Wednesday 14 December 2011

စစ်ခွေးတိုက် (သို့) ဟောင်ကောင်

စစ်ခွေးတိုက် (သို့) ဟောင်ကောင်

by Ye Min Tun on Wednesday, December 14, 2011 at 12:06am
(အပိုင်းနှစ်ပိုင်းကို တခါတည်းတွဲပြီး ပုံများနှင့် တင်ပေးထားပါသည်။)
ဒီဆောင်းပါးက ကျနော်ရေးတာ ကြာပါပြီ ကျနော်ဘလောက်မှာ တင်ထားတာပါ။ FaceBook မှာ မတင်ရသေးလို့ အခုတင်ပေးလိုက်တယ်။ ဒီဆောင်းပါးကို ဦးလှဦး (Australia ) မှလည်း အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုပြီး သူ့၏စာမျက်နှာမှာ  တင်ပေးထားပါသည်။ မဖတ်ရသေးသော ပြည်တွင်းမှ ညီငယ် ညီမငယ်များ အတွက်တင်ပေးလိုက်ပါတယ်။
စစ်အစိုးရကို ၈၈ မျိုးဆက်များက မုန်းတီးအညှိုးကြီးနေတာ မဟုတ်ပါဘူး။
၈၈မျိုးဆက်များကိုသာ စစ်အစိုးရက အညှိုးတကြီးမုန်းတီးနေတာပါ။


ကျနော်ရေးရမယ့် အကြောင်းရာထဲမှာ အင်းစိန်ထောင်က စစ်ခွေးတိုက်လဲ ချန်ထားလို့ မဖြစ်ဘူး။ စစ်ခွေးကို ထောင်အာဏာပိုင်တွေက အပြစ်ဒဏ်တိုက် လို့ခေါ်တယ်။ အကျဉ်းသား လူဆိုးလောကသားတွေက ဟောင်ကောင်၊ ကောင်ကောင် လို့ခေါ်တယ်။ စစ်ခွေးတိုက်ကို ပို့ပြီး အပြစ်ဒဏ်ပေးခံရတဲ့ အကျဉ်းသားဆိုတာ ထောင်ပိုင်စိန်ဌေး လက်ထက်မှာ သေအောင်ရိုက်သတ်ခံရတဲ့ အကျဉ်းသားတွေ တောင်ရှိတယ် ထောင်ပိုင်စိန်ဌေး ကိုယ်တိုင်ရိုတ်သတ်ခဲ့တယ် လို့ ထောင်ထဲက ပါးစပ်ရာဇ၀င်တွေ ရှိတယ်။ စစ်ခွေးကိုရောက်ရင် လူဆိုးကြီးတွေတောင် အလွမ်းမမ ပန်းမမ ဖြစ်သွားကြရတယ်။ စစ်ခွေးတိုက်က အထူးတိုက် (အဘဦးတင်ဦးတို့၊ ကိုမင်းကိုနိုင်၊ မေ ၁၈, ၂၀၀၈ ခုနှစ်မှာ သေသွားပြီဖြစ်တဲ့ မြောက်ကိုရီးယား စပိုင် ကန်မင်ချူး တို့ထားတဲ့တိုက်) ဘေးနားမှာ ရှိပြီး အလုပ်ကြီးဝင်း လမ်းဘေး ယာဘက်အခြမ်းမှာ ရှိပါတယ်။

စစ်ခွေးတိုက်ကို မရောက်ခင် စစ်ခွေးဝန်း အ၀င်အ၀ ဂိတ်အသေးတခုရှိပြီး ထောင်အခေါ် စစ်ခွေးဘူးဝ လို့ခေါ်တယ်။ အထဲမှာတော့ စစ်ခွေးတိုက် (သို့) ဟောင်ကောင် ရှိတယ်။ ထောင်အတွက် စစ်ခွေးများထားတဲ့ တန်းလျားပြီးရင် စစ်ခွေးလေ့ကျင့်တဲ့ ကွင်းပြင်ရဲ့ ဘယ်ဘက်လမ်းအတိုင်းမှာတော့ စစ်ခွေးတိုက် အခန်းဆယ်ခန်းက အခန်းတခုစီရဲ့ ဘေးမှာ ဆယ်ပေကျော် နံရံတိုလေးတွေ ကာထားပြီး တိုက်ခန်းရဲ့ မျက်နှာခြင်းဆိုင်မှာတော့ အုတ်ရိုးရှိပြီး ထောင်အုတ်ရိုးအကြီးနှင့် အသေးကြားက နေရာပါ။ စစ်ခွေးကို အကျဉ်းသားတယောက် အပြစ်ဒဏ်နှင့် လာရင် ဘယ်လို့လုပ်တယ် ဆိုတာကို ကျနော့ စစ်ခွေးတိုက် အတွေ့အကြုံ နှစ်ခါ ဖြစ်တဲ့ ၁၉၉၂ နှင့် ၁၉၉၃ တုန်းက အဖြစ်ပျက်ကို ပြောပြပါ့မယ်။ မပြောခင် အရင်ဆုံး ရှင်းပြအုန်းမယ်။

