Friday 27 April 2012

စီးပွားရေး ထိပ်သီးများ အရောင်ပြောင်းချိန် ( ၁)


အရှေ့တောင်အာရှရဲ့အဆင်းရဲဆုံးမြို့တွေထဲက တမြို့ဖြစ်တဲ့ ရန်ကုန်မှာ ဂန္ထဝင်သစ်ပုံစံနဲ့ ဆောက်ထားတဲ့ အပျံစားတိုက်ကြီးနဲ့ လမ်ဘိုဂီနီ အဝါရောင်ပြိုင်ကားကို အိမ်ရှေ့ထိုးထားပြီး အပြတ်သားနားနေသူကတော့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပါပဲ။
၂၀၁၁ ခု အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း ဗိုလ်စွဲလို့ အောင်ပွဲခံနေတဲ့ ဦးတေဇ (ဓာတ်ပုံ - Reuters)
 
သူဟာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ စစ်အစိုးရဟောင်းရဲ့ ထိပ်ဆုံးအပေါင်းအပါတွေထဲက တယောက်ပါ။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သူ့ကို “လက်မရွံ့နောက်လိုက်နဲ့ လက်နက်ပွဲစား” လို့ တံဆိပ်ကပ်ပြီး သူပိုင်ဆိုင်ရာတွေကို ထိန်းချုပ်ဖို့ ဒဏ်ခတ်အရေးယူမှုတွေလုပ်၊ ပြီးတော့ သူ့မိသားစုရဲ့ ကမ္ဘာအနှံ့မြို့ကြီးတွေ ဆီ ခရီးသွားခွင့်ကိုလည်း ပိတ်ဆို့ခဲ့ပါတယ်။
အခုတော့ တိုင်းပြည်က စတင်ပွင့်လင်းလာနေတာမို့ ဦးတေဇတယောက် မျက်နှာသစ်တန်းတွေ ကို နေရာပေးပွဲထုတ်ပြီး မြန်မာ့စီးပွားရေး ထိပ်သီးတွေရဲ့ ပုံစံပြောင်းချိန်ကို ဦးဆောင်လမ်းပြလို့နေပါတယ်။ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ သန်းကြွယ်သူဌေးကြီးဟာ သူ့စီးပွားရေးလုပ်ငန်းတွေကို အပြည့်အဝ အာရုံ မစိုက်တော့ဘဲ ပရဟိတလုပ်ငန်းတွေမှာ ပိုစိတ်အားထက်သန်လာတယ်လို့ သူ့သားက ပြောပြပါတယ်။
“အဖေက အရင်လို မဟုတ်တော့ဘူး။ အစစအရာရာ ပြောင်းသွားပြီ” လို့ အသက် ၂၅ နှစ် အရွယ် ပြည့်ဖြိုးတေဇ က သူ့အဖေ လွန်ခဲ့တဲ့ ၂ နှစ်က ဝယ်ခဲ့တဲ့ ကန်တော်ကြီးဟိုတယ်မှာ ၂ နာရီကြာ ညစာ စားတုန်း ပြောခဲ့ပါတယ်။  “သူက ဖောင်ဒေးရှင်း အလုပ်တွေပဲ လုပ်နေတယ်။ လူ့အသိုင်းအဝိုင်း ကောင်းကျိုး သူလုပ်နိုင်တာတွေကို ပိုပြီး လုပ်နေတယ်။ ပြီးတော့ လောဘလည်း နည်းသွားတယ်” တဲ့။
မြန်မာ့စီးပွားရေးထိပ်သီး မိသားစုဝင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့သမျှထဲမှာ တွေ့ရတာကတော့ သူတို့ရဲ့ ရုပ်ပုံလွှာကို အသစ်တည်ဆောက်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတာနဲ့ လူဦးရေ သန်း ၆၀ ရှိပြီး သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းပြည်စီးပွားရေးကို သူတို့ဘယ်လို ဆက်လက် ချုပ်ကိုင်သွားမယ် ဆိုတာတွေပါပဲ။
သူတို့တွေထဲမှာ တချို့က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်ဆောင်ရွက်ပြီး ကုသိုလ်ဖြစ် အလှူအတန်းတွေကို အားပေးကူညီနေကြတဲ့အပြင် နိုင်ငံထဲရောက်လာနေကြတဲ့ နိုင်ငံစုံက ကုမ္ပဏီထိပ်တန်း အရာရှိတွေနဲ့လည်း ရှုပ်ယှက်ခတ်လောက်အောင်ကို နေ့စဉ်တွေ့နေကြပါတယ်။
