တိုင်းပြည်တပြည်မှာ နိုင်ငံသားတွေအတွင်း ဒီမိုကရေစီလည်း တည်ဆောက်၊ လွတ်လပ်ခြင်းကိုခံစား၊ တရားဥပဒေ စိုးမိုးမှု လည်း တိုးတက်ဖွံ့ဖြိုးလာဖို့ အတွက်လူတိုင်းမှာ ဆန္ဒရှိကြတယ်။ အဲတာတွေအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိဖို့ ကလည်း မဖြစ်မနေ လိုအပ်တယ်။ အဲသလို ပြောင်းလဲလာတာတွေ၊ တည်ဆောက်လာတာတွေ ခိုင်မာလာဖို့၊ ကျင့်သားရ လာဖို့ကလည်း တဖက်မှာ လိုလာပြန်တယ်။ တစတစနဲ့ ဒီမိုကရေစီရဲ့ ကျင့်စဉ်၊ လွတ်လပ်မှုတန်ဖိုး၊ တရားဥပေဒစိုးမိုးမှု အသားကျခြင်းတို့ အကောင်အထည် ပေါ်လာဖို့အတွက် အစပျိုးတဲ့နေရာ၊ ဂိတ်ဆုံးရတဲ့နေရာ၊ လက်ညိုးထိုးပြရမယ့် နေရာကတော့ ကတော့ ပညာရေးစနစ်ပါပဲ။ ကလေးဘဝကနေ တက္ကသိုလ်ပညာရေးအထိ ကျောင်းသားတွေ လေ့လာ၊ ဆည်းပူး၊ မှတ်သား၊ မျိုခြရမယ့် ပညာရေးစနစ် ကောင်းရင်ကောင်းသလို တိုင်းပြည် တိုးတက်မှု မြန်ဆန်ပါတယ်။ ပညာရေး စနစ်က မူမမှန်ရင် လူ့အဖွဲ့အစည်း တိုးတက်ဖို့လည်း မူမှန်လေ့မရှိဘူး။ လူ့အဖွဲ့အစည်း တိုးတက်တာ မူမမှန်ရင် ကျနော်တို့ ပြောနေတဲ့ ဒီမိုကရေစီ အုတ်မြစ် ခိုင်မာရေးဟာလည်း မူမှန်ဖို့ ခက်ခဲလိမ့်မယ်။
အခုအချိန်မှာ မြန်မာပြည်ရဲ့ ပညာရေးစနစ် တည်ရှိမှုဟာ အလွန်ကို စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ဖြစ်နေတယ်။ လူငယ်လူရွယ်တွေ ပညာကို အခြေခံပြီး ဘဝရှင်သန် တိုးတက်ဖို့ဆိုတာ ဂျိုနဲ့လားလို့တောင် မေးရမလို ဖြစ်နေတယ်။ တက်လာတဲ့ အစိုးရသစ်ဆိုတာကလည်း နိုင်ငံတကာကကြည့်ရင် မြင်သာတဲ့ အပေါ်ယံနိုင်ငံရေး အပြောင်းအလဲလောက်ပဲ လုပ်ဖို့ အားသန်နေတာ တွေ့ရတယ်။ ပညာရေးကို ဘယ်နှစ်နှစ်အတွင်းမှာ ဘယ်လိုဘယ်ပုံ တိုးတက်အောင် ဆောင်ရွက် မယ် ဆိုတာမျိုး ခိုင်ခိုင်မာမာ အချက်နဲ့ အလက်နဲ့ ပြောတာကို မတွေ့သေးဖူး။ လွှတ်တော်အတွင်းက အမတ်ဆိုတာတွေ လည်း မရောင်ရာဆီလူးတာတွေတော့ ငြင်းကြခုံကြတယ်။ ပညာရေးနဲ့ ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်း တင်ပြတဲ့သူ အခု အထိ တယောက်မှ မတွေ့သေးဖူး။ နောက်တချက်ကတော့ လူတွေပြောလွန်းလို့ ထင်ပါရဲ့၊ လတ်တလောမှာ လွှတ်တော် က ပညာရေးဘတ်ဂျက် တိုးမြှင့်လိုက်တယ်။ ဒါပေမယ့် စစ်အသုံးစရိတ် ဘတ်ဂျက်ချ ပေးတာနဲ့ ယှဉ်လိုက်ရင် ဘာမှ မဖြစ်လောက် တာကို မြင်ရတယ်။ သမ္မတအပြောအရတော့ အင်အားကြီးတဲ့ နိုင်ငံတွေက ဗိုလ်မကျနိုင်အောင် ခေတ်မီ တပ်မတော်တရပ် ထူထောင်ဖို့ လိုတယ်လို့ တလောလေးက ပြောသေးတယ်။ ဒီနေရာမှာ ထပ်မေးချင်တာက မြန်မာတပ် ခေတ်မီတော့ကော တရုတ်တို့ အိန္ဒိယတို့လို စူပါပါဝါတွေနဲ့ တေ့တေ့ဆိုင်ဆိုင် တိုက်ကြတော့မယ်ဆိုရင် ကိုယ်ဖက်က နိုင်မှာမို့လို့လား။ ကလေးစစ်သားတွေနဲ့ ဖွဲ့ထားတဲ့ စစ်တပ်၊ စိတ်ဓာတ်ရေးရာ အောက်ဆုံးမှာ ရောက်နေတဲ့စစ်တပ်၊ အလွန်အကျွံ လာဘ်ပေးလာဘ်ယူမှုနဲ့ အသားကျနေတဲ့ စစ်တပ်ကို ဘယ်လိုများ ခေတ်မီအောင် လုပ်မလဲ။ ပိုးသာကုန် မောင်ပုံစောင်းမတတ် ဆိုတာပဲ ဖြစ်မှာပေါ့။
နောက်တချက်ကတော့ ဂျာအေးသူ့အမေရိုက်ပါလို့ ဇတ်လမ်းကလည်း တဖက်မှာ ရှိနေသေးတယ်။ ဘာဇာတ်လမ်းလဲ ဆိုတော့ ဆင်းရဲနွမ်းပါးမှု ဆိုတဲ့ဇတ်လမ်းပါ။ ပညာရေးအသုံးစရိတ် တိုးမြှင့်တာကလည်း မဖြစ်စလောက်၊ မိဘတွေကလည်း ဆင်းရဲဆိုတဲ့ အခြေအနေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်ရတဲ့ ကျောင်းသားတွေက ဆက်ပြီး များနေ ဦးမယ်ဆိုတာ မှန်းလို့ရတယ်။ အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ အထက်တန်းအဆင့်အထိ ကလေးတွေဟာ မဖြစ်မနေ အခမဲ့ ပညာသင်ကြားခွင့် ရှိရမယ်လို့ ပြဌာန်းထားတာ မတွေ့ရသေးဘူး။ ဒီလိုမျိုးပြဌာန်းချက်ကို အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ တွေ့ရတယ်။ မြန်မာဗိုလ်ချုပ်တွေက သူတို့အိတ်ထဲက ပိုက်ဆံနဲ့ စိုက်သင်ပေးရမှာစိုးလို့ အဲသည့်အချက်ကို ချန်ထားခဲ့တာလားဆိုတာ မေးစရာဖြစ် လာတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း ကျေးလက်အစွန်အဖျား အထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေ ရှိတယ်။ အဲတာအပြင် ကျောင်းသားတွေရဲ့ ကာယဖွံ့ဖြိုးမှု အတွက် နေ့တိုင်းတောင် နွားနို့အခမဲ့ တိုက်သေးတယ်။