မိန်းဂျေးလမ်းမ နှင့် မိကျောင်းလမ်း
စစ်ခွေးမရောက်ခင် ထောင်အလယ်ဗဟို မျော်စင်တိုင် ထောင်မှာခေါ်တာ မိန်းဂျေးရုံးခန်း ဆိုတဲ့နေရာကနေ စစ်ခွေးရောက်အောင် သွားဖို့ မိကျောင်းလမ်းဆိုတာလဲ ရှိတယ်။ မန်းဂျေးမှာ တာဝန်မှူးကြီးဆိုတဲ့ ထောင်မှူးကြီး တဦး ထောင်မှူးတဦး တပ်ကြပ် အသီးသီးရှိပြီး။ ထောင်မှာ မန်းဂျေးမှာ တာဝန်ကျတဲ့ ၀န်ထမ်းက အာဏာကြီးပါတယ်။ မန်းဂျေးဒုတပ်ကြပ်က အဆောင်မှာ တာဝန်ကျတဲ့ တပ်ကြပ်ကြီးတွေ အပိုးကျိုးနေအောင်ကို အာဏာကကြီးတာ အခြားတော့ မဟုတ်ပါဘူး ထောင်ထဲကို ခိုးသွင်းလာတဲ့ ပစ္စည်းတွေကို ဖမ်းလိုက်ရင် ဒုက္ခအကြီးကျယ် ရောက်သွားနိုင်တာကြောင့်ပါ။

ထောင်ဗူးဝကြီးကနေ မိန်းဂျေးအထိ ကားမောင်းလို့ရတဲ့ လမ်းမကျယ်ကြီး ရှိပြီး လမ်းကို အုတ်နီခဲတွေကို ထုပြီး ဒလိမ့်တုံးနှင့် လိမ့်ထားတဲ့ လမ်းမ ထောင်ထဲက အနှိပ်စက်ခံ အကျဥ်းသားတွေရဲ့ သွေးချွေးလမ်းမ ဆိုလဲ မမှားဘူး ဘာလို့လဲဆိုတဲ့ အဲဒီ လမ်းမကို ဒလိမ့်တုံးလိမ့်ရတာက အပြစ်ဒဏ်ကျတဲ့ အကျဥ်းသားကို သံခြေကျဥ်းနှင့် ဒေါက်ခတ်ပြီးမှ နေကျစ်ကျစ်တောက်ပူနေတဲ့ အချိန်မှာ ဒီသံဒလိမ့်တုံးကြီးကို တွန်းရတာဖြစ်ပါတယ်။ ဒီသံဒလိမ့်တုံးကြီးကို ချစ်ကိုကို လို့ခေါ်ပြီး နည်းနည်းသေးတာကို ချစ်မမလို့ခေါ်ပါတယ် ချစ်ကိုကို က အကျဉ်းသားနှစ်ယောက်တွန်းရပြီး ချစ်မမ က အကျဉ်းသား တယောက်ထဲ တွန်းရပါတယ်။ ပူကျစ်နေတဲ့ နေကြောင့် ပူနေတဲ့ သံဒလိမ့်တုံးကြီးကို တွန်းနေတဲ့ အကျဥ်းသားလက်တွေက အပူလောင်ပြီး ကွာထွက် သွေးရဲရဲတောက် ထွက်တယ်။ ခြေထောက်က သံခြေကျဉ်းနှင့် ခြေထောက်နှစ်ခုကြားက ဒေါက်ကြောင့် ဂဏန်းလိုသွားနေရဲ့ အကျဉ်းသားနောက်မှာတော့ လက်ရွေးစင် အရိုတ်သမား ထောင်ဝန်ထမ်း တပ်ကြပ် (သို့) ဒုတပ်ကြပ်တယောက်က ဂန်းပိုက်လို့ခေါ်တဲ့ ရာဘာအမာစား ဒုတ်အရှည်နှင့် တဘောင်းဘောင်း လိုက်ရိုက်နေတာကို အကျဉ်းသား နှစ်ယောက် ယပ်ခပ်ပေးနေရတဲ့ တာဝန်မှူးကြီး (ထောင်မှူးကြီး)တဦးက မန်းဂျေးရုံးခန်းက နေပြီး ရေနွေးကြမ်း အမြည်းအစုံအလင်နှင့် ထိုင်ကြည့်နေပြီး အဆောင်က တခြားထောင်မှူးများလဲ ထွက်ကြည့်လေ့ရှိပါတယ်။

