Monday, 19 December 2011

အဏာရှင်မဟန ပြောင်းလဲသင့်ပြီလော ( ဦးပညာဇောတ )


အာဏာရှင် မဟန ပြောင်းလဲ သင့်ပြီလော

     ရဟန်းသံဃာတော်များသည် ဘုရားရှင်လက်ထက်ကထဲကပင် အစုအဖွဲ့နှင့် နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ်တိုင်အောင် ပင် ဖြစ်ပါတယ်။ နောင်လည်းပဲ အစုအဖွဲ့ အနေနှင့်ပင် ဆက်လက် နေသင့် နေကြရမှာဖြစ်ပါတယ်။တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊ လေးပါးနှင့် လေးပါးအထက်ကို သံဃာလို့ ဟောထားသဖြင့် သံဃာဟုဆိုလိုက်လျှင်ပင် အဖွဲ့အစည်းတခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲ့နဲ့နေတဲ့ ပေါင်းစုထားတဲ့ အဖွဲ့အစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖွဲ့နေစရာ မလိုတဲ့ သဘောပါ။
ဗုဒ္ဓက သူ့ သာသနာတော်သို့ ၀င်ရောက်လာသူ မှန်သမျှကို ၀ိနည်းသိက္ခာပုဒ်အတိုင်း လိုက်နာနေထိုင်ပါက သံဃာ့အဖွဲ့ဝင်အဖြစ် အသိ အမှတ်ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါ ဘူး၊ အချင်းချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ ပါရာဇိက ၄ ပါး မကျူးလွန် သေးသမျှ ရဟန်းအဖြစ်က ရပ်စဲတယ်ဆိုတာ မရှိပါဘူး။ ရဟန်းအဖြစ်က ရပ်စဲလို့လဲမရပါဘူး။ အာဏာအသုံးပြုပြီး သင်္ကန်းဆွဲ ချွတ်ရင် တောင်  သင်္ကန်းမရှိပေမယ့် ရဟန်းအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ သိက္ခာတင် ပဉ္စင်္ဂ သိက္ခာချ ဆလင်္ကာဆိုတဲ့ အင်္ဂါရပ်များနဲ့ ညီမှ သင်္ကန်းဝတ်တာ ချွတ်တာဆိုတာကို လုပ်လို့ရပါတယ်။ ချွတ်ချင်တိုင်း ချွတ်လို့ မရပါဘူး။ ဗုဒ္ဓဘာသာဝင် အမည်ခံထားပြီး ၀ိနည်းကို နားမ လည်တဲ့ လူ့အန္ဓများကတော့ သင်္ကန်းမရှိတော့ရင် ရဟန်းမဟုတ်တော့ဘူးလို့ ထင်နေကြပုံရပါတယ်။


     မြန်မာနိုင်ငံမှာ မဆလ ခေတ် ၁၉၈၀/၁၉၈၁ ခုနှစ်က သံဃာတော် ၄၇ ပါးနဲ့အတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပေါ်ပေါက်လာ ခဲ့ပါတယ်။ မဆလ အာဏာရှင် ကြီးစိုးချိန်ဖြစ်လို့ လုပ်ချင်တာလုပ်နိုင်တယ် ဆိုပေမယ့် ဒီ မဟန အဖွဲ့ကို လွယ်လွယ်နဲ့ ဖွဲ့နိုင်ခဲ့တာတော့ မ ဟုတ်ပါဘူး။ သံဃာတော်များ မှတ်ပုံတင်မလုပ်ရေးကို ဆရာတော်ကြီးများစွာက ကန့်ကွက်ခဲ့ကြပါတယ်။ မှတ်ပုံတင်လုပ်ခိုင်းတဲ့ နောက် ကွယ်မှာ သံဃာ့အဖွဲ့အစည်းတခုဖွဲ့ပြီး ယင်းအဖွဲ့ကို အသုံပြုကာ သံဃာအချင်းချင်း အုပ်ချုပ်ခိုင်းမည့် ဦးနေ၀င်းအစိုးရရဲ့ ရည်ရွယ်ချက်ကို ဆရာတော်ကြီးများက ကောင်းစွာသိနေသည့်အတွက် ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။
