ရေးသားသူ...ဇော်မင်း
ကျနော်စဉ်းစားမိတာတွေကို ရေးလိုက်တာပါ။ တချို့အတွက်တော့ သဘောတူကောင်း တူနိုင်ပေမယ့် တချို့အတွက်တော့ သဘောမတူတာလည်း ရှိနိုင်ပါတယ်။ ၁။ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ်ကြီး အားကောင်းခဲ့တာကို သတိရမိပါတယ်။ အခုခေတ်မှာကော အဲသလို အလား သဏ္ဌာန် တူတဲ့ အားကောင်းတဲ့ နိုင်ငံရေးအဖွဲ့အစည်းကြီးမျိုး မရှိသင့်ဖူးလား။ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ နိုင်ငံရေး လှုပ်ရှားသူများ တဦးနဲ့တဦး ထောက်ခံတယ်၊ ဝန်းရံတယ်လို့ နှုတ်ဖျားကနေ ပြောနေမယ့်အစား တနေရာထဲမှာ လက်တွေ့မျက်တွေ့ စုပေါင်းပြီး အလုပ်လုပ်ကြမယ် ဆိုရင်တော့ အင်အားကောင်းတဲ့ အစုအဖွဲ့ကြီးမျိုး ဖြစ်လာပါလိမ့်မယ်။ နိုင်ငံရေးတိုက်ရိုက် မလုပ်လိုသူများ အနေနဲ့လည်း လူမှုနယ်ပယ်မှာ လုပ်စရာတွေ အများအပြား ရှိပါတယ်။ တချို့ကတော့ လူမှုနယ်ပယ်နဲ့ ပတ်သက်တဲ့ ပညာ၊ ကျန်းမာ ကိစ္စတွေကို ပင်မရေစီး နိုင်ငံရေးထက် တဆင့်နိမ့်တယ်လို့ ထင်နေတာမျိုး လည်း ရှိပါလိမ့်မယ်။ ဒါဆိုရင်တော့ မပြောတတ်ပါ။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲလို့သာ ပြောလိုပါတယ်။
ပေါင်းပြီးလုပ်ရတဲ့အတွက် အပေးအယူ အလျှော့အတင်းတွေတော့ ရှိပါလိမ့်မယ်။ စိတ်ရှည်ရှည်ထားရင် အောင်မြင်မှာပါ။ အရင်တုန်းက ကြုံခဲ့ရတဲ့ အဖုအထစ်တွေ၊ လူပုဂ္ဂိုလ် ပြဿနာတွေ ရှိခဲ့ရင်လည်း ဒါတွေကျော်လွှား လိုက်ပါတော့လို့ ပြောလို ပါတယ်။ တချိန်တုန်းကဆို ကိုယ်မနှစ်သက်သူတွေရဲ့ ဇွတ်အတင်း အုပ်ချုပ်မှုအောက်မှာတောင် နှစ်ပေါင်းငါးဆယ် နေခဲ့ရ သေးတယ်မို့လား။ အခုအချိန်မှာ ပေါင်းလုပ်တာဟာ အကျိုးရှိမှာ အမှန်ပဲလို့ မြင်ပါတယ်။ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ အနေနဲ့ကတော့ သူတို့ရဲ့ သဘာဝဖြစ်စဉ်အရ ပေါင်းလုပ်ဖို့ ခက်ကောင်းခက်နေ ပါလိမ့်မယ်။ ပေါင်းလုပ်နိုင်တယ် ဆိုရင်တော့ အကောင်းဆုံးလို့ ဆိုရမှာပါ။ ဒီလို အင်အားကောင်းတဲ့ နိုင်ငံရေး အဖွဲ့အစည်းကြီးမျိုး ဖြစ်တည်လာဖို့ အကြံပေးတာဟာ ရေရှည် မှာ လူတဦးတယောက်ထဲကို အားကိုးနေရတဲ့ အဖြစ်ကနေ ကျော်လွန်ပြောင်းလဲနိုင်ဖို့ ဖြစ်သလို ကြံ့ခိုင်ရေးကို ဆော်ဖို့၊ နှိပ်ဖို့၊ အုပ်ထဲ့လိုက်ဖို့လည်း မဟုတ်ပါ။