တခါတရံမှာ သူတို့ကြည့်မရတဲ့ လူဖြစ်နေရင် ထောင်မှူးများက လက်သံပြောင်ပြောင်နှင့် ၀င်ရိုတ်ပြပါသေးတယ်။ အဲဒီလိုလူဆိုရင်တော့ မျော့မျော့ပဲ ကျန်လေ့ရှိတယ် ဘာလို့လဲဆိုတော့ မျက်နာလို မျက်နှာရ လက်သံပြောင်ပြတဲ့ တပ်ကြပ်ကြောင့်ပါ။ အဲဒီလို ရိုတ်လို့တွန်းခိုင်းလို့ဝပြီ တာဝန်မှူးကြီး ကျေနပ်ပြီဆိုမှ ဒီအကျဉ်းသားက အဲဒီ မိန်းဂျေးကနေ စစ်ခွေးတိုက်ဗူးဝ အရောက် လမ်းလျှောက်ရင် ၅ မိနစ် ၆ မိနစ်လောက် ခရီးကို အုတ်ခဲတွေ ထုချေထားတဲ့ အုတ်လမ်းအချောဘေးက အနားစ ဒလိမ့်တုံး မဖိထားတဲ့ နေရာကနေ မိကျောင်းသွား သွားရပါတယ်။ ခြေထောက်လုံးဝ မတွန်းရဘူး တဒေါင်ဆစ်နှင့် တကိုယ်လုံး ၀ိတ်ကို ဆွဲပြီး ထွားသွား သွားရတဲ့ မိကျောင်းသွားမှာ အပြစ်ဒဏ်ကျတဲ့ အကျဉ်းသား တဒေါင်ဆစ်က သွေးချင်းချင်းရဲပြီး ၀မ်းလျားမှောက်သွား နေရတဲ့ အကျဉ်းသား ကျောပေါ် တင်ပါး ခြေထောက် ကျရာနေရာကို လိုက်ရိုတ်နေတဲ့ မိန်းဂျေးတပ်ကြပ် လက်သံကြောင့် အကျဉ်းသား၏ မိကျောင်းတက်က မြန်နေရပါတော့တယ်။ ဒီအစလေးကို ဖတ်ပြီး ကျနော်ကို ပိုရေးတယ် ထင်ကောင်း ထင်နိုင်ပါတယ်။ ကျနော်တခုတော့ သိစေခြင်တယ် ကျနော်ကိုယ့်တွေ့အပြင် အင်းစိန်ထောင်မှာ အကျဉ်းသားလူဆိုးတွေ အများစုက စစ်ခွေးဆို မီးသေသွားကြတယ် ဆိုတာကို သိစေခြင်ပါသည်။

စစ်ခွေးရောက်တဲ့နေ့

၁၉၉၂ သောကြာနေ့ တနေ့မှာ ကျနော်ရက်အတိကျ မေ့နေတယ် ကြိုးစားပြီး စဉ်းစားတာ မရတော့ဘူး။ ဒါပေမယ့် အဲဒီအချိန်က အင်းစိန်ထောင်မှာ ထောင်ကျနေတဲ့ အဆောင်က နိုင်ငံရေးပုဒ်မတွေ အားလုံး မခံမရပ်နိုင်ဖြစ်ရတဲ့ အထင်ကရ ရက်တရက်ဖြစ်ခဲ့တာပါ။ ကျနော်ကျနေတဲ့ အဆောင်က (၃)ဆောင် ကျနော်သူငယ်ချင်း ကိုဝင်းသူရကြွယ်(ခ) နဂါးလေး ထောင်ဝင်စာ တွေ့သွားတော့ ကျနော်တို့ အဆက်သွယ်လုပ်တဲ့ စာတိုလေးတစောင်ကို ထုက်သွားတယ်။ ကျနော်လဲ နဂါးလေး ထောင်ဝင်စာသွားလို့ အဲဒီစာလေးများ မိလေမလားဆိုပြီး ပူပင် လိုက်ရပေမယ့်။ နဂါးလေးက မိန်းဂျေးက ပုဆိုးဖြန့် ခြေကားထားပြီး ပါးစပ်ဟပြရတဲ့ စစ်ဆေးရေးကျော် သွားတော့မှ အလုံးကြီးကျလို့ နေတော့တယ်။ နောက်ပြီး နဂါးလေးထောင်ဝင်စာ ပြန်လာတာကို မျော်နေတဲ့ အချိန်မှာ အဆောင်အသီးသီးကို အရေးပေါ်ပုံစံပေးလိုက်လို့ အကျဉ်းသားတွေ အားလုံးရောက်ရာ နေရာကနေ ပုံစံငုံထားရပါတယ်။

