Sunday 6 November 2011

စွဲထင်သွားတဲ့ ပုံရိတ်တခု ( မေသင်္ကြန်ဟိန်း)


၈၈ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၏ မွေးနေ့ပွဲနှင့် စွဲထင်သွားသော ပုံရိပ်တခု
by May Thingyan Hein on Wednesday, October 19, 2011 at 1:43am
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၁၉၊ ရန်ကုန်မြို့။

ရန်ကုန်၊မရမ်းကုန်းမြို့နယ် မြို့မပရိယတ္တိ စာသင်တိုက်မှာ ကျင်းပတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင်ကိုမင်းကိုနိုင်ရဲ့မွေးနေ့ပွဲ အခမ်းအနားကတော့ ကျမတသက် တွေ့ဖူးတဲ့ မွေးနေ့ ပွဲတွေထဲမှာ အစည်းကားဆုံးနဲ့လေးနက်မှုအရှိဆုံးပွဲလို့ ပြောရတော့မှာပါပဲ။ ဒီပွဲကို မနက် ၈နာရီမှာ စတင်ကျင်း ပမယ်လို့ ကြေငြာထားပေမဲ့ နံနက် ၇နာရီ ကတည်းက မွေးနေ့ပွဲကို အရောက်လာခဲ့သူတွေလည်း မနည်းပါဘူး။

အခမ်းအနားကျင်းပမည့် ဆွမ်းစားဆောင်ထိတ် အ၀င်ဝမှာ မင်းကိုနိုင်ပုံနဲ့ ဆိုင်းဘုတ်ထောင်ထား ပြီုးဆိုင်းဘုတ်ရှေ့မှာ လည်ကတုံးအကျီင်္နှင့် ယောပုဆိုး အနက်ဝတ်ဆင်ထားကြပြီး ရင်ဘတ်တွင် မင်းကိုနိုင်ရုပ်ပုံတံဆိပ် ရင်ထိုးထိုးထားကြတဲ့ လူငယ်တစုက ကြိုဆိုနှုတ်ဆက်ရင်း ဖိနပ်တွေသိမ်းပေး နေကြပါတယ်။
ဆွမ်းစားဆောင်အ၀င်ဝမှာတော့ ဧည့်မှတ်တမ်းရှိနေပြီး ထိုရှေ့တွင် လက်မှတ်ရေးထိုးနေကြသူ များက လည်း စီတန်းကာ စောင့် နေကြရတယ်။ ကိုမင်းကိုနိုင်ရဲ့ ဓါတ်ပုံပါ စာတမ်းအနီနဲ့ မှန်ဘောင်ကလည်း ဧည့် လက်မှတ်စာပေါ်ပွဲမှာထည်ဝါစွာနေရာယူထားတာ တွေ့ရပါတယ်။

အဲဒီစားပွဲပေါ်က ဧည့်မှတ်တမ်းစာအုပ်တွေကတော့ ဘယ်နှစ်အုပ်မှန်းတောင် မရေမတွက်နိုင်အောင် များနေခဲ့ပါတယ်။ နိုင်ငံရေးအဖွဲ့အသီးသီးမှ ခေါင်းဆောင်ပိုင်းများ၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ် အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ အကျဉ်းထောင်အသီးသီးမှ မကြာသေးခင်မှ လွတ်မြောက်တဲ့ နိုင်ငံရေးသမားများ၊ လက်ရှိအကျဉ်းကျခံနေရဆဲ နိုင်ငံရေးသမားများရဲ့ မိသား စုဝင်များ၊ Generation Wave အဖွဲ့သားများ၊ စာပေလောကမှ ရဲရဲတောက် စာရေးဆရာများ၊ ကဗျာဆရာများ သတင်းသမားများ၊ တေးဂီပညာရှင်အချို့၊ အနုပညာရှင်အချို့လည်း လာရောက် ခဲ့ကြတဲ့အတွက် မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းဘယ်လောက် ကျယ်ဝန်းတယ်ဆိုတာ တွေ့ မြင်နိုင် ပါတယ်။