မိမိဖက်က စနစ်တကျနဲ့ အားကောင်းလာတယ်၊ အဲသလို အားကောင်းလာတာနဲ့အမျှ လူတွေအကျိုးအတွက် လက်တွေ့မှာ လည်း များများဆောင်ရွက်လာနိုင်တယ်ဆိုရင် နောင်မှာ ကြံ့ခိုင်ရေးတောင် ကိုယ့်ဖက်ကို ပါလာနိုင်ပါတယ်။ ဟိုဖက်ကလူ တွေလည်း တကယ်တန်းတော့ ဒို့ကိုရန်လုပ် နေတာမှ မဟုတ်ဘဲ သူ့တို့လုပ်စရာ ရှိတာတွေကို အတော် လုပ်နိုင်သားပဲ ဆိုပြီး အသိအမှတ် ပြုလာနိုင်သလို နောင်မှာ ကိုယ့်ဖက်ကိုတောင် တအိအိနဲ့ ပါလာနိုင်တယ် ဆိုတာကို ထောက်ပြလို ရင်းပါ။ ဆရာကြီး ဒဂုန်တာရာ အပြောနဲ့ဆိုရင် နိုင်ငံရေးဆိုတာ မုန်းသူကို ချစ်သူဖြစ်လာအောင် လုပ်ရေးပါပဲ။ မုန်းသူချင်း ချစ်သူ ဖြစ်အောင်လုပ်ဖို့ ဘာကြောင့် အရေးကြီးလဲ။ ရွေးကောက်ပွဲမှာ ပြိုင်ကြရင်း အနိုင်လုတာဟာ မြန်မာပြည်ရဲ့ အဓိကပြဿနာ မဟုတ်လို့ မြင်မိလို့ပါ။
၂။ ကျနော်မြင်နေတာကတော့ ကျနော်တို့ တိုင်းပြည်ဟာ မဝေးတော့တဲ့ အနာဂတ်မှာ ရပ်နီးရပ်ဝေးက စူပါပါဝါ အကြီး၊ အငယ်၊ အလတ်တို့ရဲ့ ကစားကွင်း ဖြစ်လာတော့မယ်ဆိုတဲ့ အမြင်ကြောင့်ပါ။ အဲသည့် အချိန်မှာ ကိုယ့်အချင်းချင်း မညီဘူးဆိုရင် နိုင်ငံရေးတင်မက ကျန်တဲ့အရာ အားလုံးမှာပါ အမြတ်ထုတ်ခံရပါတော့မယ်။ ဆိုလိုတာကတော့ သဘာဝ သယံဇာတတွေ ကုန်သွားလိမ့်မယ်၊ ရေဆီမြေဆီနဲ့ မြစ်ချောင်းတွေပါ ခမ်းခြောက် သွားနိုင်တယ်၊ စူပါပါဝါတွေရဲ့ အောက်မှာ လက်လုပ်လက်စား နိုင်ငံငယ်လေး၊ ရရစားစား နိုင်ငံလေး ဖြစ်သွားပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုး ဖြစ်တည်လာ နေတယ် ဆိုတာကို တနိုင်ငံလုံး သာမက ကြံ့ခိုင်ရေးနဲ့ စစ်တပ်ကိုပါ သဘောပေါက် လာအောင် စည်းရုံးဖို့လိုပါလိမ့်မယ်။ အဲဒါ အပေါ်မှာ အမြင်တူလာတယ် ဆိုရင် ညီညွှတ်ရေး ဆိုတာကို ဦးတည်ဖို့ မခက်ခဲနိုင်တော့ပါဖူး။ တပါးသူကို စည်းရုံးဖို့ ဆိုတာမှာလည်း ဒီမိုကရေစီ လိုလား သူတွေ ဖက်မှာ အစိတ်စိတ် အမွှာမွှာ နိုင်ငံရေးရပ်ဝန်း ဖြစ်နေရင် စည်းရုံးဖို့ မလွယ်ပါဖူး။ အဲတာကြောင့် အားကောင်းတဲ့ နိုင်ငံရေးအဖွဲ့ကြီး ဖြစ်ပေါ်လာဖို့ အာသာရှိလှပါတယ်။ ဒါကတော့ ကျနော် စဉ်းစားမိတဲ့ အရာပါ။
