Monday, 7 May 2012

အဖမ်းအဆီး များ ကို ရင်ဆိုင် အံတုခြင်း ( လူထု ဒေါ်အမာ )


by Ludu လူထုကြီးပွားရေး on Thursday, February 9, 2012 at 7:01pm
ဦးလှကို ထောင်ပြောင်း ခေါ်သွားတော့ ကျမက ထောင်ဝင်စာ ရန်ကုန် လိုက်မတွေ့နိုင်ဘူးပေါ့။ ကျမမှာ ကလေး (၅) ယောက်နဲ့ သတင်းစာက ရက်မပျက် ထွက်နိုင်အောင် လုပ်နေရသေးတယ်။ အဲဒီတုန်းက အခု သားအငယ်ဆုံးကောင် ငြိမ်းချမ်း (ညီပုလေး) က နို့စို့ ရှိသေးတာကလား။ စကားစပ်မိလို့ ပြောရဦးမယ်။ ဦးလှ (၃) နှစ်ကျော် ရန်ကုန်ထောင်ထဲမှာ အချုပ်အနှောင် ခံနေရပြီး ထောင်က လွတ်လာတော့ ကျမက ကလေးတွေ ခေါ်ပြီး လေယာဉ်ကွင်း သွားကြိုတယ်။ ဦးလှက သူ့ဖမ်းသွားတုန်းက (၂) နှစ်သား ရှိသေးတဲ့ အငယ်ဆုံးကောင် (၅) နှစ် (၆) နှစ်သားကို ကောက်ချီတော့ ဒီကောင်က သူ့အဖေကို မမှတ်မိလို့ အို့တို့အန်းတန်းနဲ့ ကြည့်နေတယ်။

 ဒါကြောင့် ကျမက ဒီကောင် ၁၉၉ဝ ပြည့်နှစ်က ထောင် (၁ဝ) နှစ် အချခံရတော သူ့ကို ပြောင်းချုပ်ထားတဲ့ သရက်ထောင်ကို သူရောက်တော့ သူ့ကလေး (၃) ယောက်စလုံး ခေါ်ခေါ်သွားပြီး သုံးလ တခါ၊ နှစ်လ တခါ သွားတွေ့ခဲ့တယ်။ သွားရတာက မိုင် (၃၅ဝ) လောက် ကားခရီး၊ သူ့သမီး နှစ်ယောက်စလုံးက ကားတောက်တတ်လို့ အောင်လံမှာ တညအိပ်ပြီးမှ အမူးပြေကြတယ်။ ကရိကထ များလိုက်ပုံများ မပြောပါနဲ့တော့။ ဒါပေမဲ့ အဖေ ထွက်လာရင် အဖေကလည်း မမှတ်မိ၊ ကလေးတွေကလည်း မမှတ်မိနဲ့၊ သူတို့ အဖေ ဖြစ်တုန်းက ဖြစ်တာမျိုး ဖြစ်မှာစိုးလို့ အားလုံး ခေါ်သွားတာပဲ။ အောင်လံက ပထစ အမတ်ဟောင်း ဦးသန်းမြင့်တို့ တိုက်မှာ တညအိပ်ပြီး နံနက်လင်း သရက်ကို မော်တော်နဲ့ ကူးတော့မှ ကလေး နှစ်ယောက်က အမူးပြေကြတယ်။

ကလေးတွေက သူတို့ အဖေကို မမှတ်မိဘူး ဆိုတဲ့ ရင်ထုမနာ အဖြစ်မျိုး ကြုံရမှာစိုးလို့ ဒုက္ခခံပြီး ခေါ်ခေါ်သွားတာလေ။
ပဉ္စမအကြိမ်ကတော့ ဦးလှအဖို့ မကြာလိုက်ပါဘူး၊ တော်ပါသေးတယ်၊ လူက နေမကောင်းဘဲနဲ့ ခေါ်သွားတာမို့။ တနေ့မှာ ဦးလှ သူသိပ်နေမကောင်းဘူး။ လူကလည်း မူးနောက်နောက်နောက်နဲ့ နေတယ်လို့ ပြောလို့ သမီး ဆရာဝန်ကို အခေါ်လွှတ်ပြီး နင့်အဖေ စမ်းသပ်ကြည့်စမ်း၊ နေမကောင်းဘူး ပြောတယ်လို့ ပြောတော့ သမီးက အစုံ စမ်းသပ်ပါတယ်။ ပြီးတော့ အဖေ ဆီးချိုထနေလို့ ဖြစ်တာ၊ အဖေ့ကို အင်ဆူလင် ထိုးပေးမှ ဖြစ်တော့မယ်လို့ ပြောပါတယ်။ ဦးလှမှာ ဆီးချိုရောဂါ ရှိပါတယ်။ ဒါပေမဲ့ အစားကို ဂရုစိုက်စားပြီး ဆေးမှန်မှန်သောက်တာနဲ့ပဲ သူ့သမီးက ဆီးချိုကို ထိန်းထားပေးပါတယ်။ အင်ဆူလင် နေ့တိုင်း ထိုးပေးရလောက်အောင် ဆိုးမလာပါဘူး။ အဲဒီနေ့က သူ့သမီးက တလလောက် အင်ဆူလင် နေ့တိုင်း ထိုးပေးဦးမယ်လို့ ပြောတော့ အင်ဆူလင် ထိုးရမယ် ဆိုတာက ဆီးချိုသမား အဖို့ နောက်ဆုံးအဆင့်၊ နေ့တိုင်း တနေ့ (၂) ကြိမ် ထိုးရမှာ၊ ကျမက စိတ်ဆင်းရဲလိုက်တာ။ အဲဒီလို သမီးက ပြောပြီး ပြန်သွားလို့မှ မကြာသေးဘူး၊ အိမ်ရှေ့မှာ ဧည့်သည်ရောက်တယ် ပြောလို့ ထွက်တွေ့တော့ သူရယ်၊ ကျမရယ်၊ သားဘိုညိုရယ် လိုက်ခဲ့ပါဦး ဆိုပြီး လာဖမ်းပြန်လို့ သားအမိ သားအဖ သုံးယောက်စလုံး လိုက်သွားကြရတာပါ။

