”ကျောင်းသားတပ်မတော် တပ်ရင်းမှုး၊ဒီအေဘီ ဒု-စစ်ကြောင်းမှုး ဗိုလ်မှုးမျိုးချစ် ကျဆုံးခြင်း ၁၂နှစ်မြောက် အမှတ်တရ ”
by အိုးဝေအောင် အိုးဘားမား on Monday, November 14, 2011 at 6:24am
http://hittai.net/?show=rm&fileid=88&t=home7&id=7
( ခေါင်းစဉ်ကိုကလစ်ပါ)
”ကျောင်းသားတပ်မတော် တပ်ရင်းမှုး၊ဒီအေဘီ ဒု-စစ်ကြောင်းမှုး ဗိုလ်မှုးမျိုးချစ် ကျဆုံးခြင်း ၁၂နှစ်မြောက် အမှတ်တရ ” (nov13,11)
အမေရိကန်နိုင်ငံ၊အာရီဇိုးနားပြည်နယ်၊ဖီးနစ်မြို့နေ ကျန်ရစ်သူ မိသားစုဝင်များဖြစ်သော မိခင်ဒေါ်တင်မေ၊ဇနီးဒေါ်လှမြင့်နှင့်သားသမီး၊မြေးမြစ်တစု ဦးစီးပြုလုပ်သော ဗိုလ်မှုးမျိုးချစ် ကျဆုံးခြင်း ၁၂နှစ်မြောက် အမှတ်တရ ဆွမ်းကျွေးအလှုပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ ဥက္ကဌ ဆရာတော် ဦးခေမာစာရက အမှတ်တရ တရား ချီးမြှင့်ခဲ့ပါသည်။
”လွန်ခဲ့တဲ့ ၁၂နှစ်က ထိုင်းမြန်မာနယ်စပ် တနေရာတွင် မြန်မာ့ဒီမိုကရေစီရေးအတွက် တာဝန်ယူဆောင်ရွက်နေရင်း ကျဆုံးကွယ်လွန်သွားခဲ့တဲ့ ဦးဇင်းတို့ ဒကာကြီး ဗိုလ်မှုးဦးမျိုးချစ်အတွက် ရည်စူးပြီး ပြုလုပ်တဲ့ အလှုပွဲမှာ အမှတ်တရ တရား ...အနည်းငယ် ဟောပြောသွားပါမယ်။
လွန်ခဲ့တဲ့ ၂၄နှစ်က ဒီမိုကရေစီအရေးတော်ပုံကြီး အပြီး၊ ဦးဇင်းတို့ တောထဲကို ရောက်ခဲ့ကြတော့- ”သေ့ဘောဘိုး” စခန်းမှာ (ဒီလ နိုဝင်ဘာလထဲမှာပဲ)တိုက်တိုက်ဆိုင်ဆိုင် ဒကာကြီး ဦးမျိုးချစ်နဲ့ စတင် ဆုံ ဖြစ်ခဲ့ကြတယ်။သိကျွမ်းခဲ့ကြတယ်။
ဒကာကြီးက ဦးဇင်းတို့ထက် ”သေ့ဘောဘိုး” စခန်းကို ရောက်တာ မြန်တယ်။ ဦးဇင်းက နိုဝင်္ဘာလ ဒုတိယပတ်မှာ မော်လီချိုင်းကို ရောက်တယ်။ စခန်းထဲ ၀င်ခွင့်မရတဲ့အတွက်တပတ်ခန့်  အဲဒီမှာ နေရတယ်။
ထိုင်းမြန်မာနယ်စပ်က မော်လီချိုင်းရွာလေးကနေ သေ့ဘောဘိုးကို ခြေလျင်သွားရင် ၁နာရီကျော်၂နာရီလောက် သွားရတယ်။ကားလမ်းလဲ ရှိတယ်။
သောင်ရင်းမြစ်ရဲ့ အစထိပ် ဖြစ်တဲ့ ”မယ်တုကွိ”လို့ ခေါ်တဲ့ နေရာနဲ့ သေ့ဘောဘိုးနဲ့ နီးတယ်။ ဦးဇင်းတို့ သေ့ဘောဘိုး စခန်းထဲကို နိုဝင်္ဘာ တတိယပတ် အစလောက်မှာ ၀င်ခွင့်ရခဲ့တယ်။ အဲဒီမှာ ဒကာကြီးနဲ့ ဆုံတာပါ။
ဒကာကြီးက အဲဒီမှာ စစ်ဝတ်စုံအပြည့်နဲ့ တပ်ရင်းမှုးတာဝန်နဲ့ စစ်သားကြီး လုံးလုံးဖြစ်နေပြီ။ ပြီးတော့ စခန်းတာဝန်တွေပါ ယူသေးတယ်။
တပ်နဲ့မလှမ်းမကမ်းလေးမှာ ရှစ်လေးလုံး အရေးတော်ပုံအပြီး ထွက်ခွာလာကြတဲ့ သံဃာတွေ သီတင်းသုံးနေထိုင်ဖို့ ကျောင်းတကျောင်း ရှိတယ်။ဒီကျောင်းကို ဒကာကြီးဦးဆောင်ပြီး ဆောက်လှုထားတာပါ။