၃။ လက်တွေ့ကြုံခဲ့ဖူးတာကိုလည်း ပြောပြလိုပါသေးတယ်။ ကျနော်တို့ လူ့ဘောင်သစ်အဖွဲ့တွေ တောထဲရောက်လာတော့ ကြုံရတာ ဖြစ်ပါတယ်။ နေရာဒေသ အနေနဲ့ဆိုရင် ရှမ်းကယားအစပ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီဒေသ စတာ တွေမှာ သွားလာရင်း ကြုံခဲ့ရတာပါ။ အဲသည့်ဒေသတွေမှာ သက်ဆိုင်ရာ လူမျိုးအလိုက် တည်ထောင်ထားတဲ့ လက်နက်ကိုင် တပ်တွေ ရှိထားပြီးသားပါ။ ပြန့်နှံ့ရောက်လာတဲ့ ကျောင်းသားလူငယ်တွေ စစ်အစိုးရကို လက်နက်ကိုင် တိုက်ဖို့ ၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းအပြီး အဲသည့်နေရာအသီးသီးကို ရောက်လာ စုဖွဲ့ခဲ့ပါတယ်။ နောက်တော့ ကျောင်းသားတပ်မတော်လို့ လူသိများခဲ့ပါတယ်။ ကျနော်တို့ ရောက်သွားတဲ့ ၁၉၉၁ နှစ်ကုန်ပိုင်းမှာ မှတ်မိသလောက်ပြောရရင် ထိုင်းမြန်မာနယ်စပ်တကြော တပ်စခန်း အသီးသီးမှာ ရှိနေတဲ့ ကျောင်းသားတပ်မတော် အရေအတွက်ဟာ စုစုပေါင်းဟာ သုံးထောင်ကျော်ကျော် လေးထောင် နီးပါးလောက် ရှိပါတယ်။ အများစုက ပြည်တွင်းက လာတဲ့ မြန်မာလူမျိုး လူငယ် ကျောင်းသားတွေပါ။
တချိန်ထဲမှာလည်း အန်အဲဒီက တောခိုလာတဲ့ အဖွဲ့ဝင်များကလည်း အန်အဲဒီ လွတ်မြောက်နယ်မြေ ဆိုတဲ့ အမည်နဲ့ ပါတီကို တောတွင်းက ကရင်တို့ရဲ့ မာနယ်ပလောဌာနချုပ်မှာ တည်ထောင်ပါတယ်။ လူ့ဘောင်သစ်လည်း တောတွင်းကို အလံယူလာပြီး ပါတီအသက်ကို ဆက်ပါတယ်။ ဒီနေရာမှာ ကျနော် ပြောလိုတာက မြန်မာလူမျိုးတွေ အများစုပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေ များနေတဲ့ ကိစ္စဖြစ်ပါတယ်။
ကျောင်းသားတပ်မတော်ကလည်း မြန်မာအများစုနဲ့ ဖွဲ့ထားတာ ဖြစ်ပါတယ်။ တချိန်ထဲမှာလည်း ဗိုလ်မှူးကြီးဟောင်း ဦးစိန်မြ ဦးဆောင်တဲ့ ပီဒီအက်ဖ် ဆိုတာကလည်း မြန်မာအများစုပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ အင်အားအရ ရှစ်ဆယ် တရာလောက် ရှိပါလိမ့်မယ်။ နောက်တခုကတော့ ပီအယ်လ်အက်ဖ် ဖြစ်ပါတယ်။ ပီအယ်လ်ဖက် မှာကလည်း မြန်မာအများစုဖြစ်ပြီး အင်အားအရ လေးဆယ်ဝန်းကျင်လောက် ရှိခဲ့ပါတယ်။ အဲသည့်အချိန်မှာ အန်အယ်ဒီ လွတ်မြောက် နယ်မြေကလည်း တပ်ထောင်ဖို့ ပြင်ပါတယ်။ အဲသည်တုန်းက တပ်ထောင်လိုတဲ့ အကြောင်းကိစ္စမှာ သူတို့ အယူအဆ သူတို့သီအိုရီက ဒီလိုရှိခဲ့ပါတယ်။ အန်အယ်ဒီဟာ ၁၉၉ဝ အနိုင်ရပါတီကြီး ဖြစ်တယ်၊ အခုဆိုရင် မာနယ်ပလော မှာလည်း အဝေးရောက် ညွန့်ပေါင်းအစိုးရဆိုတာပါ ဖွဲ့ပြီးပြီ။ ဒါကြောင့် အစိုးရအနေနဲ့ အစိုးရပိုင် လက်နက်ကိုင်တပ် ဖြစ်ဖြစ် ပါတီပိုင် တပ်ဖြစ်ဖြစ် လိုအပ်တယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။