အဲဒီအချိန်မှာ ကျနော်အမည်ကို သုံးဆောင်ရုံးခန်းက ၀န်ထမ်းက လာခေါ်လို့ ကျနော်လဲ လိုက်သွားရော ပြဿနာက စပါပြီ။ မိန်းဂျေး မျော်စင်ကြီးအောက်က အ၀ိုင်းအမိုးကြီး အတွင်း (ယ္ခင် အင်္ဂလိပ် လက်ထက်က မီးဖိုဆောင်) ကျနော်ကို သွင်းလိုက်ပြီး ထုက်တန်းတခုကို လက်နှင့်ခိုထားခိုင်း ပါတယ်။ သစ်သားဘောင်ကြီးက ကြီးတော့ ကျနော့်လက်သေးသေးလေးနှင့် စောင်းကိုပဲခိုရတာ လက်က အရမ်းနာပြီး တုန်လာတဲ့ အချိန် ပြုတ်အကျမှာ တပ်ကြပ်ကြီး ကျော်ဝင်း(တရုတ်ကျော်ဝင်း) စစ်ဖိနပ်နှင့် ဆောင့်ကန်တယ် ပြန်ခိုခိုင်းတယ်။ ကျနော်ခေါင်းထဲမှာလဲ အကြောင်းရာတွေ စီနေရတယ်။ နဂါးလေးက အပြင်ထုက်တဲ့ စာမိသွားတာလား ဆိုပြီး စဉ်းစားရ ကြပ်နေတယ်။ ကျော်ဝင်းကလည်း ကျနော်ကို ကန်လိုက် အပြင်မှာ နဂါးလေးကို ထွက်ရိုက်လိုက် လုပ်နေတဲ့ အချိန်မှာ မိန်းဂျေးမှ အလုပ်လုပ်တဲ့ အကျဉ်းသားတွေက အခြေနေကြည့်ပေးထားပါတယ်။ ကျော်ဝင်း နဂါးလေး စစ်နေချိန်မှာ ကျနော်ကို အောက်ဆင်းခိုင်းထားပြီး ၀င်းမြင့် ပြန်လာရင် ကျနော်ပြန်ခိုရတယ်။

ကျနော်နှင့်သိတဲ့ အရေးခင်းလူသတ်မှု ဂါးဂါးလေး ဆိုတဲ့လူက ကျနော်ကို မင်းတို့တော့ သေမှာပဲ ဟိုကောင့်မှာ စာမိထားတယ် လို့ဖြတ်သွားရင်း လေသံနှင့် ပြောပါတယ်။ အားလုံးဝိုင်း ကူညီလို့ ကြာကြာမခိုရတဲ့ ပေမယ့် ကျော်ဝင်းရောက်ပြီး ကြည့်တဲ့ အချိန် ကျနော်ကြာကြာ မခိုနိုင်လို့ ကျနော့်တကိုယ်လုံး ဖုန်အလူးလူး ကန်ရာတွေ ထပ်ကုန်တော့တာ နောက်မှ အဲဒီဖိုဝိုင်းထဲက ထုက်ပြီး မိန်းဂျေးရုံးခန်းရှေ့ အုတ်နီလမ်းမမှာ ပုံစံထိုင်ခိုင်းထားပြီး မေးပါတော့တယ်။

တပ်ကြပ်ကြီး ကျော်ဝင်း က
“ဟေ့ကောင် မင်းသူ့ကို သိတယ်နော်”
“ ဟုတ်ကဲ့သိပါတယ်”
ကျနော်ဖြေတော့ ခေါင်းက နဂါးလေးဖက်ငဲ့မိလို့ ကျောပေါ်ကို ဂန်းပိုက်နှင့် ရိုတ်လိုက်တယ် အဲဒီဝန်ထမ်းအမည်က ထွန်းကြည်(နောက်တော့ ဒုတပ်ကြပ်ဖြစ်သွား) လူကောင်သေးသေး အသားဖြူဖြူနှင့် အရိုင်းစိုင်းဆုံးဆဲတဲ့ ၀န်ထမ်းဖြစ်ပါတယ်။
“မင်းသူ့ဆီက ဘာမိလဲ သိလား”
စစ်ကြောရေးအတွေ့ကြုံအရ ကျနော်တို့ အနာခံစရာ မလိုဘူး၊ မိပြီးသားကို ငြင်းမနေတော့ဘူး လို့ တွေးလိုက်ပြီး ကျနော်က
“ကျနော်ရေးတဲ့ စာပါ” ဖြေလိုက်တော့မှ ပြဿနာက ရှင်းမရဖြစ်သွားတယ်။ တကယ်တော့ ကျနော်စာက အပြင်ရောက်သွားပြီး အခုမိတာက အပြင်က ပြန်သွင်းလာတဲ့ စာဖြစ်နေမှန်းနောက်မှ သိရပါတယ်။

အဲဒီမှာ ကျနော်နှင့် နဂါးလေးကို အဝေးကို ခွဲလိုက်ပြီး ရိုတ်တော့တာပဲ အုတ်နီလမ်းမှာ ကျနော်တို့နှစ်ယောက်ကို ရိုတ်တာမေ့သွားလို့ ရေလောင်းပြီး ရိုတ်စစ်ပါတော့တယ်။ နဂါးလေးကို နှစ်ဆောင်ရှေ့မှာ ရိုတ်ပြီး ကျနော်ကို တစ်ဆောင်ရှေ့မှာ ရိုတ်ပါတယ်။