အဲဒီတုန်းက ကျောင်းတကာကြီးလည်း ဖြစ်တော့ ကျောင်းကို အားရင် အမြဲတမ်းလာရောက်ပြီး လိုအပ်တာတွေ မိန့်ဖို့ လျှောက်ထားတတ်တယ်။
အဲဒီမှာ သံဃာက အပါး(၅၀)ကျော်ရှိတယ်။ကျောင်းသားက (၃၅၀၀)ကျော်ရှိတယ်။
မော်လမြိုင်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တွေ၊စစ်တက္ကသိုလ် ကျောင်းသားတွေ၊ကိုအောင်ခိုင်တို့လို ဗကသ ခေါင်းဆောင် သားသမီး တက္ကသိုလ်ကျောင်းသားတွေ တော်တော်များများ တွေ့ခဲ့ရတယ်။
ဒါ့အပြင် ဒီစခန်းကို နိုဝင်္ဘာလအတွင်းမှာပဲ အမေရိကန် အထက်လွှတ်တော်အမတ်တဦး ရောက်လာပြီး ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ ရှိတယ်။
ဒါ့ကြောင့်မို့ ဒီ ”သေ့ဘောဘိုး” စခန်းက အရမ်းနာမည်ကြီးသွားတယ်။
ဒီနေ့ပြောချင်တာက ဒကာကြီး ဦးမျိုးချစ်ဟာ တွေ့တဲ့နေရာမှာ၊ရောက်တဲ့နေရာမှာ သာသနာ အကျိုး ကိုလည်း ဆောင်ရွက်တယ်။ပံ့ပိုးလှုဒါန်းတယ်။
နိုင်ငံတော်နဲ့အမျိုးသား အကျိုးကိုလည်း ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံပြီး ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်ခဲ့တယ်။သမိုင်းမှာ မမေ့အပ်တဲ့ ပုဂ္ဂိုလ်ပါပဲ။
ဦးဇင်းလည်း တာဝန်အရ ...ခရပ်ဒေး၊သံလွင်၊မာနယ်ပလော နယ်မြေတွေဘက် ရောက်သွားတဲ့အခါ ဒကာကြီးနဲ့ ဝေးကွာသွားခဲ့တယ်။
သူကလည်း တာဝန်တွေနဲ့ အမှတ်၆ တပ်မဟာ နယ်မြေသို့ ရွှေ့သွားရတယ်။
ရေစက်က မကုန်ချင်တော့ ဦးဇင်း ကိစ္စတွေနဲ့ ဒကာကြီးရဲ့နယ်မြေ ဗဟိုထဲ ရောက်တိုင်း ထပ်ပြီး ဆုံကြတယ်။
တွေ့တာနဲ့ ဦးဇင်းကို ဆွမ်းကပ်တယ်။လုံခြုံရေး လုပ်ပေးတယ်။အလုပ်ကိစ္စတွေမှာ မငြီးမငြူ ပူးပေါင်း ဆောင်ရွက် ပေးတယ်။
တကယ့် စိတ်ကောင်းရှိတဲ့ ပုဂ္ဂိုလ်ကောင်းပါ။ဒီလိုနဲ့ ၁၉၉၉ မှာ ဒကာကြီး ဆုံးတော့ ဦးဇင်း မသိလိုက်ဘူး။နောက်မှ သိတော့ ချက်ချင်း မယုံဘူး။(ဘယ်လိုဖြစ်တာလဲ)၂ ....ဆိုပြီး တအံ့တသြနဲ့ မေးမြန်းရတယ်။အဲဒီတုန်းက ဦးဇင်းက မဲ့ဟောင်ဆောင် KNPP နယ်မြေမှာ ရှိနေခဲ့တယ်။ တကယ် မယုံမိဘူး။
ဒကာကြီး ဦးမျိုးချစ်ဟာ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်တယ်။ငယ်စဉ်ကပင် ဘာသာတရား လေးစားသူမို့၊ ဘာသာတရားရဲ့ အဆုံးအမ အတိုင်း နေထိုင်လာသူမို့...ဘ၀ကုသိုလ်ဆိုတာ အလိုလို ရပြီးသား၊ ရှိပြီးသားတွေပါ။
ဗုဒ္ဓဘာသာဆိုတော့ ရှင်ပြုရဟန်းခံတယ်။လှုတယ်၊သီလဆောက်တည်တယ်။သရဏဂုံ၃ပါးကို ယုံကြည်စွာ ရွတ်တယ်။၊ပုညကြိယာ ၀တ္ထု ၁၀ပါး အပြည့်ရှိတယ်။
ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်ကောင်းကျိုးအတွက်၊ ဆောင်ရွက်တယ် ဆိုတာ လူတိုင်းလုပ်နိုင်ကြတာ မဟုတ်ဘူး။
စိတ်ထားမြင့်မြတ်တယ်ဆိုတာ ကောင်းမှုကုသိုလ်ကို ဖြစ်စေတာပါပဲ။ဒါ့ကြောင့် ဒကာကြီးရဲ့ ဘ၀နောက်ဆုံးအချိန်မှာ တသက်လုံးပြုခဲ့တဲ့ ကုသိုလ်ကံတွေက ကောင်းရာသုဂတိကို ရောက်အောင် ထောက်ကူပေးနိုင်တယ်။ကောင်းရာဘုံဘ၀မှာ ဖြစ်တည်မယ်လို့ ယုံကြည်တယ်။
ကျန်ရစ်သူတွေက နှစ်ပတ်လည်နေ့တိုင်း ကောင်းမှုကုသိုလ် အလှုလုပ်လာကြတာ ၁၂နှစ်တောင် တိုင်လာပြီ။ဒီ ၁၂နှစ် ရှိလာခဲ့သည်အထိ ဒကာကြီးကို မမေ့မလျော့ဘဲနဲ့ ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ပေးတယ်ဆိုတာ ...မကောင်းတဲ့ ဘုံဘ၀ရောက်နေလို့ မဟုတ်ဘူး။
စကားပုံ လိုပေါ့။” မိုးတော့ မပြိုဘူး၊အကယ်၍ ပြိုခဲ့သည် ရှိသော်...” ဆိုသလိုမျိုး...ကုသိုလ်လုပ်ပြီး အမျှအတမ်း ပေးဝေငှ တာဖြစ်တယ်။
ကျန်ရစ်သူမိသားစုတွေ၊လုပ်ဖော်ကိုင်ဖက်တွေက မမေ့နိုင်ကြလို့ ခုလို စုဝေးပြီး သတိတရ လှုကြ တမ်းကြ အမျှဝေကြ လုပ်ကြတာပါ။
တကယ်လို့ ဒကာကြီးက လူ့ဘ၀ ၊ နတ်ဘ၀ ဖြစ်နေလို့ ဒီအလှုတွေကို သာဓု မခေါ်နိုင်ဘူး ဆိုရင်တောင် အလကား မဖြစ်ပါဘူး၊ဓမ္မကြောင်းအရဆိုရင် လှုတဲ့ပုဂ္ဂိုလ်တွေက တခုမကျန် ပြန်ခံစားရပါတယ်။
ကဲ...ဒီနေ့ပြုလုပ်တဲ့ ဒါန-သီလ-ဘာဝနာ ကုသိုလ်၊ဓမ္မဿဝန ကုသိုလ်တွေကို ဒကာကြီး ဗိုလ်မှုးမျိုးချစ် သာဓုခေါ်နိုင်တဲ့ ဘ၀မှာ ဖြစ်ရင် သာဓုခေါ်ဆိုနိုင်ပါစေ။သာဓုခေါ်ဆဲ သာဓုခေါ်ပြီး ခဏ၌ပင်လျှင် လူ၌ဖြစ်တဲ့ချမ်းသာ၊နတ်၌ဖြစ်တဲ့ ချမ်းသာ၊ချမ်းသာတွေကို တလုံးတ၀တည်း ခံစားနိုင်စေသော်ဝ်။ အမျှ အမျှ အမျှ ပေးဝေငှပါတယ်။” စသဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ ဥက္ကဌဆရာတော် ဦးခေမာစာရက ဟောကြားသွားခဲ့ပါတယ်။ ။
ကြွရောက်လာတဲ့ သံဃာများဆွမ်းဘုဉ်းပေးပြီး- ဧည့်ပရိသတ်ကိုလည်း မြန်မာ့ရိုးရာ စားဖွယ်အစုံအလင်၊ အချိုတည်းစရာ တပုံတပင်နဲ့ တည်ခင်းဧည့်ခံ ကျွေးမွေးလှုဒါန်းနေတာကို တွေ့ခဲ့ရပါတယ်။
ယခုထိ အသက်ရှည်ဆဲ အသက်၈၇နှစ်ကျော်ပြီဖြစ်တဲ့ ဗိုလ်မှုးမျိုးချစ်ရဲ့အမေ (သက်တော်ရှည် အဖွား) ဒေါ်တင်မေကလည်း ဧည့်ပရိသတ်ကို ကျန်းမာစွာ ဧည့်ခံနေတာကို ၀မ်းမြောက်စွာ တွေ့ခဲ့ရပါတယ်။ ။
"ကျဆုံးသူ ဦးမျိုးချစ် ...လူသေသော်လည်း၊နာမည် ဘယ်တော့မှ မသေ။
အာဇာနည်မျိုး၊သေရိုးမရှိ။အမြဲတမ်း အမှတ်ရနေ၏။
ဟစ်တိုင် ၀ိုင်းတော်သားများက ပရိသတ်နှင့်အတူ အလေးဂါရ၀ ပြုလိုက်ပါသည်။"