ဒီကြားထဲမှာ ထူးထူးခြားခြားနဲ့ ကျမသတိထားမိလိုက်တဲ့ အမျိုးသမီး ၁ ဦး ရှိပါတယ်။
အင်္ကျီအဖြူရောင် ခပ်ပွပွ၊အနက်ရောင်ကိုင်း မျက်မှန်နဲ့ ဆံပင်ကို ခပ်ရိုးရိုးလေး ချီထားတဲ့ အသားဖြူဖြူ မျက်နှာပြုံးပြုံးနဲ့ အသက် ၄၀ကျော်အရွယ် အမျိုးသမီးပါ။ သူမကို ကျမစတွေ့တာက သူမ ဂိတ်ဝကို စပြီး လှမ်းဝင်လာကတည်းကသတိထားမိလိုက်တာပါ။ မှတ်မှတ်ရရ ဖြစ်သွားတာကတော့ အကျွေး အမွေးနဲ့ ဧည့်ခံနေတဲ့ ဆွမ်းစားဆောင် မြေညီထပ်မှာပဲ ဖြစ်ပါတယ်။
ဆွမ်းစားဆောင်ရဲ့ မြေညီထပ်မှာ စားပွဲဝိုင်းတွေနဲ့ ၀င်လာသမျှ ဧည့်သည်တွေကို အုန်းနို့ ခေါက်ဆွဲနဲ့ ဧည့်ခံပါတယ်။ တဖက် လှေခါးထိပ်မှာတော့ မိသားစုထဲမှာနိုင်ငံရေးအကျဉ်းသားများရှိပါသလားလို့ ၀င်လာတဲ့ သူတိုင်းကို စီးပြီးမေးတဲ့ စားပွဲနဲ့ အဖြူရောင်အင်္ကျီဝတ် လူငယ်အမျိုးသမီးလေးတွေ ထိုင်နေပါတယ်။
စားပွဲဝိုင်းတွေကြားမှာ အလုပ်များနေတဲ့ ပိတ်ဖောက်စာ အဖြူရောင် ခါးတင်အကျီင်္လေးဝတ်ထားတဲ့ အသားအဖြူဖြူ ပိန်ပိန်သွယ်သွယ် အမျိုးသမီးက လှမ်းဝင်လာတဲ့ အသားဖြူဖြူ၊မျက်မှန်နဲ့ ခပ်ပြုံးပြုံးအမျိုးသမီးကို လှမ်းမြင်တော့ ခပ်သွက်သွက်လေး လာပြီး နှုတ်ဆက်လိုက်တာကို ကျမ လှမ်းမြင်လိုက်ရပါတယ်။
သက်လတ်ပိုင်းအရွယ်အမျိုးသမီး နှစ်ဦး တစ်ဦးလက် တဦးကိုင်ပြီး နှုတ်ဆက်နေတဲ့ ပုံက တယောက် ကိုတယောက် အားပေး ဖေးမနေကြသလိုပဲလို့ ထင်မှတ်နေမိပြီး ကျမ မျက်စိထဲစွဲထင်သွားခဲ့ ရတာပါ။
နောက်မှ ကျမသိရတာက အသားဖြူဖြူနဲ့ ပိန်ပိန်သွယ်သွယ် အမျိုးသမီးကတော့ ကိုမင်းကိုနိုင်ရဲ့ အမလို့ သိရပြီး ကျမ မျက်စိထဲမှာ ထင်းရှားနေတဲ့ အမျိုးသမီးကတော့ နိုင်ငံရေးသမားရဲ့ ဇနီး၊ နိုင်ငံရေးသမားရဲ့ မိခင် တဦးပါ။ သူမရဲ့ နာမည်က ဒေါ်ဌေးဌေးဝင်းဖြစ်ကြောင်း မိတ်ဆွေတယောက်က ပြောပါတယ်။
လင်ရောသားပါ ထောင်ထဲရောက်နေတဲ့ အသားဖြူဖြူသိမ်သိမ်မွေ့မွေ့အမူအရာနဲ့ မိန်းမတယောက်ကို ကျမ ငေးကြည့်နေခဲ့ မိတာပါ။
သူမရဲ့သားက ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သူတဦးအနေနဲ့ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်းဖြစ်ပြီး၊ ခင်ပွန်းသည်ကတော့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။
`၈၈မျိုးဆက်ကျောင်းသား ခင်ပွန်းနဲ့ ရွှေဝါရောင်ကျောင်းသားခေါင်းဆောင် သားရှိရာ မုံရွာ ထောင်နဲ့ ကလေး ထောင်တွေကို တလှည့် စီသွားနေတဲ့ သူပါ။ အရင်တုန်းကတော့ စက်မှု ၁ က ၀န်ထမ်းပါ၊ သားထောင်ကျသွားတဲ့ နောက် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းက အလုပ်ထုတ်ပစ်လိုက်တာ`လို့ ကျမ မိတ်ဆွေက ပြောပါတယ်။