အဲဒီနေ့က ၁၉၇၈ စက်တင်ဘာ (၂၂) ရက်နေ့ပါ။

အိမ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ ကျန်ရစ်ရှာတဲ့ သမီးပျို မတင်ဝင်းလေး အတွက်လည်း အမြဲသတိရပြီး စိတ်ဆင်းရဲမိ တယ်။ နို့ပေမယ့် ဘယ်သူကျန်ကျန် မကျန်ကျန် သူတို့ လာခေါ်ရင် လိုက်ရတာပဲ မဟုတ်လား။ ခေါ်သွားပြီး ကျမတို့ကို မန္တလေး အကျဉ်းထောင်ကြီးထဲ ထည့်ထားတာပါ။ သူတို့ သားအဖက တွဲဖက်ထောင်မှာတဲ့။ ကျမက အမျိုးသမီး တွဲဖက် ထောင်မှာပါ။ ကိုယ်အဖမ်းခံနေရတာထက် ဦးလှအတွက် ကျမမှာ ပူလိုက်ရတာ။ သူနေမကောင်းလို့ ဆေးနေ့တိုင်းထိုး ကုရမယ့်ဆဲဆဲကို သိနေတော့ ကိုယ့်အတွက်ထက် သူ့အတွက် ပူတာပေါ့။
ကျမမှာ ဦးလှ နေတိုင်း အင်ဆူလင် ထိုးရမယ်လို့ သမီးပြောပြတဲ့ အသံချည်း ကြားနေပြီး သူတို့က ဦးလှကို အင်ဆူလင် လည်း နေ့တိုင်း ထိုးပေးမှာ မဟုတ်ဘူး ဆိုပြီး စိတ်ဆင်းရဲရတာ နေ့တိုင်းပါ။ ဦးလှက (၂၈) ရက်နဲ့ အိမ်ပြန်ရောက်သွားပါ သတဲ့။ သားက (၇) လကျော်နဲ့ အိမ်ပြန်ရောက်ပါတယ်။ ကျမ ဒီလို ကျန်ခဲ့တာကို ဦးလှက "ဒေါ်အမာက ကျနော် သွားရာ ဆိုရင် နေရာတကာ လိုက်ချင်တတ်တယ်။ ဟိုထဲ သွားတာကိုတောင်မှ မဖြစ်မနေ လိုက်လာခဲ့သေးတယ်။ ခု ကျနော် ပြန်ထွက်လာတော့ သူ မလိုက်နိုင်ခဲ့ပြန်ဘူး" လို့ မိတ်ဆွတွေနဲ့ တွေရင် ဟာသစကားလေးနဲ့ ပြောတတ်သတဲ့။

