော့ ကျနော့်အမအကြီးဆုံးပဲ။ သူက အသက် ၁၄ နှစ်လောက်ရှိမယ်။ ၆ တန်းလောက်ရှိပြီထင်တယ်။ မမ လို ကျနော်တို့ အငယ်တွေကခေါ်ရတယ်။ သူကလှတယ်။  သွယ်လျှတဲ့မျက်နှာမှာ အလံနှစ်လက်ကို တဖျတ်ဖျတ်လွင့်ထူထားတယ်။ အလံတွေက မာနနဲ့ အကြင်နာ။ သူမာနကို  ပွဲတိုင်းကျော်မောင်တွေကြောက်ရသလို၊ သူရဲ့ ပြူးကျယ်တဲ့မျက်လုံးတွေက အငယ်တွေကိုကြင်နာစွာဆက်ဆံတတ်သူ။သူက  မောင်တပြုံတခေါင်းကြီး ( မောင် အရင်းတွေ အပေါင်းဝမ်းကွဲတွေ) အတွက် လေးစားကြည်ညိုရာ အားထားရာ၊ ဒုတိယအမေ။ တော်တော်လေးသိတတ်မှာသူဟာ အမ၊အမေမဟုတ်မှန်းကျနော်သိတယ်။ 

သူခေတ်အခါကသူဓါတ်ပုံ တွေကို ဓါတ်ပုံဆိုင်တွေကပြထားကြတယ်။ သင်္ကန်းကျွန်း ရှု့ တိုင်းယဉ်ဓါတ်ပုံဆိုင်မှာ ၄ ပေလောက်ရှိတဲ့သူ ရဲ့ ဓါတ်ပုံကိုဆိုင်ရှေ့ ခန်းမှာ ချိတ်ပြထားတယ်။
ဆရာ့အလောင်းကိုကြည့်ခဲ့ရတဲ့မမဟာ စိတ်တွေခြောက်ခြားသွားတယ်။ ငိုယိုနေတယ်။ စိတ္တဇလိုဖြစ်သွားတယ်။ ညဖက်မှာလှန့် အော်တယ်။ သူကိုလာခေါ်နေတယ်လို့ ပြောတယ်။ တယောက်ထဲမအိပ်ရဲပဲ ကြောက်လှန့် တကြားဖြစ်နေတယ်။

ကျောင်းမတက်နိင်တော့ဘူး ။ မအိပ်နိင်၊မစားနိင်၊ရေမိုးမချိုးနိင်တဲ့မမဟာ ဆံပင်ဖို ယိုဖါားယားဖြစ်နေတယ်။   ပြည်တွင်းစစ်မီးပြင်းထန်နေတဲ့အတွက် အဖေတို့ အမေတို့ က ကျန်မောင်နှမတွေကို ရန်ကုန်ကို ပို့ ထားတဲ့အတွက် အိမ်မှာကျနော်နဲ့ အမကြီးသာရှိတယ်။  ကျောင်းကိုထုတ်လိုက်ရတယ်။ ရွာထဲမှာတော့အမကိုရှုးသွားပြီလို့ ပြောနေကြတယ်။

တောအရပ်ဖြစ်တော့ ဆရာဝန်မရှိဘူး။ တနေ့ တော့ မြန်မာပယောဂဆရာကိုဘယ်ကနေရှာလာကြလဲမသိဘူး ။ ခေါင်းပေါင်း၊မရမ်းစေ့ရောင်တိုက်ပုံ၊ပုဆိုးအနက် အကွက် သရေအိပ် တလုံးနဲ့  ခေါင်းရင်းမှာထိုင်နေတယ်။ အမက ကျနောမိဘတွေနဲ့ သူရှေ့ ထိုင်နေတယ်။ ဆေးဆရာကြီးက မကောင်းဆိုးဝါးဝင်နေတယ်။ သူကုနိင်တယ်လို့ ဆိုတယ်။ နောက်တော့ သရေအိပ်ထဲက ဆေးကြိမ်လုံးလေးကိုထုတ်လိုက်တယ်။ အမကို စတင်ရိုက်ပါတယ်။ အမကလူးလိမ့်အောင်ခံနေရတယ်။ အဖေကိုဖက်ထားတယ်။ ကြောက်ပါပြီနာလှပါပြီပေါ့။ အမကလည်းငို၊ကျနော်ကလည်းအော်ငို တအိမ်လုံးကျွက်ကျွတ်ညံနေတယ်။ 