       ဦးစိန်လွင်က ဆရာတော်ကြီးများကို လိုက်လံစည်းရုံးစဉ်အခါမှာ တချို့ဆရာတော်ကြီးများကဆိုရင် သံဃာတွေကို ညှဉ်းဆဲနှိပ်စက် မယ့်အထဲမှာ ငါတို့ကို ဆွဲမထည့်နဲ့ မလုပ်နိုင်ဘူးလို့တောင် ပြောဆိုလွှတ်လိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ကန့်ကွက်သည့်သံဃာဦးရေ များ လာသည့်အခါ သံဃာတော်တချို့ကို ပါရာဇိက ၀ိနည်းသိက္ခာပုဒ်နှင့် လိမ်ညာစွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သတင်းဌာနနှင့် ရေဒီ ယိုတို့မှ “သံဃာအတုတွေ သာသနာဖျက်မည့်သူတွေ ပေါ်ပေါက်”လို့ဟု မဟုတ်မမှန် လုပ်ကြံကြေညာကာ သံဃာ့အဖွဲ့အစည်းကို အဓမ္မဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၀ ခု ပတ္တနိက္ကုဇ္ဇန ကံဆောင်စဉ်ကလည်း ပြည်သူအများက ရဟန်းသံဃာတော်များအပေါ် ထင်ယောင်ထင် မှားဖြစ်အောင် လိမ်ညာ ၀ါဒဖြန့်ပြီး သံဃာတော်များကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။၂၀၀၇ ခုနှစ်ကလည်း အလားတူ လုပ်ရပ်မျိုးလုပ်ပြီး သံဃာတော်များကိုဖမ်းဆီးကာ ထောင်ချခဲ့ပါတယ်။
    နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဖြစ်ပေါ်လာသည့်အခါ မဆလ အစိုးရဟာ သာသနာတော်ကိုကြည်ညိုဟန်ဆောင်ပြီး ရုပ်ရှင် ဂီတ သဘင် အနုပညာရှင်များနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ အကြီးအကျယ်လုပ်ကာ မဟန ဆရာတော်များကို ရာထူးက မဆင်း နိုင်အောင် ဖြားယောင်းခဲ့ပါတယ်။ ဖုန်း ကား ကျောင်းမြေကွက်များပေးသည့်အပြင် လုပ်ပိုင်ခွင့်အာဏာများလဲ အပြည်အ၀ ပေးထားသည့် အတွက် ဆရာတော်တချို့ဟာ သာမန်လူသားများကဲ့သို့ပင် ရာထူးက ဆင်းပေးရမှာကို စိုးရိမ်လျှက်ရှိပါတယ်။ ရာထူးမြဲရေးအတွက် အာ ဏာပိုင်အဆင့်ဆင့်ခိုင်းတာကို လုပ်နေသည့်အပြင် လဘ်ထိုးပြီး နေရာရအောင် လူပြန်တော်ပွဲစားတွေကတဆင့် ကြိုးစားလုပ်ဆောင်တာ တွေလည်း ရှိခဲ့ပါတယ်။ ရာထူး လာဘ်လာဘများနဲ့ စည်းလုံးနေတဲ့ သံဃာများကို ခွဲပစ်လိုက်တာပါပဲ။
