Sunday 8 April 2012

အစိုးရတာဝန်မယူနိုင်သော ချို့တဲ့လူနာများကို မန္တလေးဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကတာဝန်ယူ။

အထူးဆက်လက်ကုသရန် လိုအပ်သော လူနာများအား ဗြဟ္မစိုရ် ကုသိုလ်ဖြစ်အထူးကုဆေးခန်းသို့ လွှဲပို့နိုင်ကြပြီ

 

နေ့စဉ် မန္တလေးမြို့ပေါ်ရှိ ဆေးရုံတကာလှည့်လည်၍ မရှိနွမ်းပါး ဆင်းရဲသားလူနာများကို ဗြဟ္မစိုရ်အလှူရှင်များ၏ ထောက်ပံ့ငွေများပြန်လည်လှူဒါန်းနေသော ဆေးရုံတက်ဆင်းရဲလူနာများ၏ မျှော်လင့်ချက် မီးရှူးတန်ဆောင်ကြီး ဒေါက်တာ ဦးစိုးတင့် (ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ ဒုဥက္ကဌ)

မန္တလေးမြို့ပေါ်က ပရဟိတဆေးခန်းငယ်တစ်ခုဆီသို့ အလည်ရောက်ခိုက် လက်ကမ်းစာစောင်လေးတစ်ခုကို ယခုကဲ့သို့ တွေ့ရသည်။
" ပရဟိတအသင်းများမှ လွှဲပို့ OPD လူနာများကို ဗြဟ္မစိုရ်ကုသိုလ်ဖြစ် အထူးကုဆေးပေးခန်းက အထူးကုဆရာဝန်ကြီးများဖြင့် ဆက်လက်ကုသပေးမည့်သတင်းလွှာ " ဟူ၍။

မန္တလေးမြို့ပေါ်တွင် ဆင်းရဲချို့တဲ့လူနာအများစုမှာ အခမဲ့၊ ကုသိုလ်ဖြစ်ဆေးခန်းများကို အားပြုကာ ကုသမှုခံယူနေကြရသည်။ များသောအားဖြင့် အဆိုပါ ကုသိုလ်ဖြစ်ဆေးခန်းတိုင်းတွင် အထူးကုဆရာဝန်ကြီးများ ထိုင်ကြလေ့မရှိဘဲ ဆေးကျောင်းဆင်းခါစ ဆရာဝန်များ၊ ဆေးကျောင်းမှ ဘွဲ့ရပြီး အလုပ်မ၀င်သည့် ဆရာဝန်များ/ အလုပ်မရသည့် ဆရာဝန်များ၊ အလုပ်ဝင်ပြီး ပရဟိတဆေးခန်းအတွက် အချိန်ဖဲ့ပေးနိုင်သော လက်ထောက်ဆရာဝန်များ၏ အားဖြင့်သာ အဆိုပါ ကုသိုလ်ဖြစ်ဆေးခန်းများ လည်ပတ်ကြရလေ့ရှိသည်။ အချို့သောလူနာများသည် ရောဂါအခြေအနေအရ အထူးကုဆရာဝန်များနှင့် ဆက်လက်ကုသမှုခံယူရန် လိုအပ်လေ့ရှိရာ အခကြေးငွေယူဖွင့်လှစ်ထားသော ပြင်ပအထူးကုဆေးခန်းကြီးများတွင် ဆက်လက်ကုသမှုခံယူရန် လွှဲပို့ဖို့အရေးမှာ ဆင်းရဲချို့တဲ့လူနာများအဖို့ လေထဲလွင့်သွားသော ဆပ်ပြာပူပေါင်းလေးများသဖွယ်သာ ရှိနေရတော့သည်။

မန္တလေးမြို့ပေါ်တွင် "စရိတ်မျှပေး ကျန်းမာရေး" စနစ်ကို မဏ္ဍိုင်ပြုထားသော အစိုးရလက်အောက်ခံ (ယခင် ပြည်သူ့)ဆေးရုံကြီးများတွင်လည်း အထူးကုများမရှိသည် မဟုတ်/ ရှိပါသည်။ အဆိုပါ အစိုးရ အထူးကု/အထွေထွေရောဂါကုဆေးရုံကြီးများသို့လည်း လူနာများလွှဲပို့ကာ ကုသမှုခံယူရန် စေလွှတ်နိုင်ပါသည်။

ယခုအခါ ဗြဟ္မစိုရ် ကုသိုလ်ဖြစ်အထူးကုဆေးခန်းက အဆိုပါ အစိုးရ အထူးကု/အထွေထွေရောဂါကုဆေးရုံကြီးများ၏ မနိုင်မနင်းဖြစ်နေသော တာဝန်ကို မျှထမ်းလိုက်သည်ဟု ဆိုနိုင်ပါသည်။

