Wednesday 4 January 2012

အနှစ်သာရမဲ့သော ပြစ်ဒဏ်လျှော့ပေးခြင်းအဖြစ်သာ အေအေပီပီမှ ရှုမြင်

ဇန္န၀ါရီ ၂ ရက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အား အနှစ်သာရမဲ့သော ပြစ်ဒဏ်လျှော့ပေးခြင်းအဖြစ်သာ အေအေပီပီမှ ရှုမြင်

သတင်းထုတ်ပြန်ချက်
၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ကြံ့/ဖွံ့ အစိုးရ သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြီး နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ကြေညာသွားခဲ့သည်။ ထိုအမိန့်အရ သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊ - နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊ - နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ - နှစ် ၂၀ အောက် ကျခံနေရသူများအား ၄င်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည် ဟု ဖေါ်ပြထားပေသည်။
ထိုကြေညာချက်သည် လွတ်ငြိမ်းချမ်းသာခွင့်ဟု မခေါ်ဆိုနိုင်ဘဲ ပြစ်ဒဏ်လျှော့ပေါ့သည့် အမိန့်သာဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၃ ကြိမ် ကြေညာပြီးဖြစ်သည်။ ပထမအကြိမ် ၂၀၁၁ ခုနှစ် မေလတွင် အကျဉ်းသား ၁၄၀၀၀ ကျော် လွှတ်ပေးရာတွင် အေအေပီပီ၏ မှတ်တမ်းအရ နိုင်ငံရေးအကျဉ်းသား ၇၂ ဦးသာပါဝင်ခဲ့ပြီး ဒုတိယအကြိမ် ၂၀၁၁ အောက်တိုဘာလတွင် အကျဉ်းသား ၆၃၀၀ ကျော် လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၂၄၁ ဦးသာ ပါဝင်ခဲ့သည်။ ရာခိုင်နှုန်းအရ ၁.၅ ရာနှုန်းသာ ပါဝင်ခဲ့သည်။ ယခုကြေညာချက်အရဆိုလျှင် ပျမ်းမျှအားဖြင့် နိုင်ငံရေးအကျဉ်းသား ၁၀၀ အောက်သာ လွတ်မြောက်လာနိုင်မည်ဖြစ်ပြီး ထိုသူများထဲတွင်လည်း မကြာမီ ပြစ်ဒဏ်ကုန်ဆုံးကာ လွတ်ရက်စေ့တော့မည့် သူများအများအပြားပါဝင်မည်ဖြစ်သည်။ ယခုကြေညာချက်အရ လွတ်မြောက်သူများထဲတွင် ယနေ့အထိ အေအေပီပီမှ စုဆောင်းထားသော မှတ်တမ်းအရ ၃၄ ဦးသာ လွတ်မြောက်လာခဲ့သည်။ ဦးခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နှစ်ရှည်အကျဉ်းကျခံနေရသော ရဟန်း၊ သံဃာကျောင်းသား ပြည်သူများ ပါဝင်မည်မဟုတ်ပေ။
ယခုကြေညာချက်သည် လက်ရှိအစိုးရ ထိပ်တန်းတာဝန်ရှိသူများ ပြောဆိုနေသော ကတိက၀တ်များကို မိမိတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်သည့် လုပ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတကာ မိတ်ဆွေများသို့ စိန်ခေါ်လိုက်သည့် လုပ်ရပ်ပင်ဖြစ်သည်။
ယနေ့အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများသည် ယခင်အစိုးရလက်ထက်အာဏာပိုင်များမှ နိုင်ငံရေးနှင့် ဆက်စပ်၍ ဖမ်းဆီးထောင်ချထားသူများပင်ဖြစ်သည်။ တရားဥပဒေနှင့်အညီ ချမှတ်ထားသော ပြစ်ဒဏ်များ မဟုတ်ပေ။ တရားဥပဒေကို လေးစားလိုက်နာသော အစိုးရဖြစ်လိုပါက ထိုအမှုများကို ချေဖျက်ပစ်ပြီး ချွင်းချက်မရှိ လွှတ်ပေးခြင်း၊ နိုင်ငံတော် ပြန်လည်ထူထောင်ရာတွင် ထိုလူများကို လွတ်လပ်စွာ ပါဝင်ခွင့်ပြုခြင်း စသည့် အခင်းအကျင်းများကို မဖြစ်မနေ ဖန်တီးပေးရမည်သာဖြစ်သည်။
သို့သော်လည်း ယခုကဲ့သို့ ၈၈ မျိုးဆက်အပါအ၀င် နှစ်ရှည်ထောင်ဒဏ်များချမှတ်ထားသော နိုင်ငံရေး အကျဉ်းသားများကို စနစ်တကျ ချန်လှပ်၍ ထုတ်ပြန်လိုက်သော ထိုကြေညာချက်ကြောင့် လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအား တိုင်းရင်းသားပြည်သူများ၊ အတိုက်အခံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ သံသယရှိလာမည်ဖြစ်သည်။ အယုံအကြည်ကင်းမဲ့ လာမည်သာဖြစ်သည်။
ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ တိုးတက် ဖြစ်ထွန်းရေးအတွက်၊ ပြည်သူများ ယုံကြည်ကိုးစားသော အစိုးရတရပ်ဖြစ်ပေါ်ရေးအတွက် ပထမအဆင့်အနေဖြင့် နိုင်ငံရေး အကျဉ်းသားများရှိသည်ကို အသိအမှတ်ပြုပြီး အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်လိုအပ်ကြောင်း ထပ်မံ သတိပေးလိုက်ပါသည်။ သို့မှသာ ကျန်ရှိနေသေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို တက်လှမ်းနိုင်မည် ဖြစ်သည်။


နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင်    (အတွင်းရေးမှူး)         +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်      (တွဲဖက်အတွင်းရေးမှူး)   +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

2 comments :

James said...

ဥက္ကဌ....ကဘယ်သူလဲ။တခါမှလည်းမကြားဖူးလို့ ပါ။

Anonymous said...

http://padaukmyay.blogspot.com/2012/01/blog-post_05.html