မဆလ အစိုးရဟာ ရာထူးမက်မောနေသည့် မဟန ဆရာတော်အချို့ကို အသုံးပြုလျှက် ရဟန်းသံဃာများအတွက် ညွှန်ကြားလွှာအမိန့် အသီးသီးထုတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ အဖွဲ့အစည်း မရှိခင်က ညီညွတ်နေသည့် မြန်မာရဟန်းသံဃာ၏ အချင်းချင်း ညီညွတ်ရေးတွေ ပြို ကွဲလာပါတယ်။ ရဟန်းသံဃာများအနေနဲ့လည်း မဆလ အစိုးရကို အပြစ်မမြင်တော့ပဲ မဟနကိုသာ အမြင်မကြည်မလင်ဖြစ်လာပါတယ်။ ရဟန်းငယ်များ တခုခုလုပ်တိုင်း မဟန အဖွဲ့ကို ညွှန်ကြားလွှာထုတ်စေပြီး ကျောင်းတိုက်အပြင်ထွက်ခွင့် မပေးပဲ အပြင်လူထုနှင့် အဆက် အသွယ် ပြတ်သွားအောင် ကျောင်းထိုင်ဆရာတော်များကတဆင့် ထိန်းချုပ်စေပြီး သံဃာချင်း တိုက်ပေးတဲ့ နည်းကို အသုံးပြုပါတယ်။
      အာဏာရှင်အဆက်ဆက်များဟာ မဟန အဖွဲ့ကြီးကိုလည်း မြေမှု ကျောင်းမှု ပါရာဇိက အမှုတွေမှာ ကမ္ဘာအေးရှိ သာသရေးဦးစီဌာန က လူပြန်တော်ပွဲစားများက တဆင့် လာဘ်စား တတ်အောင် သင်ပေးပြီး ငွေများ တရားနိုင်တဲ့ အဖွဲ့အဖြစ် ရောက်ရှိစေခဲ့ပါတယ်။ အမှု ကိစ္စ ဖြစ်သည့်အခါ အမှုနိုင်ရေးအတွက် ငွေ ဘယ် လောက်ပေးရမယ်ဆိုတာမျိုးကို လူပြန်တော်တွေကတဆင့် ပြောဆိုပြီး လူပြန်တော်နဲ့ ၀ိနိစ္ဆယ( တရားရေးအဖွဲ့)တို့  ခွဲဝေယူတာမျိုးတွေအထိ ဖြစ်လာပါတယ်။

 
       မဟန အဖွဲ့ကြီးကို“သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်သည့်အတွက် ကြိုဆိုထောက်ခံမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်ပေမယ့် မဟန အဖွဲ့ရဲ့ အဝိဇ္ဇာ မောဟတရားများ ဖုံးလွှမ်းတာ အားကြီးလာပြီး လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ အာဏာရှင်များရဲ့ အသုံးချခံနေရမှု စသည်များကြောင့် သာ သနာတော်ဟာ မသန့်ရှင်းပဲ ပို၍ပင် ညစ်နွမ်းလာရပါတယ်။ တည်တံ့ပြန့်ပွားအောင်  လုပ်ရာမှာလည်း  နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်တွေ ပေါ်လာပေမယ့် ရဟန်းငယ်များ လွတ်လပ်စွာ  ဆွေးနွေးခွင့် တင်ပြခွင့်တွေ မရှိပါဘူး။ ခေတ်အမြင်ရှိပြီး သာသနာတော် တိုးတက်စေလိုတဲ့ ဆန္ဒရှိတဲ့ ရဟန်းငယ်များဟာ  တက္ကသိုလ်တွေရဲ့ လိုအပ်ချက် အားနည်းချက်တွေ၊ မသမာမှုတွေကို တင်ပြချင်ပေမယ့် ကျောင်းကအထုတ်ခံရမှာစိုးရိမ်နေသည့်အတွက် စိတ်ဆင်းရဲစွာနဲ့ပဲ ပညာသင်ကြားနေကြရပါတယ်။
