Tuesday 3 January 2012

မရှိတာထက်၊ မသိတာခက် (ကဗျာ)

မရှိတာထက်၊ မသိတာခက်


()

ဇာတ်စင်တခုပေါ်မှာ

မင်းသား၊ မင်းသမီးတွေနဲ့

ဇာတ်အဖွဲ့သားတွေက

ကြိုးကြိုးစားစား

ဇာတ်တိုက်နေလိုက်ကြတာ၊

ဇာတ်ဆရာနဲ့

ကန်ထရိုက်တာတို့

အဝေမတည့်လို့

ဇာတ်ခေါင်းကွဲတော့မှာကို

သူတို့မသိရှာသေးဘူး။


()

စစ်ထွက်ဖို့အတွက်

တံခွန်တွေ

အလံတွေထူရင်း

ဓားတကိုင်ကိုင်

လှံတကိုင်ကိုင်နဲ့

တက်ကြွနေလိုက်ကြတာ၊

စစ်မိန့်ပေးရမယ့်

တပ်မှူးကြီးတွေ

နှုတ်ဆိတ်နေကြတာကို

သူတို့မသိရှာသေးဘူး။


()

ဆေးဆရာရဲ့အလာကို

လူနာရှင်တွေက

မျှော်တလင့်လင့်နဲ့

စောင့်စားနေလိုက်ကြတာ၊

ဆေးဆရာကိုယ်တိုင်

အသက်ငင်နေတာကို

သူတို့မသိရှာသေးဘူး။


()

ဘောလုံးသမားတွေ

ကစားနေတာကို

လက်ခုပ်တီးပြီး

အားပေးနေလိုက်ကြတာ၊

နောက်ကွယ်မှာ

ခေါက်ဆွဲစားပြီး

အပေးအယူ

အချိတ်အဆက်

လုပ်ထားကြတာကို

သူတို့မသိရှာသေးဘူး။


()


မြစ်ပြင်ကျယ်မှာ

ငါးကလေးတွေ

ပျော်ရွှင်စွာနဲ့

ကူးခတ်နေလိုက်ကြတာ၊

ရေကာတာကြီး

ဆောက်ပြီးသွားတဲ့အခါ

မြစ်ရေတွေ

ခန်းခြောက်သွားမှာကို

သူတို့မသိရှာသေးဘူး။


()

မီးအေးအေးနဲ့

မြှိုက်ထားတဲ့

ဒယ်အိုးကြီးထဲမှာ

ဖားကလေးတွေ

ပျော်ရွှင်စွာနဲ့

ကူးခတ်နေလိုက်ကြတာ၊

တစတစနဲ့

မီးပူလာပြီး

ဖားစွပ်ပြုတ်ဘဝ

ရောက်ရတော့မှာကို

သူတို့မသိရှာသေးဘူး။



()

အဝေးကနေပြီး

အိမ်ငယ်ကလေးကို

ဆေးနီသုတ်မယ်၊

ဆေးဖြူသုတ်မယ်နဲ့

စိတ်ကူးယဉ်နေလိုက်ကြတာ၊

မသမာတဲ့

ခြံစောင့်က

အိမ်ငယ်လေးကို

ရောင်းထားလိုက်ပြီဆိုတာ

သူတို့မသိရှာသေးဘူး။


()

မင်းသားခေါင်းဆောင်းထားတဲ့

ဘီလူးကြီးကို

ယုံကြည်စွာနဲ့

ပြုံးပြနေလိုက်ကြတာ၊

နေညိုချိန်ကျရင်

ဘီလူးစားခံရတော့မှာကို

သူတို့ မသိရှာသေးဘူး။


()


သြော်- လောကကြီးရယ်

မရှိတာထက်

မသိတာက

ခက်သတဲ့လား။


ခင်မမမျိုး (၃၊ ၁၊ ၂၀၁၂)

2 comments :

Anonymous said...

မိုးသားတွေကင်းလို့
တိမ်ညိုတွေရှင်းတော့မဲ့ အချိန်မှာ
မဟုတ်မမှန် ၊ နည်းမျိုးစုံသုံးလို့
ရေခံနေလိုက်တာ။
မိုးတိတ်လို့ေ၇ခမ်း
ရေငတ်တော့မှာကို
ကိုမိုး မသိရှာသေးဘူး။

Anonymous said...

မိုးသားတွေကင်းလို့
တိမ်ညိုတွေရှင်းတော့မဲ့ အချိန်မှာ
မဟုတ်မမှန် ၊ နည်းမျိုးစုံသုံးလို့
ရေခံနေလိုက်တာ။
မိုးတိတ်လို့ေ၇ခမ်း
ရေငတ်တော့မှာကို
ကိုမိုး မသိရှာသေးဘူး။