Thursday 22 March 2012

အာဏာပိုင်တို့ကခွင့်မပြုသော်လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဝတ်ပြုဆုတောင်းပွဲကို အရှင်ဝီရသူ ယနေ့နေ့လည်(၂)နာရီကျင်းပမည်။


                            “၀တ်ပြုဆုတောင်းပွဲ မပျက်ပါ


          22.3.2012-ရက်နေ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ရှေ့တော်မှောက်တွင် ကျင်းပမည့် ၀တ်ပြုဆုတောင်းပွဲနှင့် ပတ်သက်၍ 21.3.2012-ရက်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်သံဃနာယကအဖွဲ့မှ ညွှန်ကြားလာပါသည်။
          နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး (သို့)သာသနာရေးဌာနပြည်ထောင်စုဝန်ကြီးထံ တင်ပြပြီးမှ ပြုလုပ် ရန်နှင့် မဟာမြတ်မုနိဘုရားကြီး သြဝါဒါစရိယဆရာတော်ကြီးများ၏ ခွင့်ပြုချက်ရပြီးမှ ပြုလုပ်ရန် စာဖြင့်ညွှန်ကြားခြင်းဖြစ်ပါသည်။
ညွှန်ကြားစာ ရသည်နှင့် တစ်ပြိုင်နက် ဘုရားကြီးသြဝါဒါစရိယ ဆရာတော်ကြီးများထံ ခွင့်တောင်းဖို့သွားရာ ဘုရားကြီးတိုက် လယ်ပေါ်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကာရုညကလုပ်လို့လည်းမတိုက်တွန်းဘူး မလုပ်နဲ့လို့လည်း မတားမြစ် ဘူးဟု မိန့်တော်မူပါသည်။
မြတောင်ကျောင်းတိုက် ရွှေဝါဝင်းဆရာတော်ကြီး ဘုဒ္ဒန္တသာသနာဘိဝံသက ဆန္ဒမစောဖို့နှင့် အချိန်သင့်က ခွင့်ပြုမည် ဖြစ်ကြောင်း မိန့်တော်မူပါသည်။
ဘုရားကြီးသြဝါဒါစရိယ အများစုမှာ သက်တော်ရှည်ဆရာတော်ကြီးများ ဖြစ်သည့်အားလျှော်စွာ ကျန်းမာရေးမကောင်း ကြတော့ပါ။ အိပ်ရာထက်မှာ ပက်လပ်လဲနေတော်မူရှာသော ဆရာတော်ကြီးများကိုလည်း တွေ့မြင်ခဲ့ရပါသည်။
သို့ဖြစ်၍ ဆရာတော်ကြီးများအား ဒုက္ခပေးသလို ဖြစ်နေမည် စိုးသောကြောင့် ကိုယ့်ဒုက္ခကိုယ်ခံမည်ဆရာတော်ကြီးများ စိတ်အနှောက်ရှက်အဖြစ်မခံနိုင်ဟု နှစ်လုံးသွင်းကာ ဝတ်ပြုဆုတောင်းပွဲကို မပျက်မကွက်ဆက်လက် ကျင်းပတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။
နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးနှင့် သာသနာရေးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြဖို့ဆိုလျှင် ဘုရားကြီးသြဝါဒါစရိယ ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ရမှသာ တင်ပြသင့်သည် ဖြစ်သောကြောင့်၊ ထိုသို့ လျှောက်ထားတင် ပြခြင်း ကိစ္စလည်း မဖြစ်နိုင်တော့ပါ။
22.3.2012-ရက်နေ့ မနက်(7:00)ခန့်တွင် တိုင်းဒေသကြီး သာသနာရေးမှူးကိုယ်တိုင် ရောက်ရှိလာပါသည်။ စာနှစ်စောင်ပါလာပါသည်။ တစ်စောင်မှာ- တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးအုန်းလွင်မှ- အရှင်ဝီရသူထံ ပြန်ကြားစာဖြစ်၍၊ ကျန်တစ်စောင်မှာ ၎င်းဦးအုန်းလွင်က- တိုင်းဒေသကြီး သာသနာရေးမှူးထံ ပေးပို့သောစာဖြစ်ပါသည်။ နှစ်စောင်စလုံးမှာ- ဝတ်ပြုဆုတောင်းပွဲ ခွင့်မပြုရေးကိစ္စပင် ဖြစ်ပါသည်။
ဝတ်ပြုဆုတောင်းပွဲ ဆက်လက်ကျင်းပပါမည်။ ရွှေညဝါဆရာတော်လို အရေးယူခံရမည်မှာ သေချာပါသည်။ ဒီမိုကရေစီအရေး သက်သက်ဆိုလျှင် ယခုလို အတိုက်အခံလုပ်မည် မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို ဘောင်အတွင်းမှသာ ဆောင်ရွက်မည်ဖြစ်ပါသည်။ ယခုမှာမူ အကျဉ်းသားအရေးဖြစ်သောကြောင့်လည်းကောင်း၊ အကျဉ်းသားလွတ်မြောက်ရေးကို အင်တိုက်အားတိုက်ဆောင်ရွက်သူ နည်းပါးလှသောကြောင့်လည်းကောင်း၊ လက်ကျန်ယုံကြည်ချက်အကျဉ်းသားတို့၏ အနာဂတ်မရေမရာ ဖြစ်နေသောကြောင့်လည်းကောင်း၊ ကန့်ကွက်မှုများကြားမှ အတိုက်အခံ လုပ်၍ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
မြို့နယ်သံဃနာယက၊ တိုင်းသံဃနာယကတို့က တားမြစ်ပိတ်ပင်ခြင်းမဟုတ်ပါ။ တိုင်းဒေသကြီး အစိုးရကသာ တားမြစ်ပိတ်ပင်ခြင်းဖြစ်ပါသည်။ ဘုရားသားတော်များ၊ ဘုရားသာဝကများ လွတ်မြောက်ရေးအတွက် ဘုရားရှေ့မှာ ဝတ်ပြုဆုတောင်းသောကြောင့် တစ်စုံတစ်ရာ အရေးယူမည်ဆိုလျှင် ကျေကျေနပ်နပ်ကြီး ခံယူမည်သာဖြစ်ပါသည်။
သံဃာတော်များအနေဖြင့် ဘုရားသားတော်များပီပီ ဘုရားလမ်းစဉ်ဖြစ်သည့် အကြမ်းမဖက်မူ၍ ငြိမ်းချမ်းသည့်နည်းလမ်း များဖြင့် သံဃာ့အခွင့်အရေးကို အရယူစေလိုပါသည်။

ယုံကြည်ချက်အကျဉ်းသားများ လွတ်မြောက်ရေးအတွက်
အစဉ်တစ်စိုက် ကြိုးစားဆောင်ရွက်နေသူ

ဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်း၊မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးတိုင်းဒေသကြီး

No comments :