------------------------------------------------------------------------------------
”ဗိုလ်မှုးမျိုးချစ်၏ ကိုယ်ရေးအကျဉ်းချုပ်”
ဗိုလ်မှုးမျိုးချစ်ကို အဖ ဦးထွန်းစီ+အမိ ဒေါ်တင်မေ တို့မှ မြန်မာသက္ကရာဇ် ၁၃၁၀ခု၊၀ါဆိုလဆုတ် ၉ရက်နေ့တွင် မော်လမြိုင်မြို့၊ဒိုင်းဝန်ကွင်းရပ်ကွက်တွင် မွေးဖွားခဲ့သည်။မွေးချင်းမောင်နှမ မရှိသော တဦးတည်းသော သားဖြစ်သည်။
၁၉၈၈ခုနှစ် သြကုတ်လ အရေးတော်ပုံ လှုပ်ရှားမှုကာလတွင် ပြည်သူ့မျိုးချစ် ကာကွယ်ရေးတပ်ဦး မွန်ပြည်နယ် (၁၀)မြို့နယ် ဥက္ကဌအဖြစ် ကျိုက်သုတ်သပိတ်စခန်းရှိ ယာယီကျောင်းသားသမဂ္ဂ သပိတ်ကော်မတီမှ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
စက်တင်ဘာ၁၈ရက် န၀တ စစ်တပ်က အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးဒေသ သေ့ဘောဘိုး ကျောင်းသားစခန်းသို့ ရောက်ရှိခဲ့သည်။
ထိုစခန်းတွင် စခန်းကော်မတီဝင်၊စည်းကမ်းထိန်းသိမ်းရေးမှုးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ကျောင်းသားတပ်မတော်)ကို တည်ထောင်သောအခါ တပ်ရင်း(၂၀၄)(၂၀၆)၏ တပ်ရင်းမှုး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၀တွင် ဒီအေဘီ(၉)စစ်ကြောင်းမှုး ကေအန်ယူ ဗိုလ်မှုး ဖါးခါ နှင့်အတူ ဒီအေဘီ ဒု-စစ်ကြောင်းမှုး အဖြစ် တာဝန်ယူခဲ့သည်။
၁၉၉၁တွင် အထူးစစ်ဆင်ရေးဖြစ်သော မိမိဘက်မှ အကျအဆုံးမရှိသော အောင်မြင်သည့် မြို့ပြ ပြောက်ကျားစစ်ဆင်ရေးတရပ်အဖြစ် ဒီအေဘီ တပ်ပေါင်းစု အလံတော်အား မော်လမြိုင်မြို့၊ဒိုင်းဝန်ကွင်း၊ န၀တ ရုံးတွင် အောင်မြင်စွာ စိုက်ထူနိုင်ခဲ့သည်။
၁၉၉၃တွင် ကျောင်းသားတပ်မတော်မှ အနားယူပြီးနောက်၊ ဒီမိုကရက်တစ် ကျောင်းသားများအဖွဲ့ (DSO)ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။
ထိုအဖွဲ့အနေဖြင့် နိုင်ငံရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေး၊ဘာသာရေးကိစ္စများကို အခြားမဟာမိတ်အဖွဲ့ များနှင့်အတူ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ထိုသို့ အဖက်ဖက်မှ မလစ်ဟင်းရအောင် စွမ်းစွမ်းတမံ တာဝန်ယူဆောင်ရွက်နေရင်း ၁၉၉၉ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ကျဆုံးခဲ့ပါသည်။ကျဆုံးချိန်တွင် ဇနီးဒေါ်လှမြင့်နှင့်အတူ သားသမီး ၅ယောက် ကျန်ရစ်ခဲ့ပါသည်။ ။
(ဟစ်တိုင် ၀ိုင်းတော်သား တဦး- စုစည်းတင်ပြသည်။)
http://hittai.net/?show=rm&fileid=88&t=home7&id=7
No comments :
Post a Comment