Wednesday, 1 February 2012

မဲဆောက်အတွက် အကူအညီ

ဆရာချစ်ဦးညို မဲဆောက်ကိုရောက်လို့ စာပေဟောပြောပွဲမှာ ပြောခဲ့တဲ့ အထဲက စာသားလေးနဲ့ဘဲ ကျွန်တော်ရဲ့ စာတိုလေး ကိုစပါရစေ။ ဆရာချစ်ဦးညို မဲဆောက်ရောက်တုန်းကပြောတဲ့ စာချိုးကဗျာတွေထဲက ကောက်နုတ်လိုက်တော့ ...

“သောင်ရင်လို့ခေါ်တဲ့ မြစ်ကမ်းဘေးမှာ အချစ်အလွမ်းတေးတွေသီဆိုလိုက်ချင်ပါရဲ့
ဒါ..ပေမယ့် ဘ၀ဆိုတဲ့ အခန်းကျင်းက ကြပ်လွန်းတော့ အလွမ်းမသယ်နိုင်တော့ပါဘူး
မွန်းတယ် . . မွန်းတယ် အချစ်ရယ် . . . .”
ဆိုတာနဲ့ စတင်ပါတယ်။

ဆရာချစ်ဦးညိုပြောသလိုပါဘဲ အခုတော့ အလွမ်းမသယ်နိုင်ရုံမကပါဘူး ဘာကိုမှ မသိနိုင်လောက်အောင်ကို ဖြစ်နေပါပြီ။ဒီစာလေးကို ရေးတဲ့ အချိန်မှာ ၂ လပိုင်း ၁ ရက်နေ့ပါ အချိန်အားဖြင့် ၂၇ ရက်သာကျန်တော့တဲ့ ကျွန်တော်တို့ အလုပ်သမားပါတ်စပို့လုပ်ရေးနဲ့ နေထိုင်အလုပ်လုပ်ခွင့် လက်မှတ်သက်တမ်းတိုးရေးဆိုတာကတော့ လက်ထဲ့က ငွေလေ (၁၀၀)ကိုကြည့်ရင်း ထမင်းဝယ်စားရမလား ဘာလုပ်ရမလည်းလို့ တွေးနေမိတဲ့ အချိန်ပါပဲ။

“ဟိုဘက်ကမ်းမှာတော့ မြ၀တီ ဒီဘက်ကမ်းမှာတော့ တစ်စစီပါဘဲကွယ်” ဆိုတဲ့ ဆရာချစ်ဦးညိုရဲ့ စကားကိုနားထဲက ပြန်ကြားမိပါတယ်။ အခုတော့ တစ်ကယ်ပါဘဲ တစ်စစီဖြစ်နေပါပြီ။သက်ဆိုင်ရာ ထိုင်းအစိုးရတာဝန်ရှိသူတွေကတော့ လိုက်ပြီး ကြောညာနေပါပြီ (၂)လပိုင်း (၂၈) ရက်မှာ ပါတ်စပို့မရှိ လက်မှတ်သက်တန်းမရှိရင် ဖမ်းပြီး ထောင်ချမယ်ဆိုတဲ့ အမှန်လား၊အတည်လာမသိ ဆိုက်ဝါး လာမသိတဲ့ သတင်းတွေကတော့ မျိုးစုံနေတာပါဘဲ။ ပါတ်စပို့ပွဲစား အေးဂျင့်ကိုမေးရင်တော့ ဘယ်ဥပဒေအရ တောင်က ဘယ်နှစ်ဘယ်လောက်ကျမယ် ဆိုတာ သူတို့ကတော့ ပြောနေကြပေါ့လေ။ ကျွန်တော်တို့ မဲဆောက်က အလုပ်သမားတွေကတော့ ခါစည်းပြီးခံလိုက်အုံးပေါ့။

“မေ့မောင်ရဲ့ အသဲနှလုံး ကျွဲဘခုံး ထနေပါရောလား” ဆိုသလို့ပါဘဲ နေပူပူ မိုးရွာရွာ ဖျားဖျားနာနာ အလုပ်ရှင်ကိုပေးရမယ့် အကြွေးကြေအောင်တော့ လုပ်လိုက်ကြအုံးပေါ့။