နိုင်ငံတော်ကနေပြီး ပြည်ပကို သာသနာပြု လွှတ်ရန်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ နိုင်ငံတော် ပရိယတ္တိသာသာနာ့တက္ကသိုလ်တွေ (နပသ)တွေ ဖွင့်ထားသော်လည်း  အရည်အချင်းမပြည့်စုံမှု၊ အာဏာရှင်စနစ်ပမာ အုပ်ချုပ်မှု စာသင်သံဃာတော်များ လိုအပ်ချက်ကို  မဖြည့်ဆည်းနိုင်မှုစတဲ့ အကြောင်းများကြောင့် နှစ်ပေါင်း ၂၇ နှစ်ကြာသည့်တိုင်  ပြည်ပသာသနာပြုတွေ မလွှတ်နိုင်သေးပါဘူး။ ကိုယ့် အစီအစဉ်နဲ့ ပြည်ပထွက် သာသနာပြုနေကြသည့် သံဃာတော်များ ရှိလို့သာ  မြန်မာပြည် ထေရ၀ါဒဗုဒ္ဓဘာသာအကြောင်းကို ကမ္ဘာက သိနေခြင်းဖြစ်ပါတယ်။
နပသမှာ သာသနာချစ်တဲ့စိတ်နဲ့ အမှန်တရားကို တင်ပြသူများကိုတော့ နည်းမျိုးစုံနဲ့ အထဲမှာ မနေနိုင်အောင် ဖိအားပေးခံရပါတယ်။ စာမေးပွဲ အချခံရခြင်း အပြစ်သေးသေးလေးကို အကြောင်းပြကာ နှင်ထုတ်ခံရခြင်းများ ပြုလုပ်ပြီး ခိုင်းသမျှ လုပ်ပေးသူများကိုတော့ နေရာပေးထားကာ ခွဲခြားအုပ်ချုပ်သည့် စနစ်ကို တရားမ၀င် ကျင့်သုံးနေပါတယ်။ မဆလနဲ့ နဝတခေတ်မှာ ခဏတဖြုတ် ပြည်တွင်းမှာ သာသနာပြန့်ပွားဖို့အတွက် လုပ်ခဲ့ပေမယ့် ၎င်းနောက်ပိုင်း ယနေ့အချိန်အထိ ပြည်သူပြည်သားများ အသိ ဉာဏ်ပညာတွေနဲ့ ဘာသာတရားပြန့်နှံ့မှုများအတွက် ဘာမှ လုပ်ဆောင်တာမရှိတော့ပါဘူး။
    မဟန အဖွဲ့ဟာ သာသနာတော်နဲ့ သက်ဆိုင်တဲ့ ကိစ္စအ၀၀ကို လုပ်ကိုင်ဆောင်ရွက်ပေးရမှာ ဖြစ်ပေမယ့် သာသနာ့အကျိုး သံဃာ့ အကျိုးကို မဆောင်ရွက်နိုင်ပဲ  အာဏာရှင် အဆက်ဆက်ရဲ့ အကျိုးဆောင် လက်ကိုင်ဒုတ်ဖြစ်လာနေပါတယ်။ မဆလ ရှိစဉ်က မဆလ ခိုင်းတာလုပ်ပေးရပြီး န၀တ နအဖ ခေတ်တွေရောက်တော့လည်း ဒီစစ်အာဏာရှင်တွေရဲ့ ခိုင်းစေတာကို  လုပ်ပေးခဲ့ပါတယ်။ အခုလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ သာသနာ့မျက်နှာကို  မကြည့်ပဲ အာဏာရှိသူ အစိုးရမျက်နှာကိုကြည့်နေတဲ့ အဖွဲ့အဖြစ်ပဲ တည်ရှိနေပါ တယ်။   အာဏာရှင်အစိုးရတွေ ပုံစံမျိုးစုံ ပြောင်းသွားသော်လည်း မဟန အာဏာရှင်ကတော့  မပြောင်းလဲသေးပါဘူး။
    သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် မဟန အဖွဲ့ကြီးရှိပါလျှက်နဲ့ ၂၀၀၇ မှာကျောင်းတိုက်တွေ ၀င်ရောက်စီးနင်းတာ သံဃာတော်တွေ ဖမ်းဆီးထောင်ချခံရတာတွေမှာ သံဃာများရှေ့ကနေ ရပ်တည်ပြီး ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် ရာထူးအာဏာတည်မြဲ ရေးအတွက် အလိုတူအလိုပါ စစ်အာဏာရှင်ဘက်ကတောင် ရပ်တည်ပြီး လိုက်ပါဆောင်ရွက် ဟောပြောပေးတာတွေရှိပါတယ်။ ကြခတ်