ကျမကတော့ ဟိုထဲ ကျမ ကျန်ရစ်ခဲ့တုန်းက ၄-၅-၆ လလောက်နေတော့ ဝါဒါမကလေး တယောက်က "မနေ့က ရက်အားရလို့ ကျမ မြို့ထဲထွက်တော့ ဦးလေးလှကို တွေ့ခဲ့တယ်" လို့ ကျမကို တိုးတိုးကလေး လာပြောပါတယ်။ ကျမက ဝမ်းသာအားရ "ဟုတ်လား၊ ဘယ်မှာ တွေ့ခဲ့တာလဲ၊ မင်းကို သိသလား၊ ဘာပြောလိုက်လဲ" လို့ မေးတော့ "ဦးလေးတို့ တိုက်ရှေ့က ကျမ ညနေ (၃) နာရီလောက် ဖြတ်သွားခဲ့တာပါ။ တိုက်တံခါးကြီး ပိတ်ထားပါတယ်။ အဲဒီအထဲ ဦးလေး လမ်းလျှောက်ရင်း ပုတီးစိပ်နေတာကို မြင်ခဲ့တာပါ" တဲ့။ နေ့ခင်းကြီး တိုက်တံခါးကြီး ပိတ်ပြီး လမ်းလျှောက် ပုတီးစိပ်နေသတဲ့ ဆိုပြီး ကျမမှာ မျက်ရည်ဝဲခဲ့ရတယ်။ ဒီအချိန် ဒီနေရာမျိုးမှာ သူ ပုတီးစိပ်လေ့ ရှိတာမှ မဟုတ်ပါဘဲကလား၊ ဧကန္ဈ သူ ကျမ မလွတ်သေးလို့သာပေါ့ ဆိုပြီး စိတ်မကောင်းရတာပါ။ ဒါဟာ သူ့အဖို့ နောက်ဆုံးအကြိမ်ပါပဲ။ ဒါပေမဲ့ ဦးလှက သားမယား အပေါ် အလွန် သံယောဇဉ်ကြီးရှာသူမို့ သားရော မယားရော တော်တော်နဲ့ မပြန်လာကြတော့ သူကိုယ်တိုင် နေခဲ့ရတာထက် ပိုပြီး စိတ်ဆင်းရဲ ရှာလိမ့်မယ်။ သူ့မိန်းမ ဒီလို ခံရမှာကို သူတသက်လုံး ပူပန်ခဲ့ဖူးပေမယ့် တခါမှ ကိုယ်တွေ့ မကြုံခဲ့ရဘူး။ ဒီတခါမှ ကိုယ်တွေ့ ကြုံရရှာတာကလား။

ကျမဆီကို တပတ်တကြိမ် ထောင်ဝင်စာ စားစရာတွေ အိမ်က ပို့ပို့ပေးနေပါတယ်။ လူချင်းတော့ ဘယ်သူနဲ့မှ မတွေ့ရဘူး။ ဘယ်သူက ပို့သလဲတော့ မသိဘူး။ ဘာသတင်းမှ ကျမကို အသိမပေးပါဘူး။ ကျမ အဖမ်းမခံရတော့ တနှစ်၊ တလနဲ့ တရက်ရှိတော့ ၂၃၊ ၁ဝ၊ ၇၉ နေ့က ကျမကို ထောင်ထဲလာခေါ်တယ်။ ကျမက လိုက်သွားတာ့ အပြင်မှာ ဦးလှရယ် သမီးအကြီးက မွေးတဲ့ မြေးဦးမလေးကို ချီထားပြီး ရပ်နေကြတာတွေ့လို့ ဪသ်ာသူတို့ ထောင်ဝင်စာ တွေ့ခွင့်ရလို့ လာကြတာထင်ပါရဲ့လို့ အောက်မေ့ပြီး သူတို့ခေါ်တဲ့ ထောင်ရုံးခန်းထဲ လိုက်သွားရတယ်။ ပြီးတော့မှ ဒါလွှတ်တာတဲ့လေ။ အဲဒီတော့ ကျမ အိမ်ပြန်ရောက်တယ်။

အိမ်ရောက်တော့မှ တယောက်တည်း ထားခဲ့ရတဲ့ သမီးလေးနဲ့ ကျမ ညီမ ဒေါ်တင်တင်က လာပြီး နေပေးရှာသတဲ့။ ထောင်ထဲမှာ နေရတုန်းကတော့ အဲဒီသတင်းမျိုး ဘာမှ မကြားခဲ့ရဘူး။
သူမရှိဘဲ ကျမ တယောက်တည်း နေခဲ့ရတာကတော့ အကြိမ်ကြိမ် အခါခါမို့ ကျမမှာ ကျင့်သားရသလောက် ရနေပြီလို့ ပြောရင် ရနိုင်မလား မပြောတတ်ပါဘူး။ ဒါပေမဲ့ ကျမ မရှိဘဲ သူ အိမ်မှာ နေရတဲ့ ဆင်းရဲကိုတော့ သူက ၁၉၇၈-၇၉ မှာမှ ခံရဖူးတာကလား။ ဒါကြောင့် ထင်ပါရဲ့။ သူမဆုံးခင် ၃-၄ လ အလိုမှာ သူနဲ့ ကျမ အေးအေးဆေးဆေး ခဏတဖြုတ် နားရချိန်မှာ သူက ဘာပြောသလဲ ဆိုတော့၊
"သေခြင်းသေရင် ငါ မင်းအရင် သေချင်တယ်" တဲ့။ ကျမက "အရင်သေရတဲ့ လူက ကံကောင်းတာပေါ့" လို့ ပြန်ပြောတော့၊ သူက "ငါက မင်းမရှိရင် မနေတတ်ဘူး" တဲ့။