မှတ်မိသလောက် ပြောရရင် ၁၉၉ဝ ရွေးကောက်ခံ အမတ်တဦး (သို့) နှစ်ဦး ဦးဆောင်ပြီး တပ်ထောင်ပါတယ်။ အန်အယ်ဒီ တပ်ပေါ့။ လူနှစ်ဆယ်ကျော်လောက် လက်နက်တပ်ဆင် ထားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာကြောင့်မှန်းတော့မသိ အိမ်ရှင် ကေအဲန်ယူက လက်နက်ဖြုတ်သိမ်းလိုက်ပါတယ်။ တပ်ကိုင်ရတဲ့ အမတ်နဲ့ တပ်မကိုင်ရတဲ့ အမတ်များအကြား အားပြိုင်မှုတွေ ဖြစ်လာလို့ ပြဿနာကြီးငယ်တွေ မဖြစ်ခင်မှာ ကေအဲန်ယူက လက်နက်တွေကို သိမ်းလိုက်တယ်လို့ ပြောကြ ပါတယ်။ မူလတုန်းက ဒီလက်နက်တွေဟာလည်း ကေအဲန်ယူဆီက ငှားထားတဲ့ လက်နက်တွေ ဖြစ်ပါတယ်။ ပိုင်ရှင်ကပြန်ယူ သွားတာမျိုးပါပဲ။ နောက် လူ့ဘောင်သစ်ကလည်း တပ်ထောင်ဖို့ ကြိုးစားပါတယ်။ လက်နက်ကိုင် နယ်မြေ မှာ ပါတီရှိရင် တပ်ရှိရမယ်ဆိုတဲ့ အယူအဆကနေ ပေါက်ဖွားလာတယ်လို့ ပြောနိုင်ပါတယ်။ သို့သော် အကြောင်းကြောင်း ကြောင့် လူအနည်း အကျဉ်းသာ ကေအဲန်ယူကပေးတဲ့ လက်နက်တပ်ဆင်နိုင်ပါတယ်။ လူ့ဘောင်သစ်ဟာလည်း မြန်မာ အများစု ပါနေတဲ့ အဖွဲ့ပါ။ တခါ မွန်ဒေသဖက်မှာလည်း လက်နက်ကိုင်တပ် ဖွဲ့မယ်ဆိုပြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မဖြစ် စလောက်သာ လက်နက် ကိုင်နိုင်ခဲ့ပါတယ်။
အင်အား နည်းတာများတာ အသာထား မြန်မာအများစု ပါဝင်နေတဲ့ လက်နက်ကိုင် တပ်တွေကို ပြန်ကြည့်လိုက်ရင် ကျောင်းသားတပ်မတော်၊ ပီဒီအက်ဖ်၊ ပီအယ်လ်ဖက်ဖ်၊ အန်အယ်ဒီ၊ လူ့ဘောင်သစ် ဆိုပြီး ငါးဖွဲ့ရှိနေပါတယ်။ နောက်ပိုင်းမှာ ကျောင်းသားတပ်မတော် နှစ်ခြမ်းကွဲတာပါ ထည့်တွက်ရင် ခြောက်ဖွဲ့ဖြစ်သွားပါတယ်။ မြန်မာလူမျိုးတွေပဲ အများစုဖြစ်နေတဲ့ လက်နက်ကိုင်တပ်တွေ တည်ရှိနေတာဟာ ရေရှည်အတွက် ကောင်းကျိုးကများမလား၊ ဆိုကျိုးက များမလားဆိုတာ တွက်ကြည့်ရင် သဘောပေါက်ပါလိမ့်မယ်။ ၁၉၉ဝ အမတ်တွေနဲ့ ဖွဲ့ထားတဲ့ အဝေးရောက်အစိုးရ အနေနဲ့လည်း ဘာကြောင့် အင်အားကောင်းတဲ့ ကျောင်းသားတပ်မတော်ကို သူတို့ရဲ့တပ်လို့ မခံယူနိုင်ရတာလဲ။ ဘာကြောင့် နောက်ထပ် တပ်တခု သီးသန့် ထူထောင်ချင်ရတာလဲ ဆိုတာကတော့ နားလည်ရခက်ပါတယ်။