အတော်များများကတော့ နိုင်ငံတော်က မျက်နှာသာပေးမှု၊ ဒဏ်ခတ်အရေးယူမှုတွေ အဆုံးသတ် သွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံခြား ကုန်အမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်မှုအသစ် စတာတွေအပေါ် အမှီပြုရတဲ့ ကိုးရိုးကားရား စီးပွားရေးအင်ပါယာတွေကို ပြန်လည် မွမ်းမံပြင်ဆင်နေကြပါတယ်။ တချို့တွေဆိုရင် အရင်စစ်အစိုးရ လက်ထက်မှာ မျက်နှာသာပေးခံရလို့ တပြုံတမ ရထားတဲ့ ကန်ထရိုက်တွေ ထဲက အရှုံးပေါ်နေတာတွေကို ပြန်ရောင်းထုတ်နေကြပါတယ်။ ပြန်ရောင်း ထုတ်တာတွေ ထဲမှာ ကျောက်စိမ်း တူးဖော်ရေး၊ သစ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်း တွေတောင် ပါပါတယ်။
အဲ့ဒီလို လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နေကြချိန်မှာ အားလုံးဟာ သူတို့သားသမီးတွေကို သူတို့ရဲ့ကွင်းထဲ ခေါ်သွင်းလာနေကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေ  ပေါင်းစပ်မှုအပြင် ဆွေစပ်မျိုးစပ်ပြီး ခိုင်မာစေတဲ့ အထက်တန်းလွှာ ဒုတိယမျိုးဆက်ကို မွေးဖွားနေကြပါတယ်။ အဲဒါကြောင့်ပဲ ဒဏ်ခတ် အရေးယူမှုတွေ ရုတ်သိမ်းလိုက်ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စီးပွားရေးမဟာမိတ်တွေ ဒီ့ထက် ပိုမချမ်းသာ သွားရအောင် ဘယ်လိုလုပ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂတွေ ကြားမှာ အငြင်းပွားနေကြတာပေါ့။
မြန်မာ့ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တွေဟာ အနောက်နိုင်ငံတွေအတွက် မချစ်သော်လည်း အောင့်ကာနမ်း ဆိုတာမျိုး ဖြစ်စေပါတယ်။ တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို ထိန်းထားနိုင်ဖို့နဲ့ အာရှလမ်းဆုံက ဒီနိုင်ငံအပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကို တန်ပြန်ဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတွေ အနေနဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပြည်တွင်း စက်မှုလုပ်ငန်းရှင်တွေကို ထွေးပွေ့ ရပါလိမ့်မယ်။ ဒါပေမယ့် တကယ်လို့ အစိုးရက ဖိနှိပ်မှုတွေ ပြန်လုပ်လာရင် ဒါမှမဟုတ် ရေပေါ်ဆီ လူတန်းစားကပဲ တိုင်းပြည် ရဲ့ သယံဇာတ အရင်းအမြစ်တွေကို ဆက်ထိန်းချုပ်ထားမယ် ဆိုရင်တော့ ဒီလိုအသိအမှတ်ပြုတာနဲ့ ကုန်သွယ်ရေးအရ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းတာတွေဟာ ဆန့်ကျင်ဘက်ရလဒ်တွေ ရလာနိုင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားအမည်ခံ အစိုးရကို အာဏာလွှဲပေးတဲ့ မနှစ်ကစလို့ မြန်မာနိုင်ငံဟာ စတင် ပွင့်လင်းလာတာပါ။ ဒီလမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာမို့ အဲဒီပွင့်လင်းမှုတွေ ပိုပြီးတိုးတက်မှုရှိလာပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်အပါအဝင် တချို့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်အစိုးရက ဆိုခဲ့တာပါ။
