Thursday 26 April 2012

လွှတ်တော်တွင်းသွားနိုင်မယ့်အချိန်ကို ဖြေဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်ငြင်းဆို။

ဓါတ်ပုံ - ဘီဘီစီ
ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi တနာရီကြာတွေ့ဆုံမှုအပြီးသတင်းစာရှင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ BBC သတင်းထောက်ရဲ့အမေးကိုအောက်ပါအတိုင်းဖြေဆိုသွားခဲ့ကြောင်း BBC Facebook မှာဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၆ မနက်ပိုင်းက အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi နဲ့ တနာရီကြာ တွေ့ဆုံပြီးနောက် သတင်းထောက်တွေနဲ့ တွေ့ဆုံ ပြောကြားရာမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ NLD ပါတီ လွှတ်တော်တွင်း ၀င်ရောက်ရေး ကိစ္စဟာ နိုင်ငံရေး ချောက်ကျကိန်းလို့ ဆိုနိုင်တဲ့ နိုင်ငံရေး အကြပ်အတည်းမျိုး မဟုတ်ဘဲ နည်းနာပိုင်းဆိုင်ရာ ပြဿနာလို့ ဆိုရမယ့် ပြဿနာသေးသေးသာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ လွှတ်တော်တွင်း ဘယ်တော့လောက် သွားနိုင်မလဲလို့ ဘီဘီစီက မေးမြန်းတာကိုတော့ ဖြေဆိုဖို့ ငြင်းဆိုသွားပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်နေပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံ ဖြစ်ပေါ်လာရေးကို ပုံသွင်းလုပ်ဆောင်နေသူတဦး ဖြစ်တယ်လို့ ယုံကြည်တာမို့ လက်ရှိဖြစ်ပေါ်နေတဲ့ လွှတ်တော်တွင်း ၀င်ရောက်ရေး ပြဿနာဟာ အစိုးရနဲ့ ညှိနှိုင်းဖြေရှင်းနိုင်မယ့် ပြဿနာလို့ သူ ယုံကြည်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့အတူ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ဖို့ NLD က ကြိုးစားနေသလို လက်ရှိ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေဟာလည်း သိပ်မကြာခင်မှာပဲ ပြေလည်သွားနိုင်လိမ့်မယ်၊ NLD ဟာ ပြည်သူတွေအတွက် ပြီးခဲ့တဲ့ အနှစ် ၂၀ တွင်း ဆောင်ရွက်ခဲ့တဲ့ လွှတ်တော်ပြင်ပ လုပ်ငန်းတွေသာမက လွှတ်တော်တွင်း ၀င်ရောက်လို့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

No comments :