Tuesday 20 March 2012
ရဲ ထွတ်က ရွှေမန်းကို အသေဆော်နေခြင်း ( သို့ မဟုတ်) အစိုးရ နဲ့ လွတ်တော် ဆော်နေကြ ခြင်း
ကျော်ဆန်းဘလောက်ဖြစ်ပါတယ်။ ဒီဆောင်းပါး က အမှတ်စဉ် (၁ )လဲရှိပါသေးတယ်။ ကျော်ဆန်းရဲ့ ရုံးခန်းထဲမှာ ရဲထွတ်ဟာ
အခုတလော အ၀င်အထွက်များနေတယ်။ တခါတရံမှာ နှစ်ယောက်ထဲ အခန်းတခါးပိတ် တကျိတ်ကျိတ် လုပ်နေကြတယ်လို့ 
ဝန်ထမ်းတွေက ဆိုပါတယ်။  အဆင့်မြင့်အစိုးရအရာရှိတဦးရဲ့ အဆိုကတော့ ဒီဆောင်းပါး ကို ကျော်ဆန်းက အောက်လိုင်းချပေးပြီး တပည့်ကျော်ရဲထွတ်က ရေးတာလို့ သိရတယ်။ 
- We Fight We Win
ကျင်းပနေဆဲ လွှတ်တော် အစည်းအဝေးများမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဘတ်ဂျက် ရေးရာ ဆွေးနွေးမှု များအပေါ် ဘ၀င်မကျ ဖြစ်မိတာလေးကို ပို့စ် တင်လိုက်တဲ့ နေ့မှာပဲ လွှတ်တော်ထဲက အံ့အားသင့်ဖွယ်ရာ လုပ်ရပ်တွေကို ကြားလိုက် ရပါတယ်။
ပထမ လုပ်ရပ်ကတော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွက် ဘတ်ဂျက် လျာထားတာကို ဥပဒေနဲ့ မညီဘူး ဆိုပြီး ငွေအားလုံးကို ပယ်ဖျက် လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဒါဟာ အံ့အား သင့်ဖွယ်ရာ ဆိုတာထက် လွှတ်တော် အမတ်များရဲ့ ရည်ရွယ်ချက်ကို မေးခွန်း ထုတ်စရာ ဖြစ်တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီအဆိုကို တင်သွင်းသူက ကျားဖြူပါတီက ဒေါ်နန်းဝါနု ဖြစ်ပြီး ကြံ့ဖွံ့ အမတ်တွေကပါ ထောက်ခံလို့ အဆို အတည် ဖြစ်သွားခဲ့ပါတယ်။
တကယ်တော့ လူ့အခွင့်အရေး ကောင်စီဟာ နိုင်ငံတကာက တောင်းဆို ချက်ကြောင့်သာ မဟုတ် နိုင်ငံတွင်းက အခြေအနေများ အရ ဖွဲ့စည်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ရှိဖို့ လိုအပ်သလား၊ မလိုအပ်ဘူးလား ဆိုတာ ဆယ်တန်း ကျောင်းသားလေးတောင် ဖြေနိုင်ပါတယ်။ ဒီနေရာမှာ လွှတ်တော် အတွင်း ဆွေးနွေးချက်များကို အပြည့်အစုံ မသိရလို့ မပြောနိုင်ပေမယ့် ဒီကော်မရှင် အတွက် ငွေတောင်းတာဟာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း မဟုတ်လို့ ငွေမပေးသင့်ဘူးလို့ ဆိုရင်တောင် လွှတ်တော် အနေနဲ့ အောက်ပါတိုင်း လုပ်သင့်တယ်လို့ ထင်ပါတယ်။
၁။ ကော်မရှင်အတွက် သီးခြား ခေါင်းစဉ်နဲ့ မပေးနိုင်ဘူး ဆိုရင် သမ္မတရုံး အသုံးစရိတ်ထဲမှာ ထပ်ဆောင်းပေးပြီး ကော်မရှင် အတွက် သုံးသင့်တယ်။
၂။ နောင်မှာ ကော်မရှင် အနေနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ ကင်းကွာပြီး သီးခြား လွတ်လပ်စွာ ရပ်တည်နိုင်ဖို့ အတွက် လူ့အခွင့်အရေး ကော်မရှင်ကို ဥပဒေနဲ့ ဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်၊ ငွေကြေး သုံးစွဲခွင့်တွေကို ပေးနိုင်ဖို့ အတွက် ဥပဒေ ရေးဆွဲဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို တင်သွင်းသင့်တယ်။ ဒါမှမဟုတ် လွှတ်တော် အမတ်များက စတင် ပြုစု တင်သွင်းသင့်တယ်။