ဒါပေမယ့် အဲဒီလို ကြေညာတဲ့အခါမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောင်းလဲမှုတွေရဲ့ “ဆန့်ကျင်ဖက်မှာ ရှိနေသေးတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အင်စတီကျူးရှင်းတွေအပေါ်မှာ” တော့ ဒဏ်ခတ်အရေးယူ မှုတွေ၊ ပိတ်ပင်တားမြစ်မှုတွေ ဆက်ရှိနေဦးမယ်လို့ ပြောခဲ့ပါတယ်။
မိသားစု အစု ၂၀ တောင် မရှိတဲ့ စစ်အစိုးရအပေါင်းအပါ ငွေရှင်ကြေးရှင်တွေဟာ ၁၉၉၂ ကနေ ပြီးခဲ့တဲ့နှစ် အထိ နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကူအညီနဲ့ ချမ်းသာကြွယ်ဝ လာခဲ့ကြ တာပါ။ သူဦးဆောင်တဲ့ စစ်အစိုးရဟာ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိန်းကျင့်မှုနဲ့ အဓမ္မလုပ် အားပေး စေခိုင်းမှုအပါအဝင် ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဟားဗတ်ဥပဒေကျောင်း (Harvard Law School) က နိုင်ငံတကာလူအခွင့်အရေးဌာန (International Human Rights Clinic) ရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာခရီးစဉ်မှာလည်း ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းတဲ့အကျိုးကျေးဇူးကို “လူအနည်းငယ်ဆီ မဟုတ်ဘဲ ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်စေဖို့” နိုင်ငံထဲမှာ စီးပွားရေးနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ လုပ်ပါလို့ ဟီလာရီကလင်တန်က တောင်းဆိုခဲ့ပါသေးတယ်။
အပြောကတော့ လွယ်ပါတယ်။ ဒါပေမယ့် ဟီလာရီ ကိုယ်တိုင်တောင်မှ အဲဒီလူတွေတည်ခဲ့တဲ့ မြို့တော် နေပြည်တော် က သင်္ဂဟဟိုတယ်မှာ တည်းခဲ့သေးတာပဲ။
အိန္ဒိယနဲ့ တရုတ်နိုင်ငံ တွေကြားမှာ တည်ရှိပြီး မဟာဗျူဟာမြောက် ဆိပ်ကမ်းတွေ၊ အသုံးမပြုရသေး တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ကြွယ်ဝတဲ့၊ ရုတ်ခြည်းတိုးတက်လာနေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိနေကြတဲ့ အနောက်နိုင်ငံသား အမှုဆောင်အရာရှိတွေအတွက်တော့ စစ်အာဏာရှင်ဟောင်း လက်ထက်က အရေးပါခဲ့တဲ့ စီးပွားရေးသမားတွေဟာ အခုအချိန်မှာ မဖြစ်မနေ ဆက်သွယ်ဆောင်ရွက် ရမယ့်သူတွေ ဖြစ်နေပါတော့တယ်။
“ထိပ်ဆုံးကလူ”
လူသိအများဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေထဲ ထိပ်ဆုံးကလူက ဦးတေဇပါ။ သူက ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ တခြားဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေကို သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ နေရာပေးပြီး မျက်နှသာ ရခဲ့တယ်လို့ သံတမန်တွေက ပြောပါတယ်။ အဲဒီလိုနေရာပေးတာဟာ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ အိမ်ခြံမြေ၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရေနံနဲ့ ဓာတ်ဆီဆိုင်တွေ စတဲ့ အကျိုးအမြတ်ကောင်းတဲ့ ကဏ္ဍတွေအတွက် ကန်ထရိုက်တွေ၊ သွင်းကုန်လိုင်စင်တွေ ရချင်လို့လို့လည်း သူတို့က ဆိုပါတယ်။