အဲဒါကို မြင်ရတဲ့ အမှတ်(၅)ဆောင်က ကျနော့်ကို ညီလေးတယောက်လိုချစ်တဲ့ ကိုမောင်မောင်လွင် (RIT) ကလည်း ပြဿနာရှာမယ် ဖြစ်နေကြောင်း နောက်မှ သူများတွေ ပြောလို့သိရတယ်။ ကိုမောင်မောင်လွင်က ကျနော်နှင့် ၁၉၈၈ သြဂုတ်လ ၁၀ ရက်နေ့ မင်္ဂလာတောင်ညွှန့် စတော့ဂိတ်ကုန်း( သိမ်ဖြူကုန်း)မှာ စစ်တပ်ပစ်တော့ ပြေးရင်း စတွေ့တာဖြစ်ပြီး။ နောက်ပိုင်း အတူတူ လှုပ်ရှားဖြစ်သွားပါတယ။် ကျနော်ကို ၁၉၈၉ မတ်လ (၂ရ) ရန်ကင်း မိုးကောင်းဘုရား ဆန္ဒပြပွဲကိစ္စနှင့် လိုက်ဖမ်းတော့ ထိုင်းကို လိုက်ပို့ပေးပြီး အပြန်မှာ သူဖမ်းခံရပြီး ထောင်ထဲရောက်နေတာ ဆိုတော့ ထောင်အခေါ်ဝေါ်နှင့် အမှုတွဲပေါ့။ ကိုမောင်မောင်လွင်အမြင်မှာ ကျနော်က သူ့မျက်စိအောက်မှာ ကြီးလာတဲ့ ညီလေး သူနှင့်စတွေ့တဲ့ အချိန် ၁၉၈၈ က ကျနော်အသက် ၁၆ နှစ်ဆိုတော့ ကလေးပေါ့ဗျာ။
ဒေါသတွေထွက်နေတဲ့ သူ့ကြောင့် ထောင်အာဏာပိုင်တွေ ရိပ်မိသွားပြီး ထောင်တခုလုံးကို အရေးပေါ်တန်းစီခိုင်းပြီး အခန်းတွေပိတ်ထားလိုက်တယ်။

ကျနော်အဖေက အဲဒီအချိန်မှာထောင်ဝင်စာ တွေ့ဖို့ ကျနော်ကို အပြင်မှာ စောင့်နေတယ်။ ဒါပေမယ့် သူမတွေ့ရပါဘူး ကျနော်ကို………

စစ်ခွေးတိုက် (သို့) ဟောင်ကောင် - (နောက်ဆက်တွဲ ၁)

ရိုက်နှက်နေတဲ့ အဲဒီနေ့က ကျနော်အဖေ လာတွေ့တဲ့ ထောင်ဝင်စာကို အကစ (အကျဉ်းဦးစီင်္း)က ပါဆယ်အဖြစ် လက်ခံတယ် ဆိုတာကို နောက်ခြောက်လ အပြစ်ဒဏ်ကလွတ်မှ ကျနော်သိရတယ် ကျနော်သိရတဲ့အချိန်မှာ ကျနော်အဖေ လာပေးတဲ့ စားစရာတွေကတော့ အိတ်ခွံအဖြစ် နှင့်သာ ကျန်တော့တယ် လက်ခံရရှိကြောင်းတောင် ကျနော်မှာ လက်မှတ်ထိုးပေး လိုက်ရတယ်။ 