ရင်ခွင်ထဲက လင်နဲ့သား အဝေးထောင်တွေဆီကို ရောက်သွားခဲတဲ့အပြင် အလုပ်အကိုင်ပါ ဆုံးရှုံးသွားတဲ့ အမျိုးသမီးတယောက် ဘယ်လောက်တောင် ခံစားနာကျင်ခဲ့ ရမလဲ၊ ဘယ်လို ရင်ဆိုင်ရှင်သန်ခဲ့ သလဲ ဆိုတာ ကျမ တွေးမကြည့် ရက်တော့ ပါဘူး။
တခါတခါ ကျမတို့ တိုင်းပြည်မှာ ရက်ရက်စက်စက်နှိမ်နင်း နှိပ်ကွက်တယ်ဆိုတာတွေက ကြားနေကြလို မထူးဆန်းလှပေမဲ့ ကျမအနေနဲ့ နားမထောင်ရဲခဲ့ ပါဘူး။
သူမကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးပြုံးရွှင်ရွှင်ပါပဲ။ သူမကို လာနှုတ်ဆက်သူတွေကိုလည်း လှိုက်လှိုက်လှဲလှဲပြန်နှုတ်ဆက်ပါတယ်။သူမရဲ့ သား ဒီငြိမ်းလင်းနဲ့ သက်တူရွယ်တူကလေးတွေက သူမကို သွားနှုတ်ဆက်ကြတာလည်းတွေ့ရပါတယ်။ အဲလိုနှုတ်ဆက်တိုင်း သူမက ပြုံးပြုံရွှင်ရွှင်နဲ့ပါ၊
ဒါပေမဲ့ တယောက်တည်းရှိနေချိန်တွေမှာတော့ သူမက သူမသားအရွယ် အမျိုးသားအမျိုး သမီးလေးတွေကို ငေးကြည့်ပြီး တွေးနေတတ်တာ တွေ့ရပါတယ်။
အဲဒီနောက်တော့ ကိုဇာဂနာ ရောက်လာတဲ့ အတွက် သတင်းသမားတွေ လှုပ်လှုပ်ခတ်ခတ်ဖြစ် ကုန်ကြတော့ တာပါပဲ။ ကိုဇာဂနာကို မေးခွန်းတွေနဲ့ ဆက်တိုက်မေး နေကြတဲ့ အတွက် ကိုဇာဂနာက လည်းအသံမထွက်တော့တဲ့ ကြားကနေ ကြိုးစားပမ်းစား ဖြေပေး ပြောပေးနေတာလည်း တွေ့ ရပါတယ်။ ဆွမ်းစားဆောင်ထဲမှာ သတင်းသမားတွေက ကိုဇာဂနာကို မျက်ခြေမပြတ်ကြည့် နေကြသလို၊ ဆွမ်းစားဆောင်ပြင်ပမှာလည်း ပြတင်းပေါက်တွေကနေ အထဲမှာ ရှိတဲ့ ကိုဇာဂနာကို လာကြည့် နေကြတဲ့ ပြည်သူတွေကလည်း မနည်းလှပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရောက်လာချိန်မှာတော့ ဆွမ်းစားဆောင် မြေညီထပ်သာမက၊ ဒုတိယထပ်နဲ့ ဆွမ်းစားဆောင်ရှေ့က မြေကွင်းပြင်မှာလည်း ပြည်သူလူထုတွေက နေရာ ယူထားပြီးကြပါပြီ။ ဘုန်းကြီးကျောင်းဝင်းအတွင်း မြေကွက်လပ်ကွင်းပြင်ကျယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်လာမဲ့ သတင်းကြောင့် ရောက်ရှိလာကြတဲ့ ပြည်သူလူထုအင်အားကလည်း ကောင်းလှပါတယ်။
ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်လာပြီ ဆိုတာကို ကွင်းပြင်က လူထုရဲ့ အမေစု အမေစု ဆိုတဲ့ ကြွေးကြော်သံကြောင့် ကျမ သိခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိပြီး ကျောင်းထိုင်ဘုန်း ဘုန်းကိုသွားရောက် ကန်တော့ကြောင်း ကြားနေရပါတယ်။ နောက်တော့ လူအုပ်ကြီးထဲကနေ ဗမာအင်္ကျီပန်းနုရောင်ဝတ်ထားပြီးဇွန်ပန်းကုံးတွေ ပန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ် ဒီလူငယ်အဖွဲ့ကလက်ချိတ်တားကာ ကာကွယ်ပေးရင်း ဆွမ်းစားဆောင်းပေါ်ကို ခေါ်လာခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့ မြင်ချင် တွေ့ချင်တဲ့သူတွေကလည်း အောက်ထပ်က ကွင်းပြင်ကနေ အပေါ်ကို လှမ်းလှမ်းကြည့်ရင်း စောင့်မျှော်ကြည့်ရင်း ဆွမ်းစားဆောင်ရှေ့က မြေကွက်လက်ကွက်ကွက် လေးမှာပဲ ကျန်ရစ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သံတမန်တွေအတွက် သီးသန့် ပြင်ဆင် ပေးထားတဲ့ တတိယထပ်ကိုတော့ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတာတွေ့ မြင်ရပါတယ်။
အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်က မင်းကိုနိုင်မွေးနေ့ အမှတ်တရအနေနဲ့ အကျဉ်းထောင် တွေကို စာအုပ်လှူဒါန်းထားတာတွေကို ကြည့်ပြီး ၄ လွှာက အခမ်းအနားရှိရာဆီကို တက်သွား ခဲ့ပါတယ်။ သတင်းသမားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်နိုင်ရေးအတွက် အတင်းတိုးဝှေ့ရင်း လှေခါးတွေကို ပြေးတက်ပြေးဆင်းလုပ်ရင်းနဲ့ အခါများစွာကလိုပဲ တိုးဝှေ့ရင်း သတင်းဓါတ်ပုံရိုက်ယူခဲ့ကြပါတယ်။
ဒီနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မင်းကိုနိုင်လို သားမျိုးကို မွေးခဲ့တဲ့ အတွက် မင်းကိုနိုင်ရဲ့ မိသားစုကို ကျေးဇူးတင်ကြောင်း မိန့်ခွန်းအဖွင့်မှာ ပြောကြားခဲ့ပါတယ်။ ကိုမင်းကိုနိုင်ရဲ့မွေးနေ့မှာ ကိုမင်းကိုနိုင်ရဲ့ မိသားစုကိုဂုဏ်ပြုချင်ပါတယ်။ ဒီလိုသားတစ်ယောက်ကို နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့တာ ထောက်ခံခဲ့တာ ပြုစုပျိုးထောင်ခဲ့တာ ပြည်သူအတွက် မိသားစုကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ် ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံး ပြည်သူပြည်သားအားလုံး ညီညီညွတ်ညွတ်နဲ့ အဂတိ တရားလေးပါးကနေ လွတ်မြောက်တဲ့ ဘ၀ကို ရောက်နိုင်ကြပါစေလို့ ကျွန်မကနေ ဆုတောင်း လိုက်ပါတယ်`
အန်တီ့ရဲ့ အဲဒီ့မိန့်ခွန်းကို နောက်ဖက်ခပ်ကျကျနေရာကနေ နားထောင်ရင်း ကျမစိတ်ထဲ အတွေးဝင် မိပါတယ်။ လင်တယောက်၊ သားတယောက် နိုင်ငံရေးကိုခြေစုံပစ် လုပ်နိုင်ဖို့အတွက် မိန်းမတွေဟာ ရင်ဘတ်နဲ့ကော၊ အနာဂတ်နဲ့ကော ဘ၀နဲ့ပါရင်းကြရတာပါပဲလို့ တွေးမိတော့ ကျမ သူမကို ဖြတ်ခနဲ့ ပြန်သတိရလိုက်မိပါတယ်။