ကျနော်ထင်တာက အမကိုဝိုင်းနှိပ်စက်နေတယ်လို့ ထင်နေတယ်။ အဖေရောအမေရော၊ရွာထဲက ကိုယ်ခင်နေတဲ့အဒေါ်ကြီးတွေကပါမဆွဲတဲ့အပြင်အမကို ရိုက်နက်နေတာကိုကြည့်နေရသလားလို့  စိတ်တွေဆိုး။သနားစရာကောင်းတဲ့မမ က နောက်ဆုံးမှာ ၃ နှစ်လောက်အရွယ်ရှိသေးတဲ့ ကျနော်ကို   မောင်လေးရယ် လုပ်ပါဦးလို့ အော်လိုက်တဲ့အခါမှာတော့။ ဘာမှပြောမနေတော့ဘူး။ ဆေးဆရာကြီးသောက်ဖို့ ချထားပေးတဲ့ကျွတ်ကျွတ်ဆူ နေတဲ့ရေနွေးအိုးနဲ့   ဇတ်ကနဲ့ဆွဲပြီးဆရာကြီး ပေါင်ပေါ်ကို လောင်းချလိုက်တော့တယ်။ ဆရာကြီးဟာ  အောင်မလေး ဗျ ဆိုပြီး ထခုန်တော့တာပဲဗျို့ ။ ပွဲပျက်သွားတော့တာပေါ့ဗျာ။  အမလည်းလွတ်သွားတာပေါ့။

အမေတို့ အဖေတို့ လည်း ဆရာကြီးကိုပြာပြာသလဲတောင်းပန်ကြတယ်။ ဆရာကြီးလည်း ဆေးအိပ်ဆွဲပြီးပြန်တယ်။   အဖေက ဆေးအိပ်ကိုဆွဲပြီး ရိုရိုကျိုကျိုလိုက်ပို့ တာတောင်သူက ကျေနပ်ပုံမရတော့ဘူး။ ဒီအိမ်မှာ အပ မှီနေတာ တယောက်ထဲမဟုတ်ဘူး။ နှစ်ယောက်ဆိုတာ သူကိုကြိုမပြောထားတော့ စိတ်နာမပေါ့။ 


 ဆေးမြီးတိုတွေနဲ့  မမ ရောဂါက မသက်သာဘူး။ ရေကြည် က ဆရာဝန်ကြီးက ရန်ကုန်မှာပဲသွားပြပါလို့ အကြံပေးတယ်။ အဖေတို့ အမေတို့  ရန်ကုန်ကိုအပြီးပြောင်းဖို ဆုံးဖြတ်လိုက်တယ်။ ရန်ကုန်ရောက်တော့ ခေတ်ဆရာဝန်နဲ ပြကြတယ်။့ သူလည်း ရန်ကုန်ကနေမြို့ ကိုပြောင်းလာတော့အပြောင်းအလဲဖြစ်ဟန်တူတယ်။ တနစ်လောက်အကြာမှာ သူရောဂါ ပျောက်တယ်။   ပြည်တွင်းကြောင့်မိသားစုတွေခံစားရတာတွေက တော့ပိုများလာတယ်။ ပိုဆိုးလာတယ်။ သူတို့ နှလုံးသားထဲက နာကျင်မှုတွေကတော့ခုထိမပျောက်နိင်သေးဘူး။


( မိုးသီး) 

( ခလရ- ၃၆ မှာနေတုံး အဖေတို့ တပ်က  သောက်သောက်လဲ ကျ တဲ့ အကြောင်း၊ စစ်သားတွေအလောင်းကို တပ်ရင်းထိပ်မှာ အခန်းနားပြင်ထားတဲ့မြင်ကွင်းကို အားရင်ရေးပါဦးမယ်။ )

3 comments :

Unknown said...

အခုလိုသိရ၊ ဖတ်ရတာ၊ စိတ်တော့မကောင်းပါ ဒါပေမဲ့
ကျေးဇူးတင်ပါတယ်

Anonymous said...

ခလရ- ၃၆ မှာနေတုံး အဖေတို့ အဖွဲ့  တပ်လုံးပြုတ်လာတဲ့အကြောင်း၊ စစ်သားတွေအလောင်းကို တပ်ရင်းထိပ်မှာ အခန်းနားပြင်ထားတဲ့မြင်ကွင်းကို အားရင်ရေးပါဦးမယ်

ko moe thee ... please write that story as soon as u can ... that topic is really attractive to me...thanks

TTT said...

ကိုမိုးသီး စာရေးတာ အရမ်းကောင်းတယ်။ စာရေးဆရာ လုပ်ရမှာ..ဆက်ရေး