ကျနော်ကို ရိုတ်လို့ဝတော့ ထွန်းကြည်က ထောင်ကျရုံးကို ခေါ်သွားတယ် ထောင်ကျရုံး  ဘေးနားမှာ ရှိတဲ့ ခြေကျဉ်းရိုတ်တဲ့ နေရာရောက်တော့ ကျနော်နှင့်  နဂါးလေးကို ခြေကျဉ်းရိုတ်ပြီး ဒေါက်ထည့်ပေးမယ့် နေရာပေါ့ အဲဒီမှာ ကျနော်တို့ကို သနားတဲ့ ထောင်ကျရုံးဘုတ်ကိုင် နှစ်တရာကျွဲကြီးက ခြေကျဉ်းရိုတ်တဲ့လူကို ဒီကောင်တွေကို ကွင်းရွေးပေး လိုက်ပါကွာလို့ပြောလို့ ကျနော်နှင့် နဂါးလေးကို ခြေကျဉ်းကွင်း ပြောင်ချောလေးတက်ပေးဖို့ ရွေးထားပြီး ကျနော်ကို အရင်စပြီး ခြေကျဉ်းရိုတ်တယ် ကျနော်ကို တဖက်ကွင်းကို ရိုတ်လို့အပြီးမှာ နောက်တဖက်ရိုတ် နေတုန်း ထွန်းကြည်က ကွင်းတွေကို တွေ့သွားပြီး ခြေကျဉ်းရိုတ်တဲ့ အကျဉ်းသားကို ပုံစံရပ်ခိုင်းပြီး ပါးရိုတ်လိုက်တယ် ပြီးတော့ "...မသား မင်းအမေလင်တွေမို့လို့လား ဒီကောင်တွေကို မီးကျတွေနှင့်ရိုတ်ကွ" လို့ပြောတယ်
ကျနော်တို့လဲ ကံဆိုးစွာနှင့် ပါးရိုတ်ခံရတဲ့ ခြေကျဉ်းရိုတ်သမားက ကတုန်ကရင်နှင့် ခြေကျဉ်းရိုတ်တာ ကျနော်ရောနဂါးလေးပါ တယောက်ကို နှစ်ချက်စီလောက်ချြော်ပီး ရှပ်ထုခံထိတယ် စဉ်းစားကြည့်ပေါ့ဗျာ သံကွင်းကို ဟထားပြီး ခြေထောက်ထဲကိုထည့် ထိပ်ကအပေါက် နှစ်ပေါက်ကို သံတုံးလေးထည့်ပြီး သုံးပေါင်တူနှင့် ပေတုံးဇောင်းမှာ တင်ထုတာ လက်ဆချော်တော့ ကျနော်တို့လဲ နာတာပေါ့ ဒါတောင် ရှပ်ထိတာတွေ တည့်တည့်ထိလို့ ခြေကျိုးတဲ့ အကျဉ်းသားတွေ ထောင်ထဲမှာဒုနှင့်ဒေး ။

ခြေကျဉ်းရိုတ်လို့ပြီးတော့ နဂါးလေးက တပေခွဲဒေါက်(၁၈လက်မ) နှင့် ကျနော်က နှစ်ပေဒေါက်(၂၄ လက်မဒေါက်) အသီးသီးတပ်လိုက်တယ်။ ခြေကျဉ်းကွင်းက မီးကျလို့ခေါ်တဲ့ ပန်းပဲဖိုက ရောက်လာတဲ့ ကွင်းအသစ်တွေ ဖြစ်လို့ အနားဇောင်းလေးတွေက သံစလေးတွေ ကျန်နေသေးပါတယ်။ တကယ်ဆို ဒီလို သံစလေးတွေက ကျားလျှာတံစဉ်းနှင့် တိုက်ထားရမှာ ဖြစ်ပေမယ့် အင်းစိန်ထောင်ထဲ မှာတော့ ဒီကွင်းတွေက ငွေညှစ်တဲ့ကွင်းတွေ ဖြစ်တော့တယ် လာဒ်ထိုးရင် ကွင်းချောကို ခြေကျဉ်းတပ်မယ့် အကျဉ်းသားကို တပ်ပေးမှာ ဖြစ်ပြီး လာဒ်မထိုးနိုင်သူတွေကတော့ မီးကျတွေတပ်ပြီး ခြေကျဉ်းဝတ်ကို စုက်ပျက်နေအောင် ခံရမှာပါ။ ကွင်းချောဆိုတာလဲ မီးကျတွေကို အရှေ့ရှေ့က အကျဉ်းသားတွေ  တပ်ပြီး ချောလာလို့ ဖြစ်လာတာပါ။

ကျနော်တို့ကို ခြေကျဉ်းနှင့်ဒေါက်ခတ်ပြီး မိန်းဂျေးကို ပြန်ခေါ်လာတော့ အလာတုန်းကလို လမ်းမလျှောက် ရတော့ပါဘူး ထောင်ကျရုံးရှေ့မှာ နှစ်ယောက်လုံးကို အပြစ်ဒဏ်ကျ အကျဉ်းသားမှတ်ပုံ တင်ပြီးတာနှင့် အကစ ထွန်းကြည်က "မင်းတို့နှစ်ယောက် ငါရှေ့ကနေ ပြေးရမယ် တစ်ကနေ တဆယ် အထိရေမယ် ပြည့်တာနှင့် လိုက်လာမယ် မှီရင် မင်းတို့နာမယ် ကြားလား" ဆိုပြီး ဂန်းပိုက်အရှည်ကို မြေပြင်မှာဖေါင်းကနဲ ရိုတ်ပြပါတယ်။ ကျနော်တို့လဲ နုံးခွေနေပြီး အသားတွေကလည်း အရမ်းနာနေပါပြီ တကုန်လုံးလဲ တုန်နေအောင် နာနေတာဆိုတော့ တော်တော်လေး စိတ်ကုန်တယ် မထူးတော့တဲ့ ဘ၀လို့ ရင်ထဲမှာမှတ်လိုက်တယ် ပြန်အာခံဖို့တောင် ခွန်အားမရှိ စဉ်းစားချိန်မရတော့ ပါဘူး သူက တစ်နှစ်သုံးလေး ခေါ်နေချိန်မှာ ပြေးတော့တယ် ဒါပေမယ့် ခြေကျဉ်းအပြင် ဒေါက်ရယ်ကြောင့် ပြေးလိုက်ရတာ ဂဏန်းလို့ ကန့်လန့်ဖြစ်နေတဲ့ ခြေထောက်ရယ် ကြောင့် ပစ်လဲထပြေးနေတုန်းမှာပဲ ထွန်းကြည်က လိုက်မှီလာပြီး ရိုတ်ပါတယ်။ လမ်းတလျှောက် အလဲလဲ နှင့် ရိုတ်ခံရထရနှင့် ကျနော်တို့ ပုဆိုးတွေလဲ ကွဲပြဲကုန်ပြီး ခြေထောက်တွေလဲ သွေးအလိမ်းလိမ်းနှင့် ခြေကျဉ်းရှပါတယ်။