ဒါပေမယ့် အခု လွှတ်တော်ရဲ့ လုပ်ရပ်ကတော့ လူ့အခွင့်အရေး ကော်မရှင် ထားတာကို မလိုလားတဲ့ သဘော သက်ရောက် နေတော့ ဒါဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို အထောက်အကူ ပြုရဲ့လားလို့ မေးစရာ ဖြစ်လာပါတယ်။ နောက်တစ်ခုက ကော်မရှင်အတွက် ငွေမပေးတဲ့ အတွက် သမ္မတရုံးက စီစဉ်ပေးတဲ့ ငွေနဲ့သာ ဆက်လုပ်ရမယ် ဆိုရင် (အခုထိ ဘယ်ကငွေနဲ့ ဆက်လုပ်မယ် ဆိုတာ တိတိကျကျ မသိရသေးပါဘူး။) ကော်မရှင်ရဲ့ လွတ်လပ်မှုကို မထိခိုက် စေဘူးလားလို့လည်း မေးခွန်း ထုတ်ဖို့ ဖြစ်လာပါတယ်။
ဒုတိယ လုပ်ရပ်ကတော့ စက်မှုဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ၁၀၀% ဖြတ်တောက်လိုက်တဲ့ ကိစ္စပဲ။ ကျွန်တော် နိုင်ငံတကာ ရေးရာတွေကို လေ့လာခဲ့တာ ဆယ်စုနှစ် တစ်ခုရှိခဲ့ပြီ။ ဘယ်နိုင်ငံမှာမှ လွှတ်တော်က ၀န်ကြီးဌာန တစ်ခုရဲ့ အသုံးစရိတ်ကို ၁၀၀% ဖြတ်တယ် ဆိုတာ မကြားဖူးပါဘူး။ ၁၀၀% ဖြတ်တယ်ဆိုရင် လစာပေးဖို့တောင် မရှိလို့ ဒီဝန်ကြီးဌာနကို ဖျက်ပစ်ဖို့ပဲ ရှိတယ်။ နောက်ပြီး လွှတ်တော်က ဒီဝန်ကြီးဌာန ဖွဲ့စည်းမှုနဲ့ အဲဒီ ၀န်ကြီးဌာနရဲ့ ၀န်ကြီး ခန့်ထားမှုကိုတော့ အတည်ပြုခဲ့ပြီး ၀န်ကြီးဌာန အသုံးစရိတ်ကိုတော့ တစ်ပြားမှ မပေးဘူး ဆိုတာ ရှေ့နောက် ညီညွတ် ရဲ့လားလို့ မေးကြည့်ချင်ပါတယ်။ နောက်ပြီး ဒီဝန်ကြီးဌာနရဲ့ လျာထားတဲ့ စီမံကိန်းတွေဟာ တစ်ခုမှ နိုင်ငံအတွက် အသုံမတည့် တော့ဘူးလား၊ ကျွန်တော်တို့ သိနေတဲ့ စက်မှုဇုန် ဆိုတာတွေ အတွက် အကူအညီ ပေးတယ် ဆိုတာတွေကရော လူထု အတွက် အကျိုး မရှိနိုင်ဘူးလားလို့လည်း တွေးကြည့်မိပါတယ်။
ဒါဟာ လစာတိုးရေးနဲ့ ပတ်သက်တုံးက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လစာပေးနိုင်ဖို့ အတွက် ဒီဝန်ကြီးဌာနရဲ့ ငွေတွေကို ဖြတ်တောက်ပြီး လစာ တိုးပေးတဲ့စီမှာ သုံးဖို့အတွက် အကြံပြုခဲ့ဖူးတယ်။ အခု လစာ တိုးပေးတဲ့ကိစ္စ မအောင်မြင်တဲ့ အတွက် အစိုးရကို လက်စားချေတဲ့ အနေနဲ့ လုပ်ခဲ့လေ သလားလို့တောင် မတွေးစကောင်း တွေးမိပါတယ်။
အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးများကို လေ့လာရင်းနဲ့ လွှတ်တော် ဥက္ကဌများရဲ့ ရည်ရွယ်ချက်ကို မေးခွန်း ထုတ်ချင်လာ ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ အမေရိကန်ပုံစံ အာဏာ သုံးရပ်ကို ခွဲခြားထားပြီး အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ် ဖြစ်ပါတယ်။ အင်္ဂလိပ် ၀က်မင်နစ်စတာ ပုံစံလို လွှတ်တော်မှာ အများစုရတဲ့ ပါတီက အစိုးရဖွဲ့၊ လွှတ်တော် အမတ်က လွှတ်တော် အမတ်ရော ၀န်ကြီးရော လုပ်လို့ရတဲ့ စနစ် မဟုတ်ပါဘူး။ မဏ္ဍိုင် တစ်ခုခြင်းဟာ သီးခြား ရပ်တည်နေတာ ဖြစ်တယ်။