" ပရဟိတအသင်းများမှ လွှဲပို့ OPD လူနာများကို ဗြဟ္မစိုရ်ကုသိုလ်ဖြစ် အထူးကုဆေးပေးခန်းက အထူးကုဆရာဝန်ကြီးများဖြင့် ဆက်လက်ကုသပေးမည့်သတင်းလွှာ " တွင် ဖော်ပြထားသည်တို့မှာ-

ရည်ရွယ်ချက်

၁။ ပရဟိတအသင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွင် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းက တစ်တပ်တစ်အား ပါဝန်ကူညီမှုပြုရန်
၂။ ပရဟိတအသင်းများ၏ ပြင်ပလူနာ ဆေးကုသမှုလုပ်ငန်းရပ်တွင် အထူးကုဆရာဝန်ကြီးများဖြင့် ပြသရန် လိုအပ်ချက်ကို လက်တွဲဖြည့်ဆည်းရန်
၃။ မန္တလေးမြို့တော် နယ်မြေတွင်းရှိ ဆင်းရဲနွမ်းပါး ပြည်သူများ၏ အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလိုမှု ဆန္ဒကို ဖြည့်ဆည်းပေးရန်

ဆောင်ရွက်ပေးမည့် လုပ်ငန်း

ပရဟိတအသင်းများက လွှဲပို့သည့် အထူးကုဆရာဝန်ကြီးများဖြင့် ပြသရန်လိုအပ်သော ပြင်ပလူနာများကို ကုသိုလ်ဖြစ် ကြည့်ရှုကုသပေးရန်နှင့် သက်ဆိုင်ရာ အသင်းသို့ ပြန်လည် လွှဲပြောင်းကုသစေရန်

ဆောင်ရွက်ပေးနေသည့် အထူးကု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းရပ် (၁၂)ရပ်

(၁) ဖျားနာ အထူးကု (စနေ/တနင်္ဂနွေ)
(၂) ကလေးအထူးကု (စနေ/တနင်္ဂနွေ/ဗုဒ္ဓဟူး)
(၃) သားဖွားမီးယပ် (စနေ/တနင်္ဂနွေ/ဗုဒ္ဓဟူး)
(၄) အရိုးအကြောအထူးကု (စနေ/တနင်္ဂနွေ/ဗုဒ္ဓဟူး)
(၅) မျက်စိအထူးကု ((စနေ/တနင်္ဂနွေ)
(၆) ခွဲစိတ်အထူးကု (ဗုဒ္ဓဟူး)
(၇) အဆုတ်/ရင်ခေါင်းအထူးကု (တနင်္ဂနွေ)
(၈) အရေပြားအထူးကု (ဗုဒ္ဓဟူး)
(၉) ဓာတ်မှန်/အာထရာဆောင်း (စနေ/တနင်္ဂနွေ)
(၁၀) ရောဂါရှာဖွေရေးအထူးကု (ဗုဒ္ဓဟူး)
(၁၁) သွားနှင့် ခံတွင်းရောဂါ (စနေ/တနင်္ဂနွေ)
(၁၁) နား/နှာခေါင်း/လည်ချောင်း (စနေ/တနင်္ဂနွေ)

ဆောင်ရွက်ပေးမည့် အချိန်

သက်ဆိုင်ရာ နေ့ရက်များတွင် နံနက် (၉)နာရီမှ (၁၁)နာရီအတွင်း လွှဲပို့နိုင်ပါသည်

ဆက်လက်ပြီး အဆိုပါ လက်ကမ်းစာစောင်တွင်
" မိမိနှစ်သက်သည့် အထူးကုဆရာဝန်ကြီးများနှင့် အောက်ပါ နေ့ရက်အတိုင်း လွှဲပို့နိုင်ပါသည် " ဆိုကာ အထူးကုဆရာဝန်ကြီးတစ်ဦးချင်းစီ၏ နာမည်နှင့် ၄င်းတို့ ဆေးခန်းထိုင်သည့် ရက်များကိုပါ ပူးတွဲဖော်ပြထားပါသည်။

အဆိုပါ လက်ကမ်းစာစောင်၌ပင် " မေတ္တာရပ်ခံချက် " အနေနှင့် ထည့်သွင်းဖော်ပြထားသည်မှာ-
၁။ ပူးတွဲပါ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ် အထူးကုဆေးပေးခန်း၏ (Referral Form) လွှဲပို့ပုံစံဖြင့်သာ လွှဲပို့ပေးပါရန်
၂။ သက်ဆိုင်ရာအသင်း၏ တာဝန်ခံဆရာဝန်/တာဝန်ကျသူနာပြုဆရာမကြီးများက လက်မှတ်ထိုးပို့ပေးပါရန်
၃။ လက်ရှိကာလတွင် ပြင်ပလူနာ အထူးကုသခြင်းလုပ်ငန်းရပ်သာ လက်ခံဆောင်ရွက်ပေးနိုင်သေးသည်ကို နားလည်ခွင့်လွှတ်ပေးပါရန်
ဟု ပါရှိပါသည်။