ဝိုင်းဆရာတော်လို ဆင်းရဲမျိုးစုံ ကြုံနေရပြီး မှန်ကန်တဲ့ ပြည်သူ့ဘက်က မရပ်ပဲ အာဏာရှင်ကျေနပ်အောင် လုပ်ပြချင်တဲ့ အဖွဲ့ဖြစ်နေတော့ မဟန အဖွဲ့ကို ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။



မဟန အဖွဲ့ထဲက အမှန်အတိုင်း လုပ်ကိုင်ချင်တဲ့ဆရာတော်တချို့ဟာ လုပ်ပိုင်ခွင့်နေရာ မရရှိပဲ အာဏာရှင်ခိုင်းတာ လုပ်ပေးတဲ့ ဆရာ တော်များကိုသာ လျှို့ဝှက်ပြီး ရွေးချယ်တင်မြှောက်ထားပါတယ်။ သာသနာတော်အတွက် မဟန အဖွဲ့ကြီး ရှိပါလျှက်နဲ့ သံဃာတော်များ ဖမ်းဆီးထောင်ချခံရတာတွေ ကျောင်းတိုက်များ ၀င်ရောက်ဖျက်ဆီးခံရတာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ ရဟန်း ငယ်များဘက်က မားမားမတ်မတ်ရပ်ပေးရမယ့်အစား အာဏာရှင်ဘက်က ရပ်တည်ပေးတာဟာ သာသနာအတွက် ၀မ်းနည်းစရာအလွန် ကောင်းပါတယ်။
သံဃ၀ိနိစ္ဆယ (သံဃာ့တရားရုံး)တွေ ရှိပေမယ့် သံဃာတော်များ သင်္ကန်းချွတ်ခံရတာကို ဘာမှ အကာအကွယ် မပေးခဲ့ပါဘူး။ သံဃာ့ တရားရုံး ဥပဒေအရ ဖြေရှင်းခွင့် မရဘဲ နှစ်ကြီးပြစ်ဒဏ်တွေ ကျခံကြရပါတယ်။ ရဟန်းတပါးမှာ အပြစ်ရှိတယ်ဆိုရင်တောင် သံဃာ့တရား ရုံးအဆင့်ဆင့်က ပထမဆုံး တရားစီရင်ချက် ချပြီးမှ လူ(အရပ်သား) တရားရုံးက ဒုတိယ စီရင်ချက် ချရတာဖြစ်ပါတယ်။ ရွှေဝါရောင် သံဃာတော်များဟာ မဟန အဖွဲ့နဲ့ တရားဥပဒေရဲ့  အကူအညီ လုံးဝမရတဲ့အတွက် လူဆိုးသူခိုးများလို နှိပ်စက်ညှင်းဆဲခံရတဲ့အပြင် နှစ် ရှည်ထောင်ဒဏ်တွေလဲ ကျခံနေရပါတယ်။
     မဟန အဖွဲ့ရဲ့ အားနည်းချက်တွေကို သိနေတဲ့ အာဏာရှင်အဆက်ဆက်ကလဲ သူတို့နဲ့ အမြင်မတူတဲ့ သံဃာတော်တွေ လူမှုရေးအဖွဲ့ တွေ ပညာဒါန ကျောင်းတိုက်တွေကို လူထု အကျိုးပြုလုပ်ငန်း တခုခုလုပ်လာပြီဆိုရင် ဖိနှိပ်ဖို့အတွက် ဒီ မဟန အဖွဲ့ကို  အမြဲ အသုံးချပြီး သံဃာအချင်းချင်း မသင့်မြတ်အောင်လုပ်ကာ လူပြန်တော်များကို အမိန့်ညွှန်ကြားလွှာများ ရေးခိုင်းပြီး မဟန အဖွဲ့ကို လက်မှတ်ထိုး စာ ထုတ်ခိုင်းပါတယ်။ မဟန အဖွဲ့ကလည်း မှားသည် မှန်သည်ဆိုတဲ့ အဖြစ်မှန်ကို သေချာ စစ်မနေတော့ပဲ အာဏာတည်မြဲရေးအတွက် စစ် အာဏာရှင်  အစိုးရအကြိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။