သူဟာ ဒဏ်ခတ်အရေးယူမှုတွေ ကြားကနေ သူ့ကိုယ်သူ ပိုချမ်းသာအောင် လုပ်နိုင်ခဲ့သလို ဗိုလ်ချုပ်ကြီးတွေ ကိုလည်း ပိုကြံ့ခိုင်လာအောင် လုပ်ခဲ့တယ်လို့ ပြောနိုင်ခဲ့သူပါ။ အမေရိကန်အစိုးရက သူ့ကို “စစ်အစိုးရရဲ့ ထိပ်ဆုံးက အပေါင်းအပါ” လို့ ခေါ်ပါတယ်။ ဒါပေမယ့် သူ့သားအကြီးကတော့ ဒဏ်ခတ် အရေးယူ မှုတွေအောက်မှာ သူ့မိသားစုလည်း ဒုက္ခရောက်ခဲ့ရတယ်လို့ ပြောပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ စစ်တပ်က သံဃာတော်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အကြမ်းဖက် နှိမ်နင်းတဲ့အချိန်မှာ ဦးတေဇနဲ့ သူ့မိသားစုကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်း ခဲ့ပြီး ပိုတင်းကျပ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ စစ်အစိုးရအတွင်းပိုင်းနဲ့ အချိတ်အဆက်ရှိတယ် ဆိုပြီး သူ့ကို အခုလို အရေးယူခဲ့တာပါ။
အဲဒီလို အရေးယူတာနဲ့ မရှေးမနှောင်းမှာပဲ ဦးတေဇရဲ့သားငယ် ထက်တေဇ ရေးတယ်ဆိုတဲ့ အီးမေးလ် တစောင် အင်တာနက်ပေါ်မှာ ပျံ့သွားခဲ့ပါတယ်။ စာထဲမှာ ဒဏ်ခတ်အရေးယူမှုတွေကို ဟာသလုပ်ထားပြီး ဆန္ဒပြပွဲမှာ ပါဝင်သူတွေကိုလည်း သရော်ထားတာမို့ လူထုရဲ့မနာလိုမှုနဲ့ ဒေါသတွေက သူ့မိသားစုအပေါ် ပုံခဲ့ပါတယ်။
ထက်တေဇက အဲဒီအချိန်မှာ အသက် ၁၄ နှစ်ပဲရှိပြီး စင်ကာပူမှာ ကျောင်းတက်နေတာပါ။ အစ်ကိုဖြစ်သူ ပြည့်ဖြိုးတေဇကတော့ သူ့မိသားစုက အဲဒီအီးမေးလ်ရဲ့ဇစ်မြစ်ကို စစ်ကြည့်တဲ့အခါ အတုဖြစ်နေမှန်း တွေ့ရတယ်လို့ ဆိုပါတယ်။ “ကျနော့်ညီရေးခဲ့တာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
အမေရိကန် သံတမန်တွေကလည်း အဲဒီအီးမေးလ်က အတုဖြစ်တယ်ဆိုတာကို သဘောတူကြပေမယ့် ထက်တေဇအပေါ် စာနာစိတ်နည်းနည်းပဲ ထားကြပါတယ်။ “ဦးတေဇသားရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဆီမီးအော်တို လက်နက်တွေနဲ့ ဖာရာရီ ကားပေါ်ထိုင်နေတဲ့ သူ့ပုံတွေ တင်ထားတယ်” လို့ ဝီကိလိခ်က ပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ကြေးနန်းတစောင်ထဲမှာ ဖော်ပြထားပါတယ်။
ဒဏ်ခတ်အရေးယူမှုတွေက သူ လန်ဒန်နဲ့ ဆစ်ဒနီမှာကျောင်းတက်နိုင်မယ့် အခွင့်အလမ်းကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့တာမို့  ၂၀၀၃ ခုနှစ်တုန်းက စိတ်ကျရောဂါ ခံစားခဲ့ရတယ်လို့လည်း ပြည့်ဖြိုးတေဇက ဆိုပါသေးတယ်။ သူက “ကျနော်ဗီဇာ လျှောက်ခွင့်တောင် မရှိဘူးလို့ သူတို့က ပြောတယ်။ ဘယ်မှာလဲ ကျနော့်လူ့အခွင့် အရေး” တဲ့။
ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အဖေကြောင့် သူ့ကို အပြစ်မပေးသင့်ဘူးဆိုပြီး ပြည့်ဖြိုးတေဇက ဥရောပသမဂ္ဂ ဗဟိုတရားရုံးတခုဆီ အယူခံတင်ခဲ့ပါတယ်။ ငွေကုန်ကြေးကျများလှတဲ့ ၄ နှစ်ကြာ တရားရင်ဆိုင်မှု အပြီး မှာတော့ ဥရောပသမဂ္ဂရဲ့ တရားခုံရုံး (Court of Justice) က သူ့တင်ပြချက်ကို မတ်လ ၁၃ ရက်နေ့မှာ သဘောတူလက်ခံခဲ့ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားခြင်း ၂၀၀၈ စည်းမျဉ်းဟာလည်း ပျက်ပြယ်သွားခဲ့ပါပြီ။ သူ့အပေါ်ရှိနေတဲ့ ခရီးသွားခွင့် ပိတ်ပင်မှုကို ရုတ်သိမ်းဖို့ လွယ်ကူစေလိမ့်မယ်လို့လည်း သူ မျှော်လင့်နေပါတယ်။
အခုအခါ ၃ နှစ်သား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ အသင်း ၁၄ သင်းထဲက သူ့အဖေပိုင် ရန်ကုန် ယူနိုက်တက် မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေရပြီမို့ သူ့မှာ မိသားစုစီးပွားရေးကို ဝိုင်းကူရမယ်ဆိုတဲ့ ဖိအားတွေရှိနေတယ်လို့ ပြည့်ဖြိုးတေဇက ဆိုပါတယ်။
သူ့အဖေမှာ ကျောက်ကပ် ထိခိုက်နေတာရယ်၊ ပြီးတော့ မနှစ်က ကချင်ပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျလို့  နှင်းကိုက်တဲ့နေရာတွေမှာ ဒဏ်ဖြစ်နေတာရယ် အပါအဝင် ကျန်းမာရေးပြဿနာတွေ ရှိနေတယ်လို့လည်း သူက ဆိုပါသေးတယ်။ ဦးတေဇနဲ့ တခြားလူ ၅ ယောက်ဟာ ရဟတ်ယာဉ် ပျက်ပြီးတဲ့နောက် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာခင်အထိ အမြင့်ပေ ၁၂၀၀၀ ရှိ တဲ့ တောင်ပေါ် မှာ ကျောက်တုံးနဲ့ နှင်းပုံတွေကို အကာအကွယ်ယူရင်း ၃ ရက်ကြာ နေခဲ့ရတာပါ။
“ကျနော့ဘဝမှာ အဆိုးဆုံး ၃ ရက်ပါ” လို့ ပြည့်ဖြိုးတေဇက ပြောပါတယ်။ “အဲ့ဒီအချိန်တွေက အဖေ့ကို လည်း ပြောင်းလဲစေခဲ့တာပဲ” လို့ သူက ဆိုပါသေးတယ်။
“အဖေက သူ ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ဒေသမှာ အလှူထည့်တာတွေ အတော်များများလုပ်ပြီး သူ့ဖောင်ဒေးရှင်း နဲ့ အတူ အလုပ်တွေ အများကြီးလုပ်နေတယ်။ တခြားဘာမှ မလုပ်ဘူး။ မန်နေးဂျင်း ဒါရိုက်တာကို တာဝန်တွေပေးတယ်။ ပြီးတော့ အိမ်မှာနေပြီး စာအုပ်တွေဖတ်တယ်။ သူ့အချိန်တွေကို ဒီအပေါ်မှာပဲ အာရုံထားတယ်” တဲ့။
“မိတ်ဆွေဖွဲ့သူ”
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တချို့ကတော့ သူတို့ရဲ့ပုံရိပ်ကို ကောင်းအောင်လုပ်တာထက် ပိုပါတယ်။ သူတို့က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီး တခုလုံးကို ပြန်လည်ပြင်ဆင်မွမ်းမံနေကြတာပါ။
