Saturday 31 December 2011

မျှော်လင့်ခြင်း နှစ်သစ်ဆုတောင်း

မျှော်လင့်ခြင်း နှစ်သစ်ဆုတောင်း  


"ကျောခိုင်းရာမှာ ဘာဖြစ်ကျန်နေမှန်း မသိသူတွေအတွက် နောက်ကြည့်မှန်တချပ်လှူချင်တယ်'' (မင်းကိုနိုင်)

ကိုကြီးရေ…
နှစ်ဟောင်းကို စွန့်ပြီး 
နှစ်သစ်ကို မျှော်လင့်ခြင်းများစွာနဲ့
ညီမလေးတို့ ထပ်ပြီးကြိုရပြန်ဦးမယ်။
တချို့ က နှစ်သစ်ကိုကျောခိုင်းဖို့ အထုပ်အပိုးပြင်ဆင်နေကြရဲ့….
သူတို့မျက်နှာပေါ်မှာ 
ယုံကြည်မှု ခွန်အားသစ်တွေနဲ့ ချေဖျက်သင့်တာတွေ ချေဖျက်လို့.. သူတို့အတွက်တော့ ရွှေရောင်နှစ်သစ်ပေါ့…။
မျှော်လင့်ခြင်းကိုသာ ထမ်းပိုးထားရတဲ့ သူများကတော့..
. ဆန္ဒတွေပြည့်ဝလာစေဖို့ သူတို့ ဝတ်ပြုဆုတောင်းနေလေရဲ့…
အမေတွေက သားတွေအတွက်၊ 
ညီမတွေက အကိုတွေအတွက်၊
သမီးတွေက အဖေတွေအတွက်၊ …
အတွက်၊ .....
အတွက်.. တဲ့.... 
သူတို့ အတွက်တော့ ဆုံဆည်းမှုသည်သာ နှစ်သစ်ပါတဲ့။ 

ကိုကြီးရေ… 
မျှော်လင့်ခြင်း နှစ်သစ်ဆုတောင်းနေတဲ့ ညီမလေးတို့တွေဟာ..
ခေတ်မကောင်းခဲ့တဲ့ နှစ်ဟောင်းတွေကို ကျောခိုင်းထားခဲ့ရမယ်လေ။
ဒါပေမဲ့………
ရဲရဲတောက် စိန်ပန်းနီတွေ၊
ဖြူဖြူလွ စွယ်တော်ပွင့်ချပ်တွေရဲ့ အတ္တကင်းလှတဲ့ စွန့် လွှတ်မှုတွေကို...
. "နောက်ကြည့်မှန်လေးတချပ်" ..ထောင်ကြည့်လိုက်တိုင်း …
တွေ့နေနိုင်သေးသ၍တော့…. 
မမေ့ပါဘူး… ဘယ်တော့မှ မမေ့ဘူး….....
.. မမေ့လျော့သူတို့ရဲ့ ကောင်းကင်မှာ ကြယ်ပွင့်လေးတွေ လွတ်လပ်စွာလင်းလက်နိုင်ဖို့....
. ညီမလေးတို့ သံပြိုင်ဆုတောင်းနေကြမယ် .... ။

  စိုးသင့်ဆွေ 

ဒီဇင်ဘာလ ၁၀ရက်၊ ၂၀၁၁ နံနက် ၁း၀၄

No comments :