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ ကုသိုလ်ဖြစ်အထူးကုဆေးခန်း၊ မန္တလေးမြို့ သို့ ဆက်သွယ်လှူဒါန်းရန်ဖြစ်စေ၊ အထူးကုရန်လိုအပ်သော ဆင်းရဲလူနာများ လွှဲပို့နိုင်ရန်ဖြစ်စေ ဆက်သွယ်ရမည့်လိပ်စာမှာ-

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ ကုသိုလ်ဖြစ်အထူးကုဆေးခန်း
၆၂ လမ်း၊ ၃၄-၃၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း = ၀၂- ၃၉၁၄၃၊ ၀၂- ၆၆၄၀၀၊ ၀၉- ၉၁၀၀၁၁၀၀

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ အင်တာနက်လိပ်စာ
http://www.brahmaso.org
တွင် အသင်းအနေနှင့် နာရေးကူညီမှု၊ ကျန်းမာရေးကူညီမှု၊ သဘာဝဘေးအန္တရာယ်ကူညီမှု၊ ပညာရေး အစသဖြင့် အသင်းက ကူညီပေးသည့်လုပ်ငန်းများ၊ အသင်းကို လှူဒါန်းသူများအကြောင်းကို တင်ဆက်ထားသည်ကို တွေ့ရသည်။

အဆိုပါ အင်တာနက်လိပ်စာမှ " ၁၃ နှစ်ပြည့်ပြီ " ဟူသော ဖွဲ့စည်းပုံပါ အဆိုတစ်ခုအရ သိရှိရသည်မှာ-

*** ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း'ကို လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားအားပေးတော်မူကြသည့် ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူ၍ မြို့မိမြို့ဖလူကြီးများ ပါဝင်ဖွဲ့စည်းမှုဖြင့်(၁၉၉၈)ခု၊မေလ (၇) ရက်နေ့တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ရာ ၂၀၁၁-ခုနှစ်၊ မေလ (၇)ရက်နေ့တွင် (၁၃)နှစ် ပြည့်မြောက်ပြီဖြစ်သည်။

အသင်းစတင်တည်ထောင်ဖွဲ့စည်းစဉ်က လူမျိုးဘာသာမရွေး အားလုံး၏ နာရေးကူညီမှုလုပ်ငန်းအတွက် စတင်ဆောင်ရွက်ခဲ့သည်။ (၂၀၀၀)ပြည့်နှစ်၊ ဧပြီလမှစ၍အစိုးရပြည်သူ့ဆေးရုံများ၌ တက်ရောက် ကုသခံယူပြီး အကူအညီလိုအပ်နေသော အတွင်းလူနာများကို ဆေးဝါး ကူညီထောက်ပံ့ပေးသော ကျန်းမာရေးကူညီမှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၀၉ ခု၊သြဂုတ်လ(၂၂)ရက်က စတင်ပြီး ကုသိုလ်ဖြစ်ပြင်ပလူနာဆေးပေးခန်း၊ကျန်းမာရေး ကူညီမှုလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ပါသည်။***
ဟူ၍ ဖြစ်သည်။

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းသို့ CJMyanmar သတင်းထောက်တစ်ဦး ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးမှနေ၍
"ပရဟိတအသင်းများမှ လွှဲပို့ OPD လူနာများကို ဗြဟ္မစိုရ်ကုသိုလ်ဖြစ် အထူးကုဆေးပေးခန်းက အထူးကုဆရာဝန်ကြီးများဖြင့် ဆက်လက်ကုသပေးသည့်အစီအစဉ်ကို (၂၀.၁၁.၂၀၁၁)ရက်က ဗိသုကာလူမှုကူညီရေးအသင်း၌ "ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ကုသိုလ်ဖြစ် အထူးကုဆေးပေးခန်း၏ (Referral Form) လူနာလွှဲပို့ပုံစံ"များ စတင်ထားရှိကာ ယင်းအစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း"
ပြန်လည်ဖြေကြားပါသည်။

Nyo Gyi

www.facebook.com/cjmyanmar
www.cjmyanmar.com


1 comment :

အောင်ကြူး said...

လက်ရှိလုပ်နေတဲ့ ဆရာဝန်ငယ်များ၊ လက်သင်များအား အသိအမှတ်ပြုသောအားဖြင့် အကြောင်းပြချက်မှာ ပိုမိုအတွေ့အကြုံရှိသော ဆရာဝန်ကြီးများဖြင့်လို ရေးဖို့သင့်တယ်။ မရည်ရွယ်ဘဲနဲ့ အပြောမတတ်လို့ စေတနာကနေ ဝေဒနာ မဖြစ်စေချင်ဘူး။။ မြန်မာတွေ အသင်းအဖွဲ့နဲ့လုပ်တာ အချိန်ကြာလာတာနဲ့အမျှ ဒီထက်ပို ရင့်ကြက်နားလည် လာပါလိမ့်မယ်လို့ ယူဆရင်း အပြုသဘော မှတ်ချက်ရေးပါသည်။