သာလိမ့်လေ
by Zaw Win on Friday, December 16, 2011 at 2:45am
(ကဗျာဆရာကြီး ဦးတင်မိုး)
သာလိမ့်လေ
ဂျာမနီ နာဇီတို့မြေက
ဟစ်တလာရဲ့ အမွေကို
သူတို့မြေက လက်မခံ
ငါတို့မြေက ဆက်ခံပြီး
ဂျာမန်နည်း ဂျပန်နည်း
နည်းပေါင်းစုံ တတ်မြောက်
အံ့လောက်တဲ့ ဗိုလ်နေဝင်း
စစ်ဝါဒ ရိုက်သွင်းခဲ့တယ်။
ဗိုလ်နေဝင်းရဲ့ အဆပ်ပင်ကို
ရှင်သန်အောင် ရေလောင်းပြီး
ကျောင်းသားပေါင်းများစွာ
လူပေါင်းများစွာကို
ရက်စက်စွာစတေး
သွေးတွေကို အဝသောက်
နောက်တခေတ် နာဇီမျိုး
နောက်တခေတ် ဖက်ဆစ်မျိုး
ပျိုးထောင် မွေးမြူခဲ့ကြပြန်တယ်။
အကျဉ်းစခမ်းတွေမှာ
ညဉ်းပမ်းနှိပ်စက်
ဂက်စတာပို နည်း
ကင်ပေတိုင် နည်းတွေနဲ့
ပစ္စည်းမဲ့ ပြည်သူတွေ
ကျောင်းသားသံဃာ
အလွှာစုံ မျိုးချစ်တွေကို
ကြွေပြုန်းအောင်
ချေမှုန်း ခြွေပစ်ကြတယ်။
ဂျာမနီမှာ ဒီမိုကရေစီ
ဗမာပြည်မှာ နာဇီ
တာရှည်စွာ စိုးအုပ်
စစ်ဝါဒီတွေ ချုပ်ကိုင်
ယခုတိုင်ပါလား။
အဆိပ်ပင်ကြီး အသီးသီး
သီးတဲ့မျိုးဆက်၊ တို့လက်ထက်
တခက်မကျန်၊ တရွက်မကျန်
မြေလှန်တူးဆွ၊ နှုတ်ပစ်ကြစို့
ဒါမှ ဒို့မြေ၊ သာလိမ့်လေ။ ။
တင်မိုး
၁ စက်တင်ဘာ ၁၉၉၉
No comments :
Post a Comment