မိန်းဂျေးရောက်တော့ ထောင်မှူးကြီးရှေ့မှာ သံခြေနှင့်ဒေါက်ကို အစစ်ဆေးခံရပြီး ခြေဆင်းထိုင်နေရပါတယ် ကျနော်တို့ကို တွေ့သမျှ အကျဥ်းသား တာဝန်ကျတွေ အကုန်လုံးမျက်နှာတွေက စိတ်မကောင်းပြီး သနားတဲ့ မျက်နှာတွေ သူတို့မှာ ထင်ရှားပေါ်လွင် နေပါတယ်။ ကျနော်တို့ နှစ်ယောက် ကို မိန်းဂျေး အမှတ်(၅)ဆောင် ဂိတ်ရှေ့ကနေ မိကျောင်းသွား တက်ခိုင်းတယ် အနောက်က တပ်ကြပ် ကျော်ဝင်းနှင့် နောက် အမည်မသိ ၀န်ထမ်းတယောက်က လိုက်ရိုတ်တယ်။

ဒီလိုနှင့် စစ်ခွေးတိုက်ဗူးဝရှေ့ကို ရောက်လာတော့ တပ်ကြပ်ကြီး ခင်မောင်က ထွက်လာပြီး လက်ခံယူပါတယ် "ဒီကောင်တွေကွာ တော်တော်အလုပ်ရှုပ်တာပဲ" လို့ပြောပြီး ကျနော်တို့နှစ်ယောက်ကို စစ်ခွေးရုံးခန်းရှေ့ကို လမ်းလျှောက်သွားခိုင်းပါတယ် နောက်တော့ စစ်ခွေးပုံစံထိုင်နည်းကို ပြတယ် ထုံးစံအတိုင်းဆို အဲဒီအချိန်မှာ ရက်ရက်စက်စက် ရိုတ်တာ ဒါပေမယ့် ကျနော်တို့နှစ်ယောက် စုပ်ပြတ်နေတာကို ကြည့်ပြီး စစ်ခွေးက တာဝန်ကျဝန်ထမ်းတွေတောင် နည်းနည်းလန့်ပုံရတယ်။ တပ်ကြပ်ကြီးခင်မောင်က ဟေ့ကောင်တွေ ဒီကောင်တွေကို မြန်မြန်ထည့်လိုက် ရိုတ်မနေနှင့်အုန်း သူများပြဿနာ ကိုယ့်ပြဿနာဖြစ်နေမယ် မနက်ဖြန်ဆေးမှူးခေါ်စစ်လိုက် ငါတို့ဆီမှာ လာသေလို့   -ီး ဖြစ်ကုန်မယ်လို့ ပြောသံကြားရတယ်။

ကျနော်က စစ်ခွေးတိုက် အ၀င်တံခါး အခန်းလေး လား ငါးလား သေသေချာချာ မမှတ်မိဘူး နဂါးလေးကတော့ ရှစ်ခန်းကို ရောက်သွားတယ်။ အခင်းမပါတဲ့ စစ်ခွေးတိုက် ကြမ်းခင်းမှာလှဲ ချလိုက်ရတာ နာကျင်နေတာတွေရယ် ကွန်ကရစ်ကြမ်းပြင်ရဲ့ အေးစက်မှုက ကျနော်စိတ်ထဲ ဒီညများ သေသွားမလား ထင်မိတယ်။ (ဆက်လက်ရေးသားပါမည်)


 စစ်ခွေးမှာ နေရတဲ့ အေးစေ အနေထားပါ။ 
AAPP က ထိုင်းနိုင်ငံမှာ ပြန်လည်သရုပ်ပြပြီး ရိုတ်ကူးထားတဲ့ ဓါတ်ပုံများ ဖြစ်ပါသည်။