မြန်မာပြည်မှာက မူလတန်းကနေ တက္ကသိုလ်အထိ အစိုးရချုပ်ကိုင်ထားတဲ့ ပညာရေးစနစ်သာ ဖြစ်တယ်။ ပညာရေးစနစ် ဟာ မလွတ်လပ်ပါဘူး။ အရည်အသွေးလည်း ညံ့ဖျင်းတယ်။ ဒါကြောင့် ပိုက်ဆုံရှိတဲ့ မိဘတွေတချို့က အလယ်တန်း လောက် ကတည်းက သားသမီးတွေကို စင်္ကာပူမှာ ကျောင်းသွားထားတာမျိုး ရှိလာတယ်။ အတော်များများ ကျောင်းသား တွေကတော့ မြန်မာပြည်မှာ တက္ကသိုလ်အဆင့်ပြီးရင် ထိုင်း၊ စင်္ကာပူ စတဲ့နိုင်ငံတွေမှာ ဆက်တက်ကြတယ်။ မြန်မာပြည်က ဘွဲ့လွန်၊ ပါရဂူ ဆိုတဲ့ ဘွဲ့တွေက သုံးစားလို့မရဖူးဆိုတာ သိနေတာကိုး။ သည့်ထက် ပိုတတ်နိုင်တဲ့သူတွေကတော့ အနောက် နိုင်ငံတွေမှာ ဆက်ပြီး ပညာသင်ကြတယ်။ မြန်မာနိုင်ငံသား မိဘတွေဟာ အခုလို ခေတ်ပျက်ကြီးထဲမှာတောင် သားသမီး တွေကို စီးပွားရေးထဲ ချက်ခြင်းဆွဲမသွင်းဘဲ ပညာရေးကို တတ်နိုင်သလောက် အားပေးနေတယ်ဆိုတာ မြင်နိုင်တယ်။ ပြောရရင် ကိုယ့်သားသမီးကို တက္ကသိုလ်အဆင့်မှာ ရှိသမျှအတန်းကုန်အောင်အထိ ပညာသင်စေလိုတယ်။ ဆိုလိုတာက မြန်မာ မိဘတွေဟာ ခေတ်အဆက်ဆက်တိုင်း ပညာရေးအရေးကြီးတယ် ဆိုတာကို နားလည်တယ်။ နားမလည်တာက အုပ်စိုးသူ အစိုးရ ဖြစ်နေတယ်။
ဒီလိုအခြေအနေမျိုးမှာ အုပ်ချုပ်သူတွေဟာ ဒို့တိုင်းပြည်က ပညာရေးစနစ်ကိုလည်း တချိန်တုန်းကလို ပြန်ဦးမော့လာအောင် လုပ်မယ်ဆိုတဲ့ ဒေါင်းတင်မောင်းတင် စိတ်ဓာတ်မျိုး မရှိတာမြင်ရပြန်တယ်။ မရှိတာကလည်း သူတို့ကိုယ်တိုင်က ပညာ ကောင်းကောင်း မတတ်လို့ ဖြစ်ရတာဆိုတာ မြင်သာတယ်။ အစိုးရအနေနဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာ ပြည်ထဲလာအောင် တတ်နိုင်သလောက် ဆွဲဆောင်နေတယ်။ ဒါပေမယ့် ပညာရေးကို ရင်းနှီးမြုတ်နှံလိုတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေကို ဆွဲဆောင်ဖို့တော့ မေ့နေဟန်ရှိတယ်။ အကယ်၍ ပညာရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရှိရင် သူတို့ကိုတောင် ပိုပြီး ဦးစားပေးသင့်တယ်။ စီးပွားရေးကုမ္ပဏီတွေ မရနိုင်တဲ့ အခွင့်အရေး မျိုး တွေကိုတောင် ပေးသင့်တယ်။ နိုင်ငံသား ရင်းနှီးမြုတ်နှံ သူတွေထဲကလည်း ပညာရေးအတွက် လုပ်ဆောင်မယ်ဆိုရင် သူတို့ကိုလည်း အထူးဦးစားပေးရမယ့် စာရင်းထဲမှာ ထည့်ထား သင့်တယ်။
ဆက်ဖတ်ရန်-