အဲဒီလုပ်ငန်းရှင်တွေထဲမှာ ဦးဇော်ဇော်ထက် ပိုသြဇာကြီးတာဆိုလို့ အနည်းငယ်ပဲရှိမှာပါ။ သူက သစ်၊ ကျောက်မျက် ရတနာနဲ့ ရာဘာစိုက်ပျိုးရေးကနေ ဆောက်လုပ်ရေးနဲ့ ဇိမ်ခံအပန်းဖြေနေရာတွေအထိ ပိုင်တဲ့အပြင် အကျိုးအမြတ်များပြီး တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတဲ့ ကားတင်ပို့လုပ်ငန်းကိုလည်း လက်ဝါးကြီး အုပ်ထားပါသေးတယ်။ သူရဲ့ Max Myanmar Group ဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာ သန်း ၅၀၀ ရှိပါတယ်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ (လက်ရှိ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နဲ့ပါ) မိတ်ဆွေဖြစ်မှုက ဦးဇော်ဇော်ကို “အပေါင်းအပါ တယောက်” ဖြစ်စေခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ပြီးတော့ သူ့ကိုလည်း လွန်ခဲ့တဲ့ ၃ နှစ်က နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ ဝီကိလိခ်ကပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ၂၀၀၇ ခုနှစ် ကြေးနန်း တစောင်ထဲမှာတော့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေဆီက မျက်နှာရအောင် တက်တက်ကြွကြွ  ရှာဖွေခဲ့ရတဲ့အကြောင်း ဖော်ပြထားပါတယ်။
ဦးဇော်ဇော်ဟာ သူ့ရဲ့ဗျူဟာကို အမြဲရွှေ့နေတာပါ။ ဘဏ်လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေဟာ သူ့အတွက် ဦးစားပေးလုပ်ငန်းတွေ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းက သူ့ကို “သိပ် ခေါင်းကိုက်စေတယ်” လို့ ပြောပြန်တာမို့ အစိုးရအပေါင်းအပါတွေ ကြီးစိုးပြီး အစိုးရကပေးတဲ့ ကန်ထရိုက်တွေကြောင့် သူ့ကံကြမ္မာကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဒီလုပ်ငန်းကနေ ထွက်ပေါက်ရှာနေပုံလည်း ပေါ်ပါတယ်။
“လုပ်ငန်းအားလုံးကို ခင်ဗျားတယောက်တည်း မစီမံနိုင်ဘူးလေ” လို့ ရန်ကုန်က သူ့ရုံးမှာ တွေ့ဆုံမေးမြန်းတဲ့အချိန်တုန်းက သူ ပြောခဲ့ပါတယ်။ “ဘယ်လုပ်ငန်းကဖြင့် ရှေ့ရေးအတွက် ကောင်းမယ်၊ ဘယ်လုပ်ငန်းကတော့ဖြင့် နိုင်ငံခြားကုမ္ပဏီတွေနဲ့ တွဲလုပ်လို့ရမယ်ဆိုတာ ကြည့်ရမယ်” လို့လည်း သူက ဆိုပါသေးတယ်။
အဖြူရောင်ရှပ်အင်္ကျီကြွကြွကို မြန်မာ့ရိုးရာလုံချည်နဲ့ တွဲဝတ်ထားပြီး ဖော်ဖော်ရွေရွေရှိလှတဲ့ အသက် ၄၄ နှစ်အရွယ် ဦးဇော်ဇော်တယောက် မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ မကြာခင်ရုတ်သိမ်းဖို့ မျှော်လင့်နေပါတယ်။ ဥရောပက အရင်ရုပ်သိမ်း၊ ပြီးရင်တော့ အမေရိကန်ပြည်ထောင်စုပေါ့လို့ မျှော်လင့်နေတာပါ။ မြန်မာပြည်မှာ နိုင်ငံခြားခရီးသွားတွေ၊ သူများထက်အရင် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်အားထက်သန်နေသူတွေနဲ့ ပြည့်လျှံနေတာမို့ သူကလည်း သူ့ရဲ့ ဟိုတယ်လုပ်ငန်းကို “ပိုအားဖြည့်” ချင်နေတာကိုး။
အခုဆိုရင် ဦးဇော်ဇော်ဟာ လူဦးရေ ၅.၆ သန်းရှိပြီး  ဟောင်းနွမ်းယိုယွင်းနေပြီဖြစ်တဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ အခန်း ၄၀၀ ပါ ဟိုတယ်တခုကို တည်ဆောက်နေပါတယ်။ မြို့မှာရှိပြီးသား ဟိုတယ်ခန်း ၁၅၀၀ ကလည်း တည်းခိုမယ့် ဧည့်သည်အရေအတွက်နဲ့ မလောက်မငှ ဖြစ်နေတာ ကြာပါပြီ။ ဒီဟိုတယ်ကို လည်ပတ်ဖို့ အတွက် နိုင်ငံတကာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွေနဲ့ စကားပြောနေတယ်လို့ သူက ပြောပါတယ်။ “ကျနော် ခန့်ခွဲလို့ကတော့ စတား တပွင့်ပဲဖြစ်မယ်” လို့လည်း သူက ရယ်စရာ ပြောပါသေးတယ်။