သူမကို အင်တာဗျူးလုပ်ရရင်ကောင်းမယ်ဆိုတဲ့ စိတ်နဲ့ ဟိုဟိုဒီဒီမျက်လုံးဝှေ့ ရှာတော့ သူမကို အခမ်း အနားကျင်းပနေရာ ၄လွှာမှာ မတွေ့ရပါဘူး။ အခမ်းအနားကျင်းပရာ၎လွှာအပေါ်ဆုံးထပ်မှာ ဧည့်သည် တွေနဲ့ ပြည့်သိတ်နေတဲ့ အတွက် နေစရာမရတော့တဲ့ နိုင်ငံရေးသမားတွေနဲ့ သတင်းထောက်တွေက ဒုတိယထပ်မှာ ဆင်းပြီး နေကြရပါတယ်။
ကျမ ဒုတိယထပ်ရောက်တော့ ကျမတွေ့ ချင်နေတဲ့ သူမကို ဒုတိယထပ်မှာ လွတ်ငြိမ်းချမ်သာခွင့် ရပြီး အကျဉ်းထောင်တွေကနေ လွတ်လာတဲ့ နိုင်ငံရေးသမားလူငယ်တွေနဲ့ စကားပြောနေတာ တွေ့ ရပါတယ်။ ကျမ သူမနားကိုသွားပြီး မိတ်ဆက်ရင်း နှုတ်ဆက်ပါတယ်။ သူမက ကျမကို မေးခွန်းအချို့ မေးခွင့်ပြုခဲ့ပါတယ်။ ‘သားသူငယ်ချင်းတွေနဲ့ လွတ်လာတဲ့ သူတွေအတွက် ၀မ်းသာပါတယ်။ ကျေနပ် ပါတယ်။ သားနဲ့ အတူ အကျဉ်းသားတွေ အများကြီးကျန်နေတယ်၊ သူတို့ အတွက်တော့ စိတ်မ ကောင်း`လို့ ခပ်အေးအေးပဲပြုံးရင်း ဖြေပါတယ်။
သူမမျက်နှာကို အနီးကပ်မြင်ရတဲ့ အခါ ရိုးသာဖြူစင်မှန်း သိသာစေတဲ့ မျက်နှာမျိုးပါ။ ဒါပေမဲ့ လောကဓံကို ခါးစည်းခံနေရင်း အားတင်းရင်ဆိုင်နေတဲ့ မိန်းမတယောက်ရဲ့ ခွန်အားနဲ့သတ္တိကိုလည်း ကျမသတိပြုမိလိုက်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ သတင်းကြေငြာတဲ့ ၁၁ ရက်နေ့တုန်းက သူမဟာ ထောင်ထဲ ရောက်နေတဲ့ ခင်ပွန်းနဲ့ သားဖြစ်သူရဲ့ အိပ်ရာတွေ၊ ပစ္စည်းတွေကို ဖုန်တွေ ထုတ်ခါပြီး တနေကုန်နီးပါး မျှော်လင့် စိတ်နဲ့ အလုပ်ရှုပ်နေခဲ့ကြောင်း သိရပါတယ်။
နောက်တနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ သက်ဆိုင်ရာ ထောင်တွေ အသီးသီးကို ဖုန်းဆက် ပြီးချိန် နံနက် ၉နာရီခွဲ ၁၀နာရီလောက်မှာတော့ သူမဟာ စကား ဟဟ မပြောနိုင်တော့ဘူး၊ တနေကုန်လည်း ထမင်း မစားနိုင် အစာမ၀င်နိုင်ဘဲ ဖြစ်ခဲ့ရတယ်။ ထောင်ဒဏ် ၆၅ နှစ်ကျနေတဲ့ ခင်ပွန်းသည်နဲ့ ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံနေရတဲ့ သားရှိရာ ထောင်တွေဆီကို လစဉ်လတိုင်း ပုံမှန်ထောင်ဝင်စတွေ့နေတဲ့ မိန်းမတယောက်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် သတင်းကိုကြာတော့ မျှော်လင့် မိခဲ့တယ်။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ စိတ်ဓါတ်ကျ ကြေကွဲခံစားခဲ့ ရပါတယ်။