၎။ အကယ်၍များ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် လက်နက်ကိုင် တပ်ပေါင်းစုတွေဟာ မော်လမြိုင် လောက်အထိ သိမ်းမိတယ်ဆိုရင် ဘာဖြစ်လာမလဲ။ အတိုင်းအတာ တခုအရ အောင်ပွဲရလာတယ် ဆိုရင် ကျောင်းသား တပ်မတော်ကလည်း လေးထောင်ကနေ တသောင်းလောက် ဖြစ်သွားနိုင်ပါတယ်။ ပီဒီအက်ဖ်၊ ပီအယ်လ်အက်ဖ်နဲ့ လူ့ဘောင် သစ် တို့လည်း တထောင်ဝန်းကျင်လောက်ရှိတဲ့ အဖွဲ့တွေ ဖြစ်လာ နိုင်ပါတယ်။ အန်အယ်ဒီတပ်လည်း ထောင်ကြီး ကြီး ဂဏန်းအထိ ကြီးထွားလာ နိုင်ပါတယ်။ သူကပြည်တွင်းမှာလည်း အနိုင်ရပါတီကိုး။ အဲသလို လက်နက်ကိုင်တပ်တွေ သူ့နည်း သူ့ဟန်နဲ့ ကြီးထွား လာခဲ့ပြီဆိုရင် နောင်မှာ နိုင်ငံရေးအရ လိုအပ်လာလို့ တပ်တွေပြန်ပေါင်းဖို့ (သို့) ဖျက်သိမ်းခိုင်းဖို့ ဆိုတာ ထင်တာထက် ခက်တတ်ပါတယ်။ တချိန်ထဲမှာလည်း စစ်ဘုရင် အကြီးစားတွေ ပေါ်ပေါက် လာနိုင်ပါတယ်။ စစ်ဘုရင် အသေး စားလေးတွေ ရှိခဲ့ဖူးတာလည်း အဲသည့်ကာလကို ဖြတ်ဖူးတဲ့သူတွေ အားလုံး သတိထားမိပါတယ်။
လက်နက်ကိုင် အဖွဲ့အစည်း များတာနဲ့ ပတ်သက်လို့ တခုပြောလိုပါတယ်။ ကျနော်တို့ အဖွားရဲ့ မြို့ကလေးဟာ သေးသေး လေး ပါ။ အဖွားအပြောအရ ၁၉၅ဝ ဝန်းကျင်တုန်းက လက်နက်ကိုင်သူ အားလုံးကို လက်နက်မကိုင်ထားတဲ့ အရပ်သူ အရပ်သား တွေက ကြောက်ရတယ်လို့ ဆိုပါတယ်။ အဖွားတို့ မြို့ထဲကို ဝင်ခလုတ် ထွက်ခလုတ် လုပ်နေတဲ့ အဖွဲ့တွေက များပါတယ်တဲ့။ ပြူစောထီး၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါ၊ အလံနီ၊ အလံဖြူ၊ အစိုးရစစ်တပ်နဲ့ မိတ္ထီလာဆရာထီရဲ့ မှိုလိုပေါက်နေတဲ့ ဓားပြဂိုဏ်းတွေလို့ ဆိုပါတယ်။ ဒီနေရာမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ များနေရတာဟာ အဲသည့် မြို့သေးသေးလေးက လူ့အဖွဲ့အစည်းအတွက် ကောင်းသလား ဆိုးသလား ဆိုတာကို ဓာတ်ခွဲကြည့် နိုင်ပါတယ်။