ပညာရေး ဦးမော့လာဖို့ဆိုတာ ပြောတဲ့နေရာမှာ တိုးတက်ခေတ်မီပြီးသား အနောက်နိုင်ငံတွေကို နမူနာအဖြစ် မပြောလိုပါဘူး။ နီးနီးနားနား ထိုင်းနိုင်ငံ ကိုပဲ လက်ညိုးထိုးပြီး ဥပမာ ပြလိုတယ်။ ထိုင်းနိုင်ငံမှာ အစိုးရပိုင်ကျောင်းတွေ တက္ကသိုလ်တွေ ရှိသလို၊ အစိုးရမပိုင်တဲ့ ကျောင်းတွေ တက္ကသိုလ်တွေလည်း အများအပြား ရှိတယ်။ အစိုးရကမပိုင်တဲ့ တသီးပုဂ္ဂလ ကျောင်းတွေ၊ တက္ကသိုလ်တွေဟာ သူတို့မူနဲ့ သူတို့ ပြဌာန်းချက်တွေ ရေးဆွဲပြီး ကျောင်းသားတွေကို သင်ကြားတယ်။ အစိုးရက အလွန်အကျွံ ပြဌာန်းတာမျိုးတွေ မဖြစ်အောင် စောင့်ကြည်ကွပ်ကဲတာလောက်ပဲ လုပ်တယ်။ ဟိုဟာထည့်မသင်ရ ဒီဟာထဲ့မသင်ရ ဆိုတဲ့ အလုပ်မျိုးကို ဝင်စွက်ဖက်တာမျိုး မရှိဘူး။ နောက်တချက်က ပညာရှင် လွတ်လပ်ခွင့် Academic freedom အများကြီးရှိတယ်။ ဥပမာ ပြောရရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် အတွင်း ထိုင်းနိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရ အဆက်ဆက် အတွင်းမှာ မူမမှန်တာမျိုး လုပ်တာတွေ့ရင် တက္ကသိုလ် ပညာရှင်တွေက မညှာမတာ ဝေဖန်ထောက်ပြတယ်။ အဲသလိုဝေဖန်လို့ ပညာရှင်တွေ၊ ပါမောက္ခတွေကို ဖမ်းဆီးထောင်ချတာမျိုး တခါမှ မကြားမိဘူး။ အမေရိကန်အပါအဝင် အနောက် ဥရောပ နိုင်ငံတွေလောက် ဒီမိုကရေစီ မရင့်သန်သေးပေမယ့် ထိုင်းနိုင်ငံက ပညာရှင် တွေဟာ အတော်ကြီး လွတ်လွတ်လပ်လပ် ပြောဆို၊ သင်ကြား၊ ရေးသား၊ ဝေဖန်ခွင့်တွေ ရှိနေတာကို တွေ့ရတယ်။
ဒီလို လွတ်လွတ်လပ်လပ် ဖြစ်လာဖို့အတွက် ပညာရေးကို လွတ်လပ်ခွင့်ပေးထားတာ ထိုင်းနိုင်ငံမှာ အတော်လေးကြာခဲ့ပြီ။ မြန်မာပြည်မှာတော့ ဘယ်ကိုပဲ ကြည့်လိုက်ကြည့်လိုက် အစိုးရနဲ့ကို မလွတ်နိုင်ဖူး။ စိုက်ပျိုးရေးတက္ကသိုလ် ဆိုတာလည်း အစိုးရအောက်မှာ၊ စက်မှုတက္ကသိုလ်ဆိုတာလည်း အစိုးရအောက်မှာ၊ ဆေးတက္ကသိုလ်ဆိုတာလည်း အစိုးရပိုင်ကျောင်း၊ တသီးပုဂ္ဂလပိုင်တဲ့ တက္ကသိုလ်အဆင့် ကျောင်းဆိုတာ မြန်မာပြည်မှာ လုံးဝမရှိသေး။ အားလုံးကို အစိုးရက ပိုင်တယ် ဆိုမှတော့ အစိုးရပေါ်လစီ အောက်မှာပဲ နေကြရတော့တာပေါ့။ နောက်ဆုံးတော့ အဲသည့် တက္ကသိုလ်တွေဟာ အဖျင်း အမှော် လေးတွေကိုပဲ မွေးထုတ်တဲ့ ကျောင်းကြီးတွေ ဖြစ်လာတယ်။ သည့်ထက်မပိုဖူး။ ဒီမိုကရေစီ ပညာရေးမဟုတ်ဘဲ မူလတန်း အဆင့်ကတဲက ချုပ်ကိုင်ကွပ်ကဲတဲ့ ပညာရေးစနစ် ဖြစ်တာကြောင့် ဒီမိုကရေစီတန်ဖိုး၊ လွတ်လပ်မှုတန်ဖိုးနဲ့ တရားဥပေဒ စိုးမိုးမှု စတာတွေကို တက္ကသိုလ်အဆင့် ရောက်တဲ့အထိ ကျောင်းသားတွေ မသိကြတော့သလို မိမိအခွင့် အရေးကို မိမိရဖို့ တောင်းဆိုရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း ငုပ်လျှိုးသွားတယ်။ ဒီလိုမျိုး ဖြစ်လာခဲ့တာ နှစ်ပေါင်း ၅ဝ ရှိခဲ့ပြီ။
လူကြားကောင်းတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဘယ်လောက်ပဲရှိရှိ ကျနော့်အနေနဲ့ကတော့ ပညာရေးစနစ်နဲ့ ပတ်သက် တဲ့ အပြောင်းအလဲတွေ သေသေချာချာ မမြင်ရသေးဖူးဆိုရင် ဒီအစိုးရဟာ လိမ်နေတယ်လို့ပဲ ပြောလိုတယ်။ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေကို မျက်စေ့ဖွင့်မပေးတဲ့ ပညာရေးစနစ်မှန်သမျှ ကောင်းတယ်လို့ မချီးကျူးနိုင်ဘူး။ ဒါတွေကိုမြင်လို့ စင်္ကာပူမှာ နေတဲ့ စီးပွားရေးပညာရှင် တဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ကြည်က မြန်မာနိုင်ငံမှာ အဆင့်မြင့် တသီးပုဂ္ဂလ တက္ကသိုလ်တခု ထူထောင်ဖို့ တချိန်က ကြိုးပမ်းခဲ့ဖူးတယ်။ အဲသည်တုန်းက ခင်ညွှန့်မိုးကောင်းနေတဲ့ ကာလပေါ့။ ခင်ညွှန့်က နိုင်ငံရေးမပါရင် ပြီးရော ဆရာကြီး လုပ်ချင်တာလုပ်ပါ ကျနော်ကူညီပါ့မယ်လို့ ပြောခဲ့တယ်။ ဆရာဦးခင်မောင်ကြည်က အစိုးရပိုင် မဟုတ်တဲ့ တက္ကသိုလ်တခု ထူထောင်ခြင်တယ်လို့ ပြောအပြီး၊ နောက်ပိုင်းမှာ ခင်ညွှန့်သာ အလုပ်ပြုတ်လို့ အကျယ်ချုပ် ကျသွားတယ်။ အဖြေပြန်မလာတော့ဖူး။ စစ်ဗိုလ်တွေဟာ တက္ကသိုလ်ကျောင်း ဆိုရင် တီကိုဆားနဲ့တို့သလိုပဲ။
နောက်တချက်ကတော့ ပညာရေးစနစ်က တလျှောက်လုံး မကောင်းခဲ့တော့ လူငယ်တွေဟာ သူတို့ဆည်းပူးချင်တာ သင်ချင်တာတွေကို မလေ့လာနိုင်ခဲ့ဖူး။ ဒီကွက်လပ်ကို အန်ဂျီအိုတွေ၊ အန်ဂျီအိုဆန်တဲ့ ပညာရေးအဖွဲ့တွေက သင်တန်း တွေနဲ့ ဖြည့်ဆီးပေးနေတာ အခုမြန်မာနိုင်ငံထဲမှာ မြင်နေရတယ်။ နယ်စပ်မှာလည်း အလားတူ တွေ့ရတယ်။ ဘာဘဲပြောပြော ပညာရတာပေါ့။ သို့ပေမယ့် ဒါကလည်း မပြည့်စုံသေးဖူး။ နောက်ဆက်တွဲ ဘေးထွက်ပြဿနာ တွေကိုလည်း ဆက်ပြီး တွေ့ရတယ်။ သင်တန်းတွေကလည်း အမျိုးအစား စုံလှတယ်။ ဘယ်လိုသင်တန်းမျိုးတွေလည်း ဆိုတော့ ဂလိုဘယ် လိုက်ဇေးရှင်း၊ ခေါင်းဆောင်မှုအတတ်ပညာ၊ ပဋိက္ခဖြေရှင်းရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးအမြတ်၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်များနဲ့ စီမံခန့်ခွဲမှု၊ စစ်ဘက်အရပ်ဘက်ဆက်ဆံရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေး၊ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသား အခွင့်အရေး၊ မြေမြုပ်မိုင်းများ အန္တရာယ်၊ ကလေးစစ်သားပြဿနာ၊ လူကုန်ကူးခြင်းတားဆီးရေး၊ ရွှေ့ပြောင်း လုပ်သားများကိစ္စ၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့အစည်းများနဲ့ ပတ်သက်၍ ကောင်းကွက်ဆိုးကွက်၊ စစ်ပြေးဒုက္ခသည်များနှင့် ပြန်လည် ထူထောင်ရေး၊ မိုးခေါင်ရေရှားခြင်းနှင့် နောက်ဆက်တွဲပြဿနာများ အစရှိတာတွေ ဖြစ်ပါတယ်။ နောက်ထပ်လည်း ရှိပါသေးတယ်။ များလွန်းလို့ထည့်မရေး နိုင်တော့ပါ။
ဒီလိုသင်တန်းမျိုးတွေက ကောင်းတယ်။ သို့သော် ရက်တိုသင်တန်းတွေ ဖြစ်တာကြောင့် ဗဟုသုတ ရတာကလွဲလို့ အမှန်တကယ် ကျွမ်းကျင်သူလည်း ဖြစ်မလာနိုင်ဖူး။ တချို့လူငယ်တွေဟာ အထက်က တင်ပြထားတဲ့ သင်တန်း အတော်များများကို တက်ဖူးပြီး ကိစ္စရပ်အကုန်လုံးကို သိသလိုလို ဖြစ်နေတာကိုလည်း တွေ့ရပြန်တယ်။ ဘာသာရပ်တိုင်းလိုလို သူတို့မသိတာမရှိ ဆိုသလို ဖြစ်နေကြတယ်။ တကယ် ကွင်းဆင်းပြီး လုပ်ခိုင်းတော့ ကျွမ်းကျွမ်း ကျင်ကျင် မလုပ်တတ် မကိုင်တတ် ဖြစ်နေတာကိုလည်း တွေ့ရပြန်တယ်။ ဒါကြောင့် သင်တန်းတွေဟာ ဗဟုသုတတွေနဲ့ အမြင်တချို့ကို ဖြန့်ဝေပေးနိုင်ပေမယ့် တဖက်မှာကြည့်ပြန်တော့လည်း Decent education ကောင်းမွန်စနစ်ကျတဲ့ ပညာရေးမဟုတ်ပြန်ဘူး။ ကြားဖြတ်ပြီးပေးရတဲ့ ပညာရေးမျိုး ဖြစ်နေတာကိုး။ ဒီတော့ ပြန်ကောက်ရမယ်ဆိုရင် ကျနော့်တို့ တိုင်းပြည်ဟာ ကောင်းမွန် စနစ်ကျတဲ့ ပညာရေးနဲ့ ဝေးနေတာ ကြာပါပြီ။ ဒါကြောင့် စနစ်ကျပြီး ကောင်းမွန်တဲ့ ပညာရေး လမ်းကြောင်းပေါ် မရောက်နိုင်သေးဖူး၊ မတည်ဆောက်နိုင် သေးဖူးဆိုရင် သူများထက် နောက်ကျနေပါ လိမ့်ဦးမယ်။ ပညာရေးကို ဦးစားပေးဖို့ တိုက်တွန်းလိုတယ်။
ဇော်မင်း
၁၄ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၂ ခုနှစ်။
No comments :
Post a Comment