‘သားက ကျမ ငိုတာမကြိုက်ဘူး ၊ ထောင်ဝင်စာသွားတွေ့ရင်လည်း ကျမငိုတာမကြိုက်လို့ သူ့ရှေ့မှာ မငိုအောင် ကြိုးစားနေတယ်၊ ခုလည်း မငိုမိအောင်ကြိုးစားနေပါတယ်။ ဒီလို လွတ်ငြိမ်းချမ်းသာ သတင်းထွက်လာတာဟာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် မနဲကြိုးစားနေတဲ့ ကျမရင်ကို လှုပ်ခတ်နာကျင်အောင် လုပ်လိုက်သလိုပဲ ခံစားရပါတယ်`တဲ့ သူမက နှုတ်ခမ်းပါးပါးကို တင်းတင်းစေ့ ရင်း ပြောပြတယ်။
သူမဟာ စိတ်ဓါတ်ကျပေမဲ့ အိပ်ရာပေါ် လဲမသွားဖို့တော့ အားတင်းခဲ့ ရကြောင်း ကျမသိရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ‘ ကျမကိုယ်ကျမ ထိန်းတယ်၊ သားနဲ့ သူ့ အဖေအတွက် ကျမ လဲသွားလို့ မဖြစ်ဘူးဆိုပြီး အားတင်းပြီး နေထိုင်ပါတယ်၊ တချိန်ချိန်မှာတော့ ကျမတို့ မိသားစု ပြန်ဆုံကြရမှာပါ၊ ဒီနှစ်သတင်းကျွတ်ဆိုရင် သားနဲ့ ခွဲနေရတာ ၄ နှစ်ရှိပါပြီ`လို့ ပြောရင်း သူမဟာ ခပ်တွေတွေလေး တခဏ ငိုင်သွားပါတယ်။
ဒါပေမဲ့ သူမ မျက်ရည်ကျတာ မတွေ့ရပါဘူး။ `ကျမ ဖြစ်သလိုစားပြီးနေထိုင်ပါတယ် သားနဲ့ သူ့ အဖေဆီကို ပုံမှန် ထောင်ဝင်စာသွားတွေ့တယ်၊ သူတို့ အတွက် အစားအစာတွေ ၀ယ်သွားတယ်။ လိုအပ်တာ အကုန်ဝယ်သွားတယ်၊ သားက ငါးသလောက်ပေါင်းကြိုက်လို့ အမြဲထည့်ယူသွားတယ်။ ခုဆို၎ နှစ်ရှိပြီ` လို့ သူမက ပြောပြတယ်။
မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ အကျဉ်းထောင် နှစ်ခုမှာ နေနေရတဲ့ လင်သားနဲ့ သားအတွက် ရှင်သန်နေတဲ့ သူမဟာ ကျမအမြင်မှာတော့ ဇနီးကောင်းဖြစ်သလို၊ မိခင်ကောင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ မြန်မာနိုင်ငံအတွက်လည်း တန်ဖိုးမဖြတ်နိုင်တဲ့ မိခင်တယောက်ပဲလို့ ကျမ သတ်မှတ်မိပါတယ်။
`သားကပြောတယ် သူက ထောင်ကလွတ်ရင်လည်း နိုင်ငံရေးလုပ်မှာပဲတဲ့ နိုင်ငံရေးလုပ်လိုက် ထောင်ထဲ ၀င်လိုက်၊ ထွက်လာလိုက် နိုင်ငံရေးလုပ်လိုက်နဲ့ပဲ သွားမှာတဲ့။ အဲလိုကို ပြောခဲ့တာ `ဟု သူမက သားရဲ့ လုပ်ရပ်အပေါ်မှာ ဂုဏ်ယူကျေနပ်စွာနဲ့ မျက်ရည်မစွက်ဘဲ ပြောနိုင်တဲ့ မိခင်တ ယောက်လည်း ဖြစ်ပါတယ်။
နိုင်ငံကို ချစ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားပြီး၊ နိုင်ငံကို ချစ်တဲ့ သားကို မွေးဖွားခဲ့တဲ့ မိန်းမတယောက်၊ ဒါ့အပြင် လင်နဲ့သား ဆက်ပြီး တိုက်ပွဲဝင်နေနိုင်အောင် အားတင်းရင်ဆိုင်ရင်း ပံ့ပိုးပေးတဲ့ မိန်းမတ ယောက်ပဲလို့ သူမကို ကျမရင်ထဲ မှတ်မှတ်သားသားရှိသွားခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ လက်ခုပ်သံတဖြောင်းဖြောင်းကြားလိုက်ရပါတယ်။ အခမ်းနားကျင်းပရာလေးလွှာက လက်ခုပ်သံတွေက ဒုတိယထပ်တိ ပြန့်လွှင့်လာခဲ့တာပါ။