၅။ မြန်မာတွေ အနေနဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဖြစ်သင့်တာက လက်နက်ကိုင် နယ်မြေမှာ တကယ်တန်း လက်နက်ကိုင် တိုက်ဖို့ဆိုရင် အတိုင်းအတာ တခုအရ အခြေကျပြီး ဦးဆောင်နေဆဲ အဖွဲ့၊ တပ်ဦးလို့ ဆိုရမယ့် ကျောင်းသားတပ်မတော်မှာ ဝင်ပြီး ကျရာတာဝန်ကို ထမ်းတာက ပိုပြီး ဖြစ်သင့်တယ်လို့ ဆိုရမှာပါ။ အမျိုးအမည် မတူတဲ့ လက်နက်ကိုင်တပ်တွေ မှိုလို ပေါက်နေတာဟာ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးများတယ်ဆိုတဲ့ အယူအဆ concept ကို ခေါင်းဆောင်တွေ အနေနဲ့ ရင်ဝယ်မပိုက်နိုင်လို့ ဖြစ်ရတာလို့ ထောက်ပြရမှာပါပဲ။ နိုင်ငံရေးအရ ခေါင်းဆောင်မှု ဆက်လက် တည်ရှိရေးဆိုတဲ့ လောဘ က သူတို့ကို အနိုင်ယူထားလို့ ဖြစ်ရဟန်ရှိပါတယ်။
ဒါပေမယ့် မြန်မာလူမျိုး အဖွဲ့အစည်း ခေါင်းဆောင်တွေ အားလုံးနီးပါးက ကျောင်းသားတပ်မတော်ကို ထောက်ခံတယ်၊ ဝန်းရံ တယ်၊ အားကိုးတယ် ဆိုတာကို အမြဲမပြတ်ပြောပါတယ်။ ကျောင်းသားတပ်မတော်နဲ့ ပတ်သက်လို့ ကြေညာချက်တွေ ထုတ်ရင်လည်း အဲသည့် သဘောထားမျိုး ရေးလေ့ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကိုယ့်လမ်းကိုယ်သွားကြေး ဆိုတဲ့ လုပ်ရပ်မျိုးကိုပဲ တွေ့ခဲ့ရပါတယ်။ နှုတ်ဖျားကပြောတဲ့ ဝန်းရံရေးဟာ တကယ်တန်းမှာတော့ အလုပ်အသွင် အက်ရှင် အသွင် အဖြစ် ကူးပြောင်းပြီး မသက်ရောက်ခဲ့ပါဘူး။
အဲသည်တုန်းက မာနယ်ပလောမှာ တပ်ထောင်တာနဲ့ ပတ်သက်ပြီး ခပ်နောက်နောက် အပြောတခု ရှိခဲ့ပါတယ်။ အဲတာက ဘာတုန်းဆိုတော့ စိန်ဝင်းမြိုင်လည်း တပ်ထောင်လိမ့်မယ် ဆိုတဲ့ ဟာသတခုပါ။ ဦးစိန်ဝင်းမြိုင်ဟာ မော်လမြိုင်ဒေသဖက်က ဇာတ်ထောင်ဆရာ ဖြစ်သလို သူကိုယ်တိုင်လည်း ဇာတ်မင်းသား ဖြစ်ပါတယ်။ တဇာတ်လုံးကို ဦးဆောင်ပြီး ဆိုင်းဝိုင်းကြီး ကိုပါ ယူလာပြီး တောခိုလာခဲ့သူ ဖြစ်ပါတယ်။ သူ့ဇာတ်အဖွဲ့ဟာ လူမနည်းလှပါဖူး။ နယ်စပ်တရိုး သူပုန်နယ်မြေတွေမှာ လိုက်က ပါတယ်။ သူ့ဇတ်အဖွဲ့ထဲက စနေမ ဆိုတဲ့ ခေါင်းဆောင်မင်းသမီးဟာ လူငယ်များအကြားမှာ အတော်ခေတ်စား ခဲ့ပါတယ်။ သူ့ဇာတ်အဖွဲ့က လူအတော်လေး များတာကြောင့် အဲသည့် တပ်ထောင်မယ်ဆိုတဲ့ ဟာသ ပေါ်ခဲ့တယ်လို့ ဆိုရမှာပါ။
