Friday 30 March 2012

နေပြည်တော် ဟိုတယ်ဇုံတွင် မဲစာရင်းဖျောက်မှုများ ဖြစ်ပေါ်နေ


နေပြည်တော်၊ Mar 31
 ကြားဖြတ်ရွေးကောက်ပွဲ၏ မဲဆန္ဒနယ်တစ်ခုဖြစ်သော နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မဲစာရင်းဖျောက်မှုများ ရှိနေကြောင်း သိရသည်။
             နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၏ ဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ်ဝန်ထမ်းများမှာ မဲစာရင်းဖျောက်ထားမှုများကြောင့် မဲပေးခွင့်နှင့် လွဲချော်ဖွယ် ရှိနေကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦး၏ သတင်းပေးပို့မှုအရ သိရှိရသည်။
           ဒက္ခိဏသီရိမြို့နယ်ရှိ ဟော်တယ်ဇုန်မှ ဟော်တယ်ဝန်ထမ်းများမှာ 2010 ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့် ရရှိခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ယနေ့ မတ်လ 31 ရက်နေ့ နံနက်ပိုင်းအထိ သက်ဆိုင်ရာ ဟော်တယ် အုပ်ချုပ်ရေးမှူးများထံသို့ မဲစာရင်းများ လာရောက်ပေးအပ်ခြင်း မရှိသေးကြောင်း အဆိုပါ ဟော်တယ်ဝန်ထမ်းမှ သတင်းပေးခဲ့ခြင်းဖြစ်သည်။
             “ဒီဟော်တယ်ဇုန်ထဲမှာ လူဦးရေ လေးထောင်လောက်ရှိပါတယ်။ 2010 တုန်းက မဲပေးခဲ့ရပေမယ့် အခု ရွေးကောက်ပွဲမှာတော့ အခုထိ မဲစာရင်းရောက်မလာသေးဘူး။ ကော်မရှင်ရုံးကို သွားစုံစမ်းတော့လဲ သက်ဆိုင်ရာ ဟိုတယ်တာဝန်ခံဆီကို ပို့ပေးမယ်။ သိချင်တာရှိရင် ကော်မရှင်ကို ဖုန်းဆက်မေးပါ။ လူကိုယ်တိုင်လာစရာမလိုဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒီနေ့မနက်အထိတော့ ဘယ်သူ့ဆီကိုမှ မဲစာရင်းတွေ မရောက်သေးသလို မဲပေးခွင့်ရှိမရှိလဲ သေချာမသိဘူး။ မဲပေးရင် ဘယ်မှာပေးရမှန်းလဲ မသိသေးဘူးဟု အဆိုပါ ဟိုတယ်ဝန်ထမ်းမှ ပြောသည်။
             ကော်မရှင်ရုံးတွင် တွေ့ရသော NLD ပါတီဝင်တစ်ဦးထံမှ တောင်းယူကြည့်ရှုခဲ့ရာ မဲရုံအမှတ် ၂/၂ တွင် မဲပေးခွင့် ရှိသူဦးရေမှာ ၃၀၀ ဦးသာ ရှိကြောင်းကိုလည်း အဆိုပါ ၀န်ထမ်းမှ ပြောပြခဲ့သည်။
အဆိုပါ ဟိုတယ်ဇုန်ရှိ ဟိုတယ်ဝန်ထမ်းဦးရေမှာ ၄၀၀၀ နီးပါးခန့်ရှိပြီး ကြံခိုင်ရေးပါတီ၏ ပြိုင်ဘက်အဖြစ် NLD ပါတီမှ ဦးနိုင်ငံလင်းက ၀င်ရောက်အရွေးခံမည်ဖြစ်သည်။
            ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် အများဆုံးနေထိုင်ကြသူများမှာ တောင်သူများ ဖြစ်ပြီး အစိုးရနှင့် စီးပွားရေး ကုမ္ပဏီကြီးများ၏ အဓမ္မ လယ်ယာမြေသိမ်းဆည်းမှုများကို အများဆုံးခံစားနေရကြောင်း၊ ထို့ကြောင့် NLD အနေဖြင့် တောင်သူများအကျိုးအတွက် တရားဥပဒေ စိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဦးနိုင်ငံလင်းက ပြောကြားခဲ့ဖူးသည်။
            ဒက္ခိဏသီရိ မြို့နယ်သည် ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲတွင် လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဦးမြင့်လှိုင်၏ မဲဆန္ဒနယ်မြေ ဖြစ်ကြောင်း သိရသည်။

No comments :