ကျွန်တော်တို့မဲဆောက်က အလုပ်သမားတွေကို တာဝန်ယူပြီး အလုပ်သမားအခွင့်အရေးအတွက် အကူအညီပေးနေတဲ့ ကျွန်တော်တို့ မြန်မာတွေထဲက ဦးဆောင်လမ်းပြ အလုပ်သမားအဖွဲ့ကြီးတွေဆိုတာ ရှိပါတယ်။တစ်ကယ်တော့ ဒီကိစ္စမှာ သူတို့ဘာလုပ်နေတယ်မသိပါဘူး။တစ်ချိုအဖွဲ့တွေကတော့ ပါတ်စပို့နဲ့ နေထိုင်ခွင့် အမြန်လုပ်ဖို့ “ဥပဒေ” ဆိုတာလိုက် နာကောင်းကြောင်း ပြောဆိုတိုက်တွန်းနေတဲ့ အသံတော့ကြားမိပါတယ်။ဒါက ကျွန်တော်တို့ အလုပ်သမားတွေ ကြားချင်တဲ့ စာကားတော့ မဟုတ်ပါဘူး။ဒီလိုပြောရင် သူတို့က မင်းတို့စာမတတ်ပေမတတ်နဲ့ ဘာနားလည်လည်း လို့ ပြောပါတယ်။

ဒီတော့လည်းကျွန်တော်တို့ ဘာပြောလို့ရမလည်း။မရလို့လည်း မိဒီယာကိုအားကိုးလို့ ဒီစာကို ကျွန်တော်ရေး ဖြစ်ခဲ့တာပါ။မဲဆောက်မှာအခြေအနေအရ စက်ရုံတွေဈေးတွေမှာ အလုပ်ကြမ်းတွေလုပ်နေရတယ် ဆိုပေမယ့် တစ်ချို့ဘွဲ့ရပညာတတ်တွေလည်းအများကြီးပါလာကြပါတယ် ။

ကျွန်တော်တို့ အခုအချိန်မရှိပါဘူး ကျွန်တော်တို့အလုပ်သမားတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးမယ့် အဖွဲ့တစ်ခု မဲဆောက်မှာအမြန်လိုပါတယ်။အလုပ်သမားအရေးကို ရှေ့ကမားမားမတ်မတ်ရပ်ဖို့လိုပါပြီ ကျွန်တော်တို့ လိုနေ တာက (၁)နှစ်အလုပ် လုပ်ခွင့်ကို သက်တန်းတိုးပေးဖို့ပါ (ပါတ်စပို့ မပါဘဲပေါ့)။(၂) ပါတ်စပို့ကိုလည်း ဘတ် (၁၀၀၀) ၀န်ကျင်းနဲ့သာ လုပ်ပေးဖို့ ဆိုတဲ့ အချက် (၂) ချက်လောက် တောင်းဆိုချင်ပါတယ်။ဒီတောင်းဆိုချက်တွေဟာ ကျွန်တော်တို့ အလုပ် သမားတွေ အားလုံးက လိုချင်တဲ့ အချက်ပါ။ဒီတော့ မဲဆောက်မှာရှိတဲ့ အလုပ်သမားအဖွဲ့ အစည်းကြီးတွေအနေနဲ့ ဒီတောင်းဆိုချက်လေး (၂)ချက်ကို အလုပ်သမားတွေအတွက် မတောင်းဆိုပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ တစ်နေ့ လမ်းတွေပေါ်ကိုရောက်လာပါလိမ့်မယ်။ တစ်ကယ်တော့ “ဥပဒေ”ဆိုတာ ဒီမိုကရေစီ စနစ်အတွက် အများကလက်ခံမှပါ။

အခုပါတ်စပို့လုပ်နေကြတဲ့ သူတွေကလည်း လက်ခံလွန်းလို့တော့ ဟုတ်ပုံမပေါ်ပါဘူး မလုပ်မနေရ အတင်းအဓ္ဓမ လုပ်နေရတာပါ။ဒီအတွက် ကျွန်တော်တို့ အလုပ်သမားတွေအတွက် မဲဆောက်မှာရှိတဲ့ အလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့တွေရော တစ်ခြား အဖွဲ့အစည်းများကပါ ၀ိုင်းဝန်းကူညီ တိုက်တွန်းပေးကြဖို့ ကျွန်တော်တို့ အလုပ်သမားတွေအနေနဲ့ တောင်းဆိုပါတယ်ဗျာ . . . အချိန်အရမ်းနဲနေပါပြီ မြန်မာလူမျိုးတွေအချင်းချင်းပါ။ဒီအတွက် အကူအညီပေးနိုင်ဖို့ ကျွန်တော်တိုက်တွန်းလိုက်ရပါတယ်။

သောင်ရင်းနှင်းဆီ

No comments :