Monday 5 March 2012

နိုင်ငံတော်သမ္မတ မိန့်ခွန်းအပေါ် ကိုမင်းကိုနိုင် ပြောကြားခဲ့သည့် ၈၈မျိုးဆက်ကျောင်းသားများ၏ အမြင်

[By Eleven Media Group ]
- သမ္မတမိန့်ခွန်းအကြောင်းကို ပြောမယ်ဆိုရင် တော်တော်ကျယ်ပြန့်လိမ့်မယ်။ အဲဒီတော့ အပိုင်းလိုက် ဖြေပါ့မယ်။ကျွန်တော် တစ်ယောက်တည်းတင် မကပဲနဲ့ ၈၈မျိုးဆက်တစ်ခုလုံးရဲ့ သဘောထားအမြင်တွေကို ခြုံငုံပြီးတော့ ဖြေပေးမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ စနစ်တကျ ပြင်ဆင်ပြီးသားပါ။ အဓိက ကျွန်တော် ပြောချင်တာက နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့် မယ်ဆိုကတည်းက ကျွန်တော်တို့ စိတ်ဝင်စားစွာနဲ့ စောင့်ပြီးတော့ နားထောင်ခဲ့ပါတယ်။ ခြုံပြောလိုက်မယ် ဆိုရင်တော့ များစွာ အပြုသဘောဆောင်တယ်လို့ ရိုးရိုးသားသားပဲ ရှုမြင်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်ဆွေးနွေးလိုတာက အားလုံးပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်ဆိုတဲ့ စကားလုံးကို ကျွန်တော်အဓိကထားပြီး ဆွေးနွေးပါမယ်။ သမ္မတကြီး ပြောသွားတာရှိပါတယ်။ ကျွန်တော် သေချာလည်း မှတ်ထားပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာပြီဆိုတဲ့ ဟာမျိုးပါ။ အဲတာတွေဟာ ဘယ်အချက်တွေကို အခြေခံလဲဆိုတာ ကျွန်တော်တို့ တွေးပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ်။ သို့သော် နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေတာ ကျန်ရှိနေတယ်။ တစ်ခါ ကျွန်တော်တို့ စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ်ခွင့်တွေ ပေးတယ်။ သို့သော် တစ်ချို့နေရာတွေမှာ အောက်ခြေတွေမှာ အဟောင်းအတိုင်း မပြင်နိုင်သေးတာတွေ ရှိနေတယ်။ ဒါက ကျွန်တော်တို့ဘက်က အပြုသဘောနဲ့ ပြန်ပြီးတော့ အသိပေးတဲ့ သဘောပါ။ နောက်တစ်ခါ သမ္မတကြီးက ပြောတယ်။ အပြန်အလှန် နားလည်ယုံကြည်မှု၊ တန်းတူညီတူရှိမှုနဲ့ ဖွံ့ဖြိုးရေးဆီကို သွားရအောင်လို့ ပြောထားတယ်။ ဒီစကားတွေဟာ အင်မတန် ကျက်သရေမင်္ဂလာရှိတဲ့ စကားပါ။ ကျွန်တော်တို့ကိုယ်တိုင် သမ္မတတစ်ယောက်အနေနဲ့ ပြောမယ် ဆိုရင်တောင် ရေးမယ်ဆိုရင်တောင် ဒီထက်သာတဲ့ မိန့်ခွန်းမျိုးရေးဖို့ အင်မတန်ခက်ပါတယ်။ သို့သော် တစ်ခု ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ကြည့်ပါတယ်။ အပြောနဲ့ မပြီးဘူးဆိုတဲ့ သတိပေးစကားမျိုး ကျွန်တော်တို့ ရပါတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း လက်တွေ့ကျတာကိုပဲ တန်ဖိုးထားပါတယ်။ လက်တွေ့နဲ့ တိုင်းတာရမယ့် ပေတံတွေရှိပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ သမ္မတ အဆက်ဆက်ပေါင်းများစွာ ပြောဆိုတွေးလာတဲ့ မိန့်ခွန်းတွေမှာ ဒီတစ်ခါ ဒီသမ္မတပြောတဲ့ မိန့်ခွန်းကတော့ ပြည်သူလူထုအပေါ်မှာ ကျိုးကျိုးနွံနွံ အရှိဆုံး နောက်ပြီးတော့ အနာဂတ်ကို မျှော်တတ်တဲ့ အနာဂတ်ကို ကြည့်တတ်တဲ့ ဥာဏ်အမြော်အမြင်ရှိမှုတွေ ပါဝင်နေတယ်ဆိုတာတော့ မလွဲမသွေ လက်ခံရမှာပါ။

