ချိုတူးဇော်
မကြာသေးခင်ကမှ လာဘ်စားမှု၊ နိုင်ငံတော်အလွဲသုံးစားမှု ပုဒ်မတွေတလှေကြီးနဲ့
ထောင်ဒဏ်နှစ်ရှည်လများ ကျခံနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်ရလာတဲ့
ထောက်လှန်းရေးချုပ်ဟောင်းကြီး ကို တိုင်းပြုပြည်ပြု
လူမှုရေးအဖွဲ့အစည်းကြီးတခုရဲ့ နာယကအနေနဲ့ ခန့်အပ်ခဲ့တဲ့
ဦးခင်ရွှေရဲ့လုပ်ရပ်တွေဟာ လက်ရှိကြံ့ဖွံ့အစိုးရရဲ့
လခစားအမတ်တယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ ပါတီဝင်တယောက်အနေနဲ့ပဲဖြစ်ဖြစ်၊
ပါတီရဲ့သဘောထားကို ထင်ဟပ်စေပါသလား၊ ဒါမှမဟုတ် သူ့တကိုယ်ရည်
လွတ်လပ်စွာလုပ်ဆောင်နေတာလား၊ တကယ်လို့ လုပ်ဆောင်နေတာဆိုရင် ကြံ့ဖွံ့ပါတီဟာ
ဦးခင်ရွှေရဲ့ ခုလို လုပ်ရပ်တွေအပေါ်မှာ ဘာမှ မပြောသာပဲ လျစ်လျူရှုထားရတဲ့အထိ
ဦးခင်ရွှေဟာ ပါတီမှာ အရေးပါ၊ အရာရောက် သြဇာရှိတဲ့သူလား စသဖြင့်
မေးစရာပုစ္ဆာတွေ တပုံကြီး ဖြစ်လို့လာရပါတယ်။
ပုစ္ဆာတွေကို သေချာ ဆန်းစစ်ခွဲထုတ်ကြည့်မယ် ဆိုရင်. . .
(၁) ထောက်လှန်းရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ
လာဘ်စားအကျင့်ပျက်နိုင်ငံတော်အာဏာကို အလွဲသုံးစား ကိုယ်ကျိုးရှာမှုတွေနဲ့
အရင် တပ်မတော်အစိုးရလက်ထက်မှာ ဖမ်းဆီး အရေးယူခံခဲ့ရတာဖြစ်ပြီး၊
လက်ရှိအစိုးရအနေနဲ့ အဲဒီလို အရေးယူမှုကို တရားဝင်ပဲ ချေဖျက်ပစ်လိုက်တာလား
လို့ မေးစရာပါ။ တကယ်လို့ အစိုးရဟာ ဦးခင်ညွှန့်ကို အမှန်တကယ်အကျင့်ပျက်
လာဘ်စားလို့ ဖမ်းဆီးအရေးယူခဲ့တာကို အသိအမှတ်ပြုတယ်ဆိုရင် သူတို့အစိုးရရဲ့
လခစားအမတ်ဦးခင်ရွှေက သူရဲ့ လူမှုရေးဖေါင်ဒေးရှင်းမှာ
အကျင့်ပျက်ကိုယ်ကျိုးရှာမှုနဲ့ အရေးယူခံရဖူးသူ တယောက်ကို နာယက ခန့်အပ်တာ ကို
ခွင့်ပြုထားတာ သိပ်ကို အံ့သြစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဘယ် ဒီမိုကရေစီ နိုင်ငံမှာမှ ဒီလိုပြစ်မှုကျူးလွန်ထားတဲ့သူကို လူမှုရေးအသင်းအဖွဲ့ကြီးတခုမှာ နာယကအနေနဲ့ ခန့်အပ်မှာ မဟုတ်ပါဘူး။
ဒီလိုမှ မဟုတ်ရင်တော့ ဦးခင်ညွန့်ဟာ တကယ်ပြစ်မှုကျူးလွန်ထားတာမဟုတ်ဘူး၊
မတရားဖမ်းဆီးခံခဲ့ရတာလို့ ဆိုရင်တော့ အရင်အစိုးရရဲ့
အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းတွေ အများအပြားပြန်ပါဝင်တဲ့ ခုအစိုးရဟာ
သူတို့ရဲ့ မတရားဖမ်းဆီးခဲ့မှုကို အသံမထွက်ပဲ တိတ်တိတ်ကလေး
ကြိတ်ဝန်ခံလိုက်တဲ့သဘောပါပဲ။
(၂) မကြာသေးမီကမှ ဦးခင်ရွှေရဲ့
ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အရှုပ်ဇာတ်လမ်းဟာ လူသိရှင်ကြား
ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ ဒါဟာ လက်ရှိ အာဏာရပါတီကြီးဖြစ်တဲ့
ကြံ့ဖွံ့ပါတီရဲ့လခစားအမတ်ကြီးရဲ့ ရှက်စရာကောင်းလှတဲ့ ဖြစ်ရပ်ကြီးပါ။