ခိုင်မာခြင်းနဲ့ ညီညာခြင်းကို အမြဲလိုချင်တဲ့ ကျွန်တော့် သူငယ်ချင်းကို သမ္မတကြီးခင်ဗျာ..... ဒီကနေ့မွေးနေ့လက်ဆောင်အဖြစ်ပြန်လွှတ်ပေးပါ`လို့ ဆိုတဲ့ အသံဝင်နေတဲ့ ကိုဇာဂနာရဲ့ အဆိုကို သဘောကျစွာ တီးလိုက်ကြတဲ့ လက်ခုပ်သံဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကွင်းထဲရှိ ပြည်သူလူထုမှာ များသထက်များလာပြီး အချို့မှာ ဆွမ်းစား ဆောင်အောက်ခြေအထိပါ ရောက်လာပါတော့တယ်။ အမေစု...အမေစု... ဆိုသော ကြွေးကျော် သံတွေလည်း ညံလာပါတယ်။ ခဏအကြာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကွင်းထဲမှာစောင့် ကြည့်နေကြတဲ့ ပြည်သူလူထုကို အခမ်းအနားကျင်းပရာ လေးလွှာရှိ ပြတင်းပေါက်နားတွင် ရပ်ပြီး နှုတ်ဆက် စကားပြောပါတယ်။
ကျမရှိနေရာ ဒုတိယထပ်ကနေ နားထောင်ပေမဲ့ ဘာမှ မကြားရလို့ အန်တီ့ရဲ့ စကားသံတွေကို ပြန်လည်း ဖော်ပြမပေးနိုင်တော့ပါဘူး။ ဒါပေမဲ့ မြေပြင်မှာ မြဲမြဲရပ်နေကြပြီး မော့ကြည့်နေတဲ့ ပြည်သူလူထုရဲ့ အကြည့်တွေနဲ့ လက်ခုပ်သံတွေအကြောင်းကိုတော့ ကျမ ပြောပြနိုင်မှာပါ။
ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ဆက်အပြီးမှာတော့ ကိုဇာဂနာက ပြည်သူလူထုကို မင်္ဂလာပါ ဟု နှုတ်ဆက်ရင်း အသံဝင်နေသောကြောင့် စကားများများမပြောနိုင်ကြောင်း တောင်းပန်ပါတယ်။ ပြည်သူလူထုကလည်း လက်ခုပ်တဖြောင်းဖြောင်းတီးရင်း ကိုဇာဂနာကို အားပေးကြောင်း ချစ်ခင် ကြောင်း ပြသလိုက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ဘယ်လောက်ချစ်သလဲ၊ ကိုဇာဂနာကို ပြည်သူတွေ ဘယ်လောက်ချစ်သလဲ ပြီးတော့ မင်းကိုနိုင်ကို ပြည်သူတွေ ဘယ်လောက်ချစ်သလဲ ဆိုတာ…. ပြန်ပြောဖို့ မလိုတော့သလို၊ အဲဒီလို ပြည်သူ ချစ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သူ့မိသားစုက ဘယ်လောက်ထိ ပံ့ပိုးပေးဆပ်နေရ သလဲဆိုတာလည်း ကျမ ပြန်မပြောပြတတ်တော့ ပါဘူး။ ဘာပဲပြောပြောပါ လာမည့် ရက်တွေထဲမှာ အကျဉ်းသားတွေအားလုံး လွတ်မြောက်ခွင့် ပေးပါလို့ပဲ သမတကြီးကို ထပ်မံ တောင်းဆိုနေပါဦးမယ်။

1 comment :

Anonymous said...

၈၈ တုန်းက စစ်တပ်က ပစ်လို့မဟုတ်ပဲ အဲဒီကျောင်း
သားလိုလိုကောင်တွေခေါင်းဖြတ်လို့သေတဲ့သူတွေကို
ကျတော့ ဘယ်သူတာဝန်ယူမလဲ မသိလို့မေးတာနော်
ဖြေပေးပါ..။ ဘလော့ချင်ဘလော့ပေါ့...ဘာမှမဖြစ်ဘူး