ဒါပေမယ့် သူ့အိပ်မက်ကတော့ တည်ထောင်ခဲ့တာ ၂ နှစ်နီးပါးလောက်ပဲရှိသေးတဲ့ သူ့ရဲ့ ဧရာဝတီဘဏ်ကို နိုင်ငံတကာက သတိပြုမိတဲ့ အမှတ်တံဆိပ်တခု ဖြစ်လာအောင် တည်ဆောက်သွားဖို့ဖြစ်တယ်လို့ ဦးဇော်ဇော်က ဆိုပါတယ်။ မဟာမိတ်ဖွဲ့နိုင်ဖို့ အလားအလာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ နိုင်ငံခြားဘဏ်တွေက တာဝန်ရှိသူတွေ၊ တခြား နိုင်ငံခြားသားတွေနဲ့ သူ နေ့တိုင်းနီးပါး တွေ့ဆုံနေတယ်လို့လည်း ပြောပါတယ်။
အများက မကြာခဏ ပုံဖော်ကြသလို သူနဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်တွေဟာ အာဏာရှင်တွေရဲ့ လက်ပါးစေ ဟုတ်မဟုတ် မေးကြည့်တော့ ဦးဇော်ဇော်က ခေါင်းခါပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုမျက်နှာသာပေးတာဟာ သူရဲ့ အလုပ်အရည်အသွေးကို သဘောကျလို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “ကျနော်တို့ ဘယ်သောအခါကမှ တရားမဝင်တဲ့ အလုပ်တစုံတရာ မလုပ်ခဲ့ပါဘူး” တဲ့။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ရင်းနှီးမှုကိုလည်း အလုပ်အရသက်သက်ပဲ ဖြစ်တယ်လို့ ဦးဇော်ဇော်က ဆိုပါသေးတယ်။
“ကျနော်က ဘယ်သူနဲ့မဆို မိတ်ဆွေဖွဲ့နိုင်ပါတယ်” လို့ သူက ပြောပါတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း မိတ်ဆွေတွေက အချင်းချင်း မျက်နှာသာပေးကြတယ် ဆိုတာကို သူသဘောတူပါတယ်။
 တော်ဝင်ကုမုဒြာဟိုတယ် ကို နေပြည်တော်မှာ သူတည်ဆောက်တဲ့အခါ ငွေမရပေမယ့် အဲဒီအစား ဒေါ်လာ ၁ သိန်း ၈ သောင်းစီတန်တဲ့ ကားသွင်းခွင့်ပါမစ် ၁၀ ခု ရခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့သမိုင်းမှာ အကြီးမားဆုံး ပုဂ္ဂလိကပိုင်ပြုလုပ်မှုလို့ ပြောလို့ရတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က အစိုးရပိုင် လုပ်ငန်း ၃၀၀ ကို (အိမ်ခြံမြေလုပ်ငန်းကနေ ဓာတ်ဆီဆိုင်နဲ့ လေကြောင်းလိုင်းတွေအထိ) ပုဂ္ဂလိက လွှဲပြောင်းတဲ့အချိန်မှာလည်း ဦးဇော်ဇော်တယောက် ချီးမြှင့်ခံခဲ့ရပါသေးတယ်။ အာဏာရှင်ရဲ့ မဟာမိတ်တွေ ဆုကြီးပေါက်ကြပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ဘိလပ်မြေစက်ရုံအတွက် ပါမစ်တွေ ဦးဇော်ဇော် ရခဲ့ပါတယ်။ “အဲဒီ လုပ်ငန်း ၂ ခုအတွက် တကယ့်ကို ကျေးဇူးတယ်တယ်။ အစိုးရဟောင်းကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” လို့ သူက ဆိုပါတယ်။
၂၀၁၂ ခု ဇန်နဝါရီလ ၃၁ ရက်နေ့က ပုဂံခရီးစဉ်အသွား အဲပုဂံ လေယာဉ်ပေါ်ကဆင်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)