     ဗုဒ္ဓဘာသာဟာ သံသရာလွတ်မြောက်ရေး လမ်းကြောင်းတခုထဲကိုသာ သွားတဲ့ တလမ်းသွား မဟုတ်ပါဘူး။ လက်ရှိ လူနေမှုဘ၀ တွေမှာလည်း လူသားကောင်းကျိုး လောကကောင်းကျိုးတွေကိုလည်း ဆောင်ရွက်ပေးတဲ့ နှစ်လမ်းသွား ဖြစ်ပါတယ်။ကျန်မာရေး ပညာ ရေး အသိဉာဏ်နဲ့ အထွေထွေ ဗဟုသုတတွေ သင်ပေးဖို့အတွက် ရဟန်းသံဃာတော်များမှာ တာဝန်ရှိသလို ဘာသာတရားနဲ့ မဆန့်ကျင် သည့်အပြင် ဘုရားဟောနဲ့လည်း ညီညွတ်ပါတယ်။  သံဃာတော်များအနေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ များများလုပ်နိုင်မယ်ဆိုရင် သာသနာတော်ဟာ  သိက္ခာမကျပဲ သိက္ခာတက်လာမှာဖြစ်ပါတယ်။ ရှေးဆရာတော်ကြီးများအဆက်ဆက်ဟာ ကျေးရွာတွေ မြို့တွေမှာ လူထုကောင်းကျိုးတွေ လုပ်ခဲ့တဲ့အတွက် လူသားတွေ မင်းညီ မင်းသားတွေရဲ့ အားကိုးရာ အားထားရာ သာဓကတွေ အများကြီး ရှိခဲ့ပါ တယ်။ ရဟန်းတော်များက အများအကျိုးကို မှန်မှန်ကန်ကန်လုပ်ပြီး ဦးဆောင်လာတဲ့အခါ လူထုထောက်ခံမှု ရရှိပြီး လူထုအာဏာဟာ သံဃာတော်များဆီမှာ အလိုလို ရှိနေတဲ့အတွက် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ နှစ်မျိုးလုံးကို ဆုံးမ သြ၀ါဒပေးနိုင်ပါတယ်။ သာသနာ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်။ သံဃာ့အဖွဲ့အစည်းဆိုတာ ရာထူးအာဏာ တည်မြဲရေးကိုကြည့်ပြီး အာဏာရှင်ခိုင်းတာ လုပ်မယ်ဆိုရင်တော့ သိက္ခာကျမှာမလွဲပါဘူး။ ခိုင်းတာကို သံဃာများက ပြန်လုပ်ပေးနေတဲ့အတွက် ပို၍ကျဆင်းစေပါတယ်။
      လူထုအကျိုးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ သံဃာတော်တွေ ကျောင်းတိုက်တွေကို သာသနာ့အကျိုး လောကအကျိုး ဆောင် ရွက်နေတဲ့အတွက် မဟန အဖွဲ့အနေနဲ့ ကူညီ စောင့်ရှောက်အားပေးရမှာပါ။ တဘက်မှာလည်း သာသနာနဲ့ မအပ်စပ်တဲ့ ဘောလုံးပွဲစတဲ့ လောင်းကစားတာ လမ်းဘေးမှာ အချိန်မတော်အလှူခံတာ ရထားဘူတာနဲ့ ကားဂိတ်တွေမှာ လိုက်တောင်းနေတာ အရက်သောက်တာ မွန်းလွဲချိန် ဆိုင်ထိုင်တာတွေ လုပ်နေကြတဲ့ သံဃာတွေကို အရေးယူသင့်ပါတယ်။ အဲဒါမျိုးတွေကို သန့်စင်ရှင်းလင်းပေးမှ သာသနာ သန့် ရှင်းရေး ဆိုတာဖြစ်မှာပါ။ အဲဒီလုပ်ရပ်တွေက သာသနာသိက္ခာကျစေတဲ့ လုပ်ရပ်မျိုးတွေပဲဖြစ်တယ်။ အခုကြတော့ အမှန်တကယ် လုပ်ရ မယ့် အလုပ်မျိုးတွေကိုလည်း တာဝန်မဲ့ လုပ်နေကြတယ်။ မြို့တိုင်းနယ်တိုင်းမှာ သံဃာ့အဖွဲ့ အစည်းတွေ ရဲစခန်းတွေရှိပါလျက်နဲ့ ဒီလိုမျိုး လုပ်ရပ်တွေကို အရေးမယူပဲ ခွင့်ပြုထားတာကတော့ သံဃာတော်များ၂၀၀၇ တုန်းကလို တခုခုလုပ်ခဲ့ရင် ဒီလို ရဟန်းအတုအယောင်တွေ ကြောင့် ဖမ်းပါတယ် ဆိုတာမျိုး အကြောင်းပြချင်လို့ ထောင်ချောက်ဆင်ထားတာဖြစ်ပါတယ်။