ဒီနေရာမှာ အပြန်အလှန် ထိန်းကျောင်းခြင်း ဆိုတဲ့ အနှစ်သာရကို သေသေချာချာ နားလည်ဖို့ လိုမယ် ထင်ပါတယ်။ အပြန် အလှန် ထိန်းကျောင်းတာဟာ စင်ပြိုင်အာဏာ တည်ဆောက်တာ မဟုတ်ပါဘူး။ အပြန်အလှန် ထိန်းကျောင်းမှုဟာ ညီညွတ်ရေးကို ခိုင်မြဲစေပြီး စင်ပြိုင် အာဏာ တည်ဆောက်ခြင်းဟာ အားလုံးကို ပြိုကွဲစေပါတယ်။ တကယ်တော့ လွှတ်တော် ဥက္ကဌများဟာ လွှတ်တော် အမတ်များရဲ့ ဆွေးနွေးချက်များ၊ မေးခွန်းများကို ထိန်းကျောင်း ပေးရသူများ ဖြစ်ပါတယ်။ မမေးသင့်တဲ့ မေးခွန်းကို မမေးရအောင်၊ အဆိုများ စနစ်တကျ ဖြစ်အောင် လုပ်ပေးရသူများ ဖြစ်ပါတယ်။ အခုအချိန် အထိတော့ လွှတ်တော် ဥက္ကဌများ ကိုယ်တိုင်က Free for All လွှတ်ပေးထားတဲ့ သဘောမှာ ရှိနေတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် သူတို့ဟာ လွှတ်တော်ရဲ့ ဥပဒေပြု လုပ်ငန်းများကို အသက် ၀င်စေချင်လို့ လုပ်နေတာလား၊ ဒါမှမဟုတ် သူတို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက် အတွက် ကမောက်ကမ အခြေအနေတွေကို ဖန်တီး နေတာလား ဆိုတာ ပြန်စိစစ်ရမယ့် အခြေအနေကို ရောက်နေပြီလို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အနောက် ဒီမိုကရေစီ နိုင်ငံတွေမှာတောင် အာဏာရ ပါတီက အမတ်များဟာ အုပ်ချုပ်ရေး မဏ္ဍိုင်မှာ တာဝန် ယူနေရတဲ့ မိမိတို့ပါတီက လူများကို နေရာတကာ ထော်လော် ကန့်လန့် လုပ်တာ မတွေ့ဘူးလို့ပါပဲ။ အမေရိကန်လို လွတ်လပ်ပါတယ် ဆိုတဲ့ ဒီမိုကရေစီ နိုင်ငံမှာတောင် လွှတ်တော်ထဲက ဒီမိုကရက် အမတ်များဟာ ဒီမိုကရက် သမ္မတရဲ့ မူဝါဒ အောင်မြင်ရေးကို ပူးပေါင်း လုပ်ဆောင်တာကို တွေ့ရပါတယ်။ သဘော မတူတာ ရှိရင်တောင် လွှတ်တော်ထဲက ခေါင်းဆောင်များနဲ့ သမ္မတ တွေ့ဆုံညှိနှိုင်းပြီး ဥပဒေပြုရေး ကိစ္စများကို ဆောင်ရွက် ကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နှစ်ခုဟာ တစ်ပါတီတည်းမှ ဟုတ်ရဲ့လားလို့ တွေးစရာ ဖြစ်ရမယ့် အခြေတောင် ဆိုက်နေပါပြီ။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရည်ရွယ်တဲ့ အပြန်အလှန် ထိန်းကျောင်းခြင်း အဆင့်ကို ကျော်လွှန်ပြီး Power Politic အဆင့်ကိုများ သွားနေပြီလားလို့ သံသယ ဖြစ်စရာပါပဲ။
အခုလို အပြောင်းအလဲ ကာလမှာ ဒီလို သံသယတွေ မရှိသင့်တာတော့ အမှန်ပဲ။ ကျွန်တော်တို့ အနေနဲ့လည်း အခြေခံဥပဒေ အတည် ဖြစ်လာတဲက အခြေခံဥပဒေ ဘောင်ထဲကနေ အပြောင်းအလဲတွေ လုပ်ဖို့အတွက် အဆူခံ၊ အဆဲခံပြီး ရေးခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ရဲ့ လုပ်ရပ်အချို့ဟာ အပြောင်း အလဲကို အားပေးတာထက် ထိခိုက်အောင် လုပ်သလိုများ ဖြစ်လာနေပြီလားလို့ စိုးရိမ်မိပါတယ်။
1 comment :
Anonymous said...
လွှတ်တော် ဥက္ကဌကြီးခင်ဗျာ။ ဆော်လက်စနဲ့ တစ်ခါတည်း ကျော်ဆန်းတို့ ဌာနပါ တစ်ခါတည်းဆော်လိုက်ပါ ခင်ဗျာ။ ။