ဒါကတော့ စစ်ခွေးတိုက်က ပုံစံ အနေထား ဖြစ်ပါတယ်။




စစ်ခွေးတိုက်၏ ပုံစံကြီးလို့ခေါ်ပါတယ် မနက်တိုင်း အပြင်ထုက်ပြီး ဒီလို လုပ်ခိုင်းတယ် ခြေဖျားထောက် ထားရလို့ တကိုယ်လုံးတုန် တက်လာရင် သံခြေကျဉ်းနှင့် ဒေါက်နှင့် ရိုတ်တဲ့ အသံချပ်ချပ် မြည်လာရင် အင်ဂျင်စက်တွေ နိုးလာပြီလို့ ပြောပြီး ခြေဖျားကျသွားရင် ခါးမမတ်တော့ တဲ့အခါ  စောင့်ကြည့်နေတဲ့ စစ်ခွေးတာဝန်ကျ ၀န်ထမ်းတွေက ရိုတ်ပါတယ်။





ဒေါက်ခတ်ထားတဲ့ အပြစ်ဒဏ်ကျ အကျဉ်းသားတယောက် ပုံစံ ပန်းချီပါ။ အဲဒီဒေါက်နှင့် လမ်းလျှောက်ရတာရော အိပ်ရတာရော အလွန်ခက်ခဲပြီး ခြေထောက်နှစ်ချောင်း စုမရလို့ ပေါင်ရင်းမှာ ကိုက်ခဲတဲ့ ဝေဒနာက အင်မတန် ခံရခက်ပြီး ရိုတ်နှက်နှိပ်စက်ပြီး ပုံစံထိုင်ရတာရယ် ကြမ်းပြင်ကအေးတာရယ် ကြောင့် စစ်ခွေးမှာ အောက်ပိုင်းသေတဲ့ အကျဉ်းသား ချိနဲ့သွားတဲ့ အကျဉ်းသားများ ရှိပြီး။ စစ်ခွေးတိုက်မှာ သေဆုံးတဲ့ အကျဉ်းသားများလဲ ရှိပါတယ်။
 အခုလက်ရှိ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးရရှိရေးတောင်းဆို တိုက်ပွဲဝင်နေတဲ့ အင်းစိန်ထောင်အပါဝင် အခြားထောင် အသီးသီးမှ အပြစ်ဒဏ်တိုက်ကို ရောက်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ် အလွန်ကြီးမားကြောင်း စိုးရိမ်ရကြောင်းကို အားလုံးသိစေချင်ပါသည်။



လေးစားစွာဖြင့် 
ရဲမင်းထွန်း

3 comments :

Anonymous said...

ထောင်ဝန်ထမ်းအများစုက ဗမာတွေပါ။ ဗမာတွေက ဘာလို့အဲဒီလောက် အောက်တန်းကျပြီးရက်စက်တာလဲမသိဘူး။

Anonymous said...

ကိုရဲမင်းထွန်း နှင့်တကွ ကိုမိုးသီးဇွန်
ဒီ Post လေးကိုတော်တော်ကြိုက်ပါသည်။ ဗမာအချင်းချင်း ဒီလိုအားရပါးရ နှိပ်စက်ပြမှ ထမင်းစားရမည့် သူများ၊ ထိုသူတို့၏ ဆွေစဉ်မျိုးဆက် များကိုလည်း အပြင်မှာတွေ့မိခဲ့လျှင်တောင် ဆေးဖော်ကြောဖက်လုပ်ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။
စစ်ခွေးတိုက်ဆိုတာကိုတော့ သတင်းတွေ၊ မီဒီယာ တွေထဲမှာ မကြာခဏ ကြားတွေ့ရဖူးပါသည်။
သာမန်ထက်ပိုမိုပြီး နှိပ်စက်သည်ဟုသာထင်မြင်မိခဲ့ပါသည်။ ခုလိုမျိုးလောက်အထိတော့ တွေးပင် မတွေးထားခဲ့ဖူးပါ။ အဲဒီလို နှိပ်စက်စွမ်းအားကြီးမားလွန်းလှသူများနှင့် တကွ ထိုသူတို့၏ သားစဉ်မျိုးဆက်များ (မည်သူ၊ မည်ဝါ၊ ဗမာပြည်၏ မည်သည့်အရပ်တွင်လက်ရှိ နေထိုင်လျှက်ရှိကြသည်) ကို ကျွန်တော်တို့တွေ Records များ ယူထားသင့်ပါသည်။ ဒီလူတွေသည်လည်း စွမ်းအားရှင်စာရင်းထဲသို့ မဖြစ်မနေထည့်သွင်းပေးရမည့် လူများသာလျှင် ဖြစ်ပါသည်။
ဒီ Post ကိုဖတ်ပြီးနောက် များလှစွာသော နိုင်ငံရေး အကျဉ်းသားများနှင့် ထိုကဲ့သို့သော ဗမာပြည်သား သူရဲကောင်းများအား အထူးပဲလေးစား ဦးညွှတ်မိရပါသည်။
ဗမာ့ ဒီမိုကရေစီ အရေးတော်ပုံ အောင်ပါစေ။

Anonymous said...

not only the polices in the prisons are Burma but also all the generals are too...cruel...I wish them to suffer as the students...