တစ်ခါ သမ္မတကြီး ပြောသွားတာ ရှိပါတယ်။ ဒါဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်နဲ့မှ မဟုတ်ဘူး၊ ဖိအားပေးချက်နဲ့မှ မဟုတ်ဘူးဆိုတဲ့ စကားကိုလည်း ကျွန်တော် သေသေချာချာ နားထောင်ထားပါတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့ အမျိုးသားချင်း၊ ကျွန်တော်တို့ အမြော်အမြင်နဲ့ လက်တွဲကြတာ အကောင်းဆုံးပါ။ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ ဖိအား ခြိမ်းခြောက်မှုမှ မပါဘဲနဲ့ ကိုယ့်စိတ်နဲ့ကိုယ် လက်ကမ်းကြတယ်၊ လက်တွဲကြတယ်ဆိုတာ ကျွန်တော်တို့ ပိုပြီးတော့တောင် ကြိုက်ပါတယ်။ အဲလိုပဲ အင်အားကြီး နိုင်ငံတစ်ခုက ဖြစ်စေ၊ အိမ်နီးချင်း အင်အားစုက ဖြစ်စေ ဖိအားပေးမှုကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ရှိရမယ်ဆိုရင်လည်း ကျွန်တော်တို့ က ကျွန်တော်တို့တိုင်းပြည်မှာ တာဝန်ယူနေရတဲ့ အဖွဲ့အစည်းတွေ အထူးသဖြင့် သမ္မတလို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း တွေကို ကျွန်တော်တို့က အားပေးချင်တာပါ။ ဘယ် အင်အားကြီး နိုင်ငံဖြစ်ဖြစ်၊ ဘယ် အိမ်နီးချင်းနိုင်ငံဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူ ပြည်သား တွေ ညီညွတ်ဖို့ပဲ လိုပါတယ်။ စိုးရိမ်ကြောင့်ကြမှုတွေ ရှိစရာမလိုဘူးဆိုတဲ့ သတင်းစကားကို ကျွန်တော် တစ်ခါတည်း ပေးချင်တယ်။ နောက်ကျန်ပါတယ်။ သမ္မတကြီး ပြောတဲ့အထဲမှာ နောင် အစိုးရ အဆက်ဆက်အထိ ကောင်းမွေ ဆိုးမွေ တွေကို ခံစားကြရမယ်ဆိုတာ။ ဒါ အမြော်အမြင်ရှိတဲ့ စကားပါ။ အခုနောက်ပိုင်းမှာ ဒီလိုစကားတွေ ပြောလာတဲ့အတွက် ကျွန်တော်တို့ အားရပါတယ်။ နောက် တည်ငြိမ်မှုနဲ့ ညီညွတ်ခြင်းက အရေးကြီးတယ်လို့ ပြောထားပါတယ်။ အဲဒီတော့ တည်ငြိမ်ရေးဆိုတဲ့ နေရာမှာ ကျွန်တော် နားလည်ထားတာက အရင်အစိုးရ အဆက်ဆက်က ပြောတဲ့ တည်ငြိမ်ရေးဆိုတာနဲ့ ကျွန်တော်တို့ နားလည်ထားတဲ့ တည်ငြိမ်ရေးဆိုတာကတော့ ကွာခဲ့ပါတယ်။

ပြည်သူတွေရဲ့ သဘောထားတွေ၊ ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်နည်းနဲ့မှ ဖော်ထုတ်ခွင့်မရဘဲနဲ့ ဖိနှိပ်မှုကြောင့် ပိပြားနေရတဲ့ ဘ၀ကို အရင်အစိုးရအဆက်ဆက်က အဲတာ တည်ငြိမ်ရေးလို့ သုံးခဲ့တာပါ။ ကျွန်တော်တို့ သုံးချင်တဲ့ တည်ငြိမ်ရေးဆိုတာက နိုင်ငံသားတွေဟာ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ဆိုတာကို သုံးစွဲခွင့်က တစ်ပြိုင်နက်တည်းမှာ ရှိနေသလို သူတစ်ပါးရဲ့ အခွင့်အရေးကို မထိခိုက်စေဘဲနဲ့ ငြိမ်းချမ်းစွာဆောင်ရွက်တဲ့ လုပ်ငန်းတွေပဲ ဖြစ်ရမယ်ဆိုတာလည်း တစ်ပိုင်းက ရှိနေပါတယ်။