ဦးဇော်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်တွေကိုလည်း ချီးကျူးသူပါ။ ပြီးခဲ့တဲ့ ဘောလုံးပွဲတပွဲမှာ လာရောက် အားပေးဖို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ ဖိတ်ခဲ့ ပါ တယ်။ ဘောလုံးပွဲမှာလည်း သူတို့ ၂ ယောက် ဓာတ်ပုံအတူ တွဲရိုက်ခဲ့ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာမိတ်တချို့က ဒီမိုကရေစီခေါင်းဆောင်တော့ အဝယ်ခံလိုက်ရပြီ ဆိုပြီး ဒေါသူပုန်ထခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒီပုံရိပ်က မြန်မာပြည်ရဲ့ ပြောင်းလဲမှု အတိုင်းအတာ ကို လေးနက်စေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တပြည်လုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲဝင်ဖို့ ပြင်ဆင်နေပြီ ကိုး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် နဲ့ ဦးဇော်ဇော်ရဲ့ဆက်ဆံရေး ဒါမှမဟုတ် ဓနချင်းချိတ်ဆက်ထားကြတဲ့ တခြားစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆက်ဆံရေးအပေါ် ထင်မြင်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)
(Reuters သတင်းထောက် Jason Szep နှင့် Andrew R.C. Marshall တို့ ရန်ကုန်မှ ရေးသားပေး ပို့ပြီး အောင်လှထွန်းနှင့် Paul Eckert တို့ ဖြည့်စွက်၍ Michael Williams နှင့် Bill Tarrant တို့ တည်းဖြတ်သော An image makeover for Myanmar Inc ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

1 comment :

Anonymous said...

All the family and partners of Military Gangsters become
-Richer and richer
-Healthier and healthier
-Live longer and longer

BUT THE COUNTRY IS ALMOST GONE ALREADY.

Now the living standard of the country is badly going down deeper and deeper with great acceleration and momentum due to the 50 YEARS IMPACT of all the mistakes of WRONG POLITICAL SYSTEM and WRONG ECONOMIS SYSTEM set up by THE TEACHER,JUNTA,NAY WIN and still followed up by his new generation of Military Gangsters(totally without DEMOCRACY)

In other words,the "FIRE" (NAY WIN INGNITED IN 1962)is still BURNING OUR COUNTRY WITH GREAT ACCELERATION and MOMENTUM.

NOT ONLY THE COUNTRY IS DAMAGED but also the "MOROAL" of new generation of YOUNG MILITARY OFFICERS is DAMAGED.
(WHICH CAN NOT WASHED OUT to divert back to "GOOD MORAL" during next 10 years.)

ALL new generation of Military Officers and their PARTNERS are used to
-MISS-USE UP the MILLIONS OF
COUNTRY MONEYS
-CONDUCT UNCOUNTABLE CRIMINALS TO
THE CITIZENS