အမေရိကားလို ဒီမိုကရေစီ နိုင်ငံမျိုးတွေမှာဖြင့် ဒီလိုအဖြစ်အပျက်မျိုးကို
ကြုံတဲ့ လွှတ်တော်အမတ်မပြောနဲ့ ကိုယ့်မိန်းမကိုယ်
ရိုက်မိတဲ့ရဲမှူးတယောက်ရာထူးက
နှုတ်ထွက်ပေးလိုက်ရပါတယ်။ဒါတောင်မိန်းမကစိတ်မဆိုးပါဘူး၊ ကျေနပ်ပါတယ်
ပြောနေတဲ့ကြားကနော်။ဒီ့အရင်က ကာလီဖိုးနီးယားမှာ
ပြန်နယ်အုပ်ချုပ်ရေးမှူးလုပ်တဲ့ ရုပ်ရှင်မင်းသားကြီးအာနိုး အပါအ၀င်
သမ္မလောင်းတွေ၊ ဆီနိတ်တာတွေ ဆိုလည်း လူမှုရေးအရှုပ်အရှင်းတွေပေါ်လာရင်
ပေါ်လာသလို နှုတ်ထွက်ပေးရတဲ့ အဖြစ်အပျက်တွေအများကြီးပါ။လူထုရှေ့မှာ လူထုကို
ကိုယ်စားပြု မယ့် ကိုယ်စားလှယ်တွေ တိုင်းပြည်ခေါင်းဆောင်တွေဟာ
ဒီလိုမဖွယ်မရာဖြစ်ရပ်တွေကို ကျူးလွန်ထားတယ်ဆိုရင် ပါတီဟာ
သူတို့ပါတီသန့်ရှင်းရေ၊ ရပ်တည်ရေးအတွက် ရှင်းကို
ရှင်းလင်းရပါတယ်။ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေတဲ့
ပြုပြင်ပြောင်းလဲနေတဲ့
အာဏာရကြံ့ဖွံ့ပါတီအစိုးရသမ္မတကြီးကိုယ်တိုင်ကဂွဒ်ဂါးဗားမန့်
ကလင်းဂါးဗာနန့်စ် ဖြစ်စေရမယ် အတိအလင်းကြေညာထားလေတော့ ပါတီဝင်အစိုးရလခစား
အမတ်ကြီးဦးခင်ရွှေရဲ့အမှုတွေကိုတော့ဖြင့် ဘာလို့များ
မသိကျိုးကျွံလုပ်နေပါသလဲ လို့ သံသယပွားစရာတွေဖြစ်လာရပါတယ်။
(၃)လက်ရှိ ဦးခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီက လယ်သမားတွေနဲ့ပါတ်သက်ပြီး ပြည်သူလူထု
လယ်သမားတွေရဲ့ မကျေမနပ်တိုင်ကြားမှုတွေကို
အာဏာရကြံ့ဖွံ့ပါတီအနေနဲ့အရေးယူဖြေရှင်းပေးတာ တခုမှကို မကြားမသိရသေးပါဘူး။
သက်ဆိုင်ရာ နယ်မြေက အာဏာပိုင်အဖွဲ့အစည်းကအမိန့်ထုတ်ပြီး တားမြစ်သည့်တိုင်
နောက်ဆက်တွဲ ပြဿနာတွေလည်း တက်ရှိနေဆဲပါ။
ကြံ့ဖွံ့ပါတီရဲ့
အကြီးအကဲ တဦးဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း ပါတီဝင်တွေဟာ
ပြည်သူလူထုအပေါ်မှာ မတရားမမျှတတာတွေ ကျူးလွန်မယ်ဆိုရင် ထိရောက်စွာ
အရေးယူမယ်လို့ အတိအလင်းကြေညာထားထုတ်ပြန်ထားခဲ့ပါတယ်။
ကြံ့ဖွံ့ပါတီဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်ပြုလုပ်နေပြီဆိုရင်၊
အမှန်တကယ်ပြည်သူ့ထောက်ခံမှုရအောင် ကြိုးပမ်းမယ်ဆိုရင်. . .
ပါတီအကြီးအကဲတွေပြောဆိုနေတဲ့ စကားနဲ့၊ ပါတီဝင် ဦးခင်ရွှေ ဖြစ်ပျက်ကျူးလွန်နေတာတွေဟာ မညီမညွတ်ဖြစ်နေတာ အထင်းသားပေါ်လို့နေပါတယ်။
ဦးခင်ရွှေ ရဲ့ လုပ်ရပ်တွေဟာ ကြံ့ဖွံ့ပါတီရဲ့ သဘောထားကို ထင်ဟပ်စေသလား၊
ဒါမှမဟုတ် ဦးခင်ရွှေဟာ ပါတီမှာ အင်မတန်မှ သြဇာသက်ရောက်တဲ့အတွက် မပြောသာတာလား
ဘာကြောင့် ခုလို ပါတီခေါင်းဆောင်တွေရဲ့ ပြောစကားနဲ့ ပါတီဝင်ဦးခင်ရွှေရဲ့
လုပ်ရပ်တွေ မညီမညွတ်ဖြစ်နေတာလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတော့တယ်။
No comments :
Post a Comment