မာနယ်ပလောကို အစိုးရ သိမ်းယူဖို့ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တဲ့ အချိန်မှာ ဦးစိန်ဝင်းမြိုင် ဇာတ်တဖွဲ့လုံးဟာ ပတ်လုံးတွေ ဆိုင်းဝိုင်းတွေကို သူတို့နေတဲ့ တဲတန်းကြီးထဲမှာ ထားခဲ့ပြီး ရှေ့တန်းခံစစ်ကုန်း တကြောက တိုင်းရင်းသားရဲဘော်တွေ၊ ကျောင်းသား ရဲဘော်တွေ အတွက် ထမင်းထုတ်၊ ကျည်ဆံ၊ လက်နက်ကြီးအသီးတွေ နေ့ညမပြတ် သယ်ပိုးပေးခဲ့ပါတယ်။ အလားတူပါပဲ အန်အယ်ဒီ၊ လူ့ဘောင်သစ် စတဲ့ နိုင်ငံရေးပါတီတွေက အောက်ခြေ ရဲဘော်ထုတွေဟာလည်း မာနယ်ပလော တိုက်ပွဲကြီးအတွင်းမှာ ကျရာတာဝန်တွေကို မညီးမညူထမ်းဆောင်ခဲ့ပါတယ်။ သာမန်ရဲဘော် ထုကတော့ တပ်ထောင်တာ မထောင်တာတွေကို ရေးကြီးခွင်ကျယ် ပြောမနေပါဖူး။ ပေးတဲ့တာဝန်ကို ထမ်းဆောင်ခဲ့ကြပါတယ်။ ကိုယ်ပိုင်တပ်၊ ပါတီတပ် စသဖြင့် ထောင်လိုသူတွေကတော့ သီအိုရီတွေကို အာဂုံဆောင်ပြီး ပြောနေတဲ့ ခေါင်းဆောင် တွေသာပဲ ဖြစ်ပါတယ်။
၆။ ဒီမိုကရေစီ နိုင်ငံရေးမှာတော့ နိုင်ငံရေးပါတီများတာဟာ အဆန်းမဟုတ်ဖူးလို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ နိုင်ငံရေး ပါတီဆိုတာ လက်နက်ကိုင်တပ်မှ မဟုတ်တာကိုး။ နောက်တခုလည်း နိုင်ငံရေးပါတီတွေ များနေတာကို စကားလှအောင် ပြောမယ်ဆိုရင် Unity in diversity လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သက်တန်းနုသေးတဲ့ (သို့မဟုတ်) စလုံးရေစမလို့ လုပ်နေတဲ့ တိုင်းပြည်တခုမှာ နိုင်ငံရေးပါတီတွေ မှိုလိုပေါက်နေတာကရော ကောင်းပါ့မလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ ဒီမိုကရေစီ ကျင့်သုံးနေတဲ့ တိုင်းပြည်တွေမှာ ကြည့်လိုက်ရင် အဓိကအားဖြင့် အားကောင်းတဲ့ ဦးဆောင်နေတဲ့ ပါတီတွေဟာ နှစ်ခု၊ သုံးခုလောက်သာ ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် နောက်ထပ် ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး ပါတီတွေ မှိုလိုပေါက်မပေါက် ကြည့်ခြင်းအားဖြင့် ၂ဝ၁၅ အလွန် နှစ်တွေမှာ နိုင်ငံရေး တည်ငြိမ်မှု ဘယ်လောက်အတိုင်းအတာ ရှိမရှိဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
ဇော်မင်း
၂ ရက် မတ်လ ၂ဝ၁၂ ခုနှစ်။
2 comments :
for what u thinking ..nobody interesting ur thinking ...
ဂင်ကြီး စောက်ပေါကြီး ။
သူ့ vaio vgn ငါးရာတန် အစုတ်ကြီးကိုရှေ့ ချပြီး လက်ကိုင်ဖုန်းနဲ့  အလုပ်ရှုပ်ချင်ယောင်ဆောင်နေသေးတယ်။ ပြီးရင် အားမနာလျှာမကျိုး ဟိုအိမ်လိုက်လည် ဒီအိမ်လိုက်လည်ပြီး ပျောက်ကြားပစ်ဦးမယ်။
စောက်ပေါကြီး။
Post a Comment