သူတို့က တကယ်တော့ ကျမကို ဖမ်းချင်လို့ ဖမ်းတာနေမှာပါ။ [ဒီအကြောင်းနဲ့ ပတ်သက်ပြီး တတိယသား ဖြစ်သူ မောင်ချစ်ခင် (ခေါ်) (ဦး) ဖိုးသံချောင်းက ကလောင်အမည် 'ဖိုးသံ (လူထု)' နဲ့ 'ကျနော် မရေးနိုင်ခဲ့တဲ့ ကိစ္စတရပ်' လို့ ခေါင်းစဉ်တပ်ပြီး ဆောင်းပါး တပုဒ် ရေးခဲ့ပါတယ်။] သားငယ်ကတော့ ဒါ ပထမအကြိမ်ပေါ့။ နောက် (၁၁) နှစ်ကြာမှ ၁၉၉ဝ မှာ ဒုတိယအကြိမ် အဖမ်းခံရပြီး (၁ဝ) နှစ် ချလိုက်တယ်လေ။ အဲဒီတော့ သူ့အဖေက မရှိတော့ဘူး။ ရှိရင် စိတ်ဆင်းရဲရှာမှာ။ အင်းစိန်မှာ (၁) နှစ်ထားပြီးတော့ သရက်ထောင်ကို ရွှေ့ထားတယ်။ အင်းစိန်တုန်းကတော့ ထောင်ဝင်စာကို သူ့မိန်းမ ဝင်းဝင်းပဲ သွားပါတယ်။ ကျမ မလိုက်ပါဘူး။ ဘာလို့လဲ ဆိုတော့ အင်းစိန်ထောင်မှာ အကျဉ်းသားတွေကို ပေးတဲ့ ထောင်ဝင်စာ တွေ့ရတဲ့ ပုံစံက ဆိုးရွားလွန်းလို့။ သံဆန်ခါ အမြင့်ကြီး (၂) ချပ် ကာထားတယ်။ တချပ်နဲ့ တချပ်က (၃) ပေလောက် ခြားထားတယ်။ သံဆန်ခါ တချပ်နောက်က အကျဉ်းသားတွေ၊ မျက်နှာချင်းဆိုင် တချပ်နောက်က တွေ့ချင်တဲ့ လူတွေ အားလုံး တန်းစီ နေကြရတယ်။ တွေ့တော့ ဆိုတော့ တပြိုက်နက် မျက်နှာချင်းဆုံ စကားပြောကြတာ အသံတွေက ဝေါဝေါနဲ့ စကားလုံး ကွဲအောင် ကြားကြရဲ့လား မသိပါဘူး။ အဲဒါ (၁ဝ) မိနစ်လောက် ဝေါဝေါဖြစ်ပြီး ပြန်ကြ ဆိုတော့ ပြန်ကြရတာ။ အဲဒါကို အင်းစိန်ထောင် တခါသွားတုန်းက မြင်ခဲ့ဖူးတယ်။

ရိုးရိုးအကျဉ်းသားတွေကို ဒီလို အတွေ့ခံစေတာလား၊ နိုင်ငံရေး အကျဉ်းသားတွေလည်း ဒီပုံစံပဲလား မသိခဲ့ဘူး။ နို့ပေမယ့် ဒီပုံစံမျိုး ဆိုရင် ငါ့သား မတွေ့ရရင်လည်း နေပေစေ၊ ငါမတွေ့ဘူး ဆိုပြီး တနှစ်လုံး နေတာပါ။ နောက် သူ့ကို သရက်ထောင် ပြောင်းသွားပြီ ကြားတော့ သရက်တော့ အင်းစိန်က ပုံစံမျိုး ဟုတ်မယ်မထင်ဘူး ဆိုပြီး မြေးတွေကို ခေါ်ကာ သရက်ထောင်ကို သွားတွေ့တာပါ။ ထင်တဲ့အတိုင်းပါပဲ၊ သရက်ထောင်ကတော့ လူတွေအများကြီးနဲ့ တပြိုင်တည်း မတွေခဲ့ရပါဘူး။ သူနဲ့ ကိုယ်နဲ့ ထောက်လှမ်းရေးနဲ့ တွေ့ရတာပါ။

ကျမ မန္ဈလေး ထောင်ကြီးထဲမှာ အချုပ်ခံရတုန်းကတော့ ထောင်ဝင်စာ ပစ္စည်းတော့ မှန်မှန်ရပါရဲ့၊ လူချင်း တွေ့ခွင့်တော့ တခါမှ မရခဲ့ပါဘူး။

No comments :