တာဝန်ယူမှုနဲ့ အခွင့်အရေးယူမှု၊ အခွင့်အရေး ရပိုင်ခွင့်ကို တွဲထားပါတယ်။ အဲဒီတော့ လွတ်လပ်စွာဖော်ထုတ်ကြတဲ့ အခမ်းအနား တွေရှိရင် လမ်းပိတ်ဆို့သွား တာမျိုး မဖြစ်အောင်၊ ကျွန်တော်တို့ဘက်က ရုန်းရင်းဆန်ခတ်မှု မဖြစ်အောင်၊ အပျက်အစီး အထိအခိုက် မရှိအောင်၊ ကျွန်တော်တို့ လုပ်သမျှ ပွဲလမ်းတွေဟာ ကျွန်တော်တို့ရဲ့ အခမ်းအနားတွေ လှုပ်ရှားမှုတိုင်းဟာ ပြီးသွားရင် စနစ်တကျနဲ့ ပြန်ပြီး သိမ်းဆည်းသွားတာမျိုးဖြစ်အောင်၊ နောက်တစ်ခုက အခြေအနေအရပ်ရပ်ကြောင့် မည်သူ့ကိုမှ ခြိမ်းခြောက်တဲ့ ပွဲမျိုးမဖြစ်အောင် ကျွန်တော်တို့ဘက်က တာဝန်ယူနိုင်ပါတယ်။ အဲဒီတော့ တည်ငြိမ်ရေးဆိုတဲ့ နေရာမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုလည်း မထိခိုက်စေဘဲ ပိုင်ပိုင်နိုင်နိုင် သုံးစွဲခွင့်ရတဲ့ တည်ငြိမ်ရေးမျိုးကို ကြိုဆိုတယ်လို့ ကျွန်တော် နားလည်ပါတယ်။ နောက်တစ်ခုက ပြည်သူ လူထုရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာကို ၀န်ခံတာကို အသိအမှတ်ပြုရမှာပါ။ အဲဒီလို အခန်းကဏ္ဍတွေ အသိအမှတ်ပြုဖို့ ကျွန်တော်တို့ ကြိမ်ဖန်များစွာလည်း တိုက်တွန်းခဲ့ပါတယ်။

စိန်ခေါ်မှုတွေ သံသယတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ၀န်ခံထားပါတယ်။ ကျွန်တော်တို့က အဲဒီလို ရိုးရိုသားသား ၀န်ခံတာမျိုးဆိုရင် ကျွန်တော်တို့ ပူးပေါင်းပြီးတော့ အားပေးချင်ပါတယ်။ စိန်ခေါ်မှုတွေ သံသယတွေရှိနေရင် ကျွန်တော်တို့ပါ ၀ိုင်းပြီးတော့ ဖြေရှင်း ပေးကြမယ်။ ပြည်သူလူထုကို မိဘပြည်သူခေါ်ပြီးတော့ လက်ကမ်းတာမျိုးက မိဘပြည်သူတွေ ရင်ထဲမှာလည်း တော်တော် ကျေကျေနပ်နပ် ခံစားရတယ်ဆိုတာ ကျွန်တော် လေ့လာစုံးစမ်းပြီးပါပြီ။ နောက်တစ်ခုက မျိုးဆက်အသစ် မျိုးဆက်အဟောင်းတွေ ပေါင်းပြီးတော့ နောက်ကြောင်း မလှည့်ကြည့်စတမ်း နောက်တစ်ခါ အားလုံးအတွက် သူက အင်္ဂလိပ်လိုပါ စကားလုံးသုံးထားတာပါ Common Ground ဆိုတာကို၊ အားလုံး သဘောတူညီတဲ့ အချက်အလက်တွေရှာပြီးတော့ လက်တွဲကြမယ်ဆိုတာ အဲတာတွေအားလုံး ဟာ ကမ်းလာတဲ့လက်ကို ကျွန်တော်တို့ တနွေးတထွေး ပြန်ပြီးတော့ ကြိုဆိုမှာပါ။ ဒါက အားလုံး ပူးပေါင်းပါဝင်မှုဆိုတဲ့ အပိုင်းကို ပြောတာပါ။

1 comment :

KKK said...

Do you think Thein Sein's speech is more genuine and reliable than Daw Aung San Suu Kyi? These guys are lying. We cannot trust them. We want to see more actions than fancy words.