       မြန်မာနိုင်ငံလို သာသနာထွန်းကားတဲ့ နိုင်ငံတခုမှာ အမှန်တရားကို လိုလားတဲ့ ဘက်မလိုက်တဲ့ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ လွတ်လပ်စွာ ဆုံဖြတ်ပိုင်ခွင့်ရှိတဲ့ သံဃာ့ အဖွဲ့အစည်းကြီး တခုရှိသင့်တာ အမှန်ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ အဂတိတရား ၄ ပါး ကင်း ပြီး မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ပဲ  သာသနာတော်အတွက် လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ လုပ်နိုင် ခွင့် ရှိတဲ့အဖွဲ့ ဖြစ်ဖို့လိုပါတယ်။  ဒီလိုအဖွဲ့ဖြစ်ဖို့ဆိုရင် ရဟန်းတော်များကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်တင်မြှောက်ဖို့လိုပါတယ်။ မည်သည့် အစိုးရမှ ပါဝင်ပတ်သက်ခွင့် မရှိစေရပါဘူး၊ အစိုးရနဲ့ ဒကာ ဒကာမတွေဟာ  ထောက်ပံ့လှူဒါန်းကူညီသူများ အနေနဲ့သာ ရှိသင့်ပါတယ်။ သာသနာတော် ပြန့်ပွားရေး ထိန်းသိမ်းစောင့်ရှောက်ရေးများအတွက် ဒီအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ရမှာဖြစ်သလို ကောင်းကျိုး ဆိုးပြစ်တွေကိုလည်း တာဝန်ယူရမှာဖြစ်ပါတယ်။
      လက်ရှိ မဟန အဖွဲ့အနေ့နဲ့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သာသနာတော် မတိုးတက်ပဲ ဆက်လက်ဆုတ်ယုတ်သွားမှာ သေချာ ပါတယ်။ လောလောဆယ်ပင် တရားဟောခွင့် နာခွင့်များ ဆုတ်ယုတ်လာနေတာ တွေ့နေရပါတယ်။ အာဏာရှင် မဆလ ပါတီ ပျောက် ကွယ် သွားတာကို သင်္ခန်းစာယူပြီး ပြင်သင့်တာ ပြင်ဆင်ဖို့  အချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်တွေ  ခိုင်းတာကို လိုက်လုပ်ပေးနေတဲ့ မဟနအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘာသာသာသနာကို လူတွေက အထင်သေးလာနေပါတယ်။ ဒါကြောင့် သာသနာ့အကျိုးကို အမှန်တကယ် ကာကွယ်စောင့်ရှောက် ထိန်းသိမ်း ဆောင်ရွက်လိုတဲ့ စစ်မှန်တဲ့ မဟန အဖွဲ့ကို ကြိုဆိုထောက်ခံပေမယ့်လည်း အာဏာရှင် မဟန အဖွဲ့ကိုတော့ မရှိသင့်တော့ပြီလို့ ထင်မြင်ယူဆမိပါကြောင်း။

                                                                             ဦးပညာဇောတ ( ABMA )

No comments :