Sunday 20 May 2012

ရွာထဲမှာ နေသူများ ( ခိုင် အောင်ကျော်)

   ရွာထဲမှာ နေသူများ


အိမ်ခန်းထဲမှာ ဖုံးချထား၍ ကိုယ့်စိတ်ကို ကိုယ် ဘ၀င်ကျမိနေသူမှာ ပန်းကြာဖြူဖြစ်နေသည် ။ မိမိကိုယ်ကို ပီတိ ဖြာနေတုံး ကွန်ပြူတာရှေ့မှာ သွားထိုင်လိုက်မိသည် ။ ဂျီတော့မှာ အွန်လိုင်းတက်နေသူများက နေကောင်းလား ဆိုသော မေးခွန်းတွေကို နေကောင်းကြောင်း ဖြေရပြန်သည် ။ နိုင်ငံခြာမှ တယောက်က အကူအညီ တောင်းလာသည် ။ သူတို့  မိသားးစုကို ဖုံးခေါ်လို့  ရမည်လားပေါ့ ။ သည်တော့ ခင်မင်ရင်းနှီးပြီးသား သူဖြစ်၍ ခေါ်ပေးမည်ဟု ပြောတော့ ဆက်သွယ်ရမည့် ဖုံးနံပါတ် ကို ပေးသည် ။
         ပန်းကြားဖြူ ဖုံးခေါ်ပြီ ။ မရ ။ ရိန်းသံသွားသည် ။ ကိုင်သူမရှိ ။
" ဟုတ်ကဲ့- သမီး ဖုံးခေါ်တယ် - ဘာမှ ဆက်သွယ်လို့  မရဘူး "
"  ကြိုးစားပေးပါအုံး - ရိန်းသံကြားတယ် ဆိုရင် ဆက်သွယ်လို့  ရတာပေါ့လေ -"
      ၈ျီတော့မှာ စာရေးလာသည်ကို မြင်သည် ။ ပန်းကြာဖြူ ဆက်ပြီ ။ မထူး ။ နောက်တော့ ဖုံးကိုင် သည်ကို သိလာရပြီ ။ ဖုံးပြောပြီ ။ မကြား ။ သို့ သော် တဖက်က ပြောသောအသံတွေကို ကြားသည် ။ ဘယ်သူလဲ ဆိုသော မေးသံတွေ - ကြားရသည် - နာမည်တွေနှင့် မေးသေးသည် ။ ဘယ်လိုမှ ပြန်ပြော၍မရ ။ ကြားသောနာမည်တွေကိုလည်း မသိ ။
   "  ပြန်ပြောတာ ကြားတယ် - ဒီကပြောတာ မကြားရဘူး- ပြန်လို့ လဲဘဲ ဖုံးမဆက်ဘူး "
 အွန်လိုင်းမှ တဖက်က တောင်းပန်စာတွေ ရေးနေသည် ။ အားနာလိုက်သည်များ မပြောတတ်တော့ ။
    "  ကျေးဇူးပြုလို့  ရအောင် ဆက်သွယ်ပေးပါနော် - အင်မတန်အရေးကြီးနေလို့ ပါ- အွန်လိုင်းကို လာပေးပါလို့  "
  "  ပြောပါတယ် - ဒါပေမဲ့  ဘယ်လိုမှ ဆက်သွယ်လို့  မရဘူး - နောက်တခေါက် ဆက်ကြည့်လိုက်ပါ့မယ် "
    ပန်းကြာဖြူ စိတ်ရှည်ရှည် ဖြင့် ဆက်ပြီ ။ မထူး ။ ခဏခဏ ဆက်ကြည့်သည် ။ တချိန်မှာ ဆက်လို့ ရသည် ။ တဖက်မှ ပြောသံတွေ ကြားရသည် ။ ကြာတော့ စိတ်မရှည်ချင်တော့ ၊
     "   သိပ်ကို အားနာပါတယ် - ဖုံးက ဘယ်လိုနည်းနဲ့ မှ ဆက်လို့ မ ရဘူး - "
  ပန်းကြာဖြူက အွန်လိုင်းမှ တဖက်လူက ရေးလာမည့် စာကို စောင့်ကြည့် နေလိုက်သည် ။ နိုင်ငံခြားမှ လူများက အွန်လိုင်းမှ အကူအညီ တောင်းခံသည်ကို မလုပ်ပေးဘူးဟု ထင်သွားမည်ကို စိုးရိမ်သည် ။  တခါတခါ အလုပ်များ၍ အကူအညီများ မပေးလိုက်လျှင်ပင် စိတ်ကမဖြောင့်ချင် ။ ကွန်ပြူတာဆိုင် ဖွင့်ထားတော့  နိုင်ငံခြားက လူတွေနှင့် အွန်လိုင်းမှာ အမြဲထိတွေ့ ဆက်စပ်နေသည်ဘဲ ။
      "   နားလည်ပေးပါတယ် ၊ ဖုံးလိုင်းတွေ မကောင်းသေးတော့ ဒီလိုဘဲ ဖြစ်နေမှာပါဘဲ ၊ ဘာဘဲဖြစ်ဖြစ် အခုလို ဆက်သွယ်ပေးတာ ကျေးဇူးတင်ပါတယ် "
   ပန်းကြာဖြူ တော်တော် အံ့သြမိသွားသည် ။ နိုင်ငံခြားက ပုဂ္ဂိုလ်သကောင့်သားက နားလည်ပေးသည်တဲ့  ၊ ပန်းကြားဖြူက ဖုံးဆက်သွယ်ပေးသည်မှာ နာရီခွဲ ကြာသည် ။ ယင်းနာရီခွဲ ကို သူ့ ခမြာ စောင့်နေရှာပေးသည် ။ တယ်လီဖုံးဆိုသည်က ဒီလိုသာ နာရီခွဲမျှ ဆက်သွယ်ရ၍ ကြာမြ့င်နေပြီ ဆိုလျှင် ကမ္ဘာကြီးက ရွာဖြစ်လာပြီဆိုသော စကားကို လက်ခံဖို့  သင့်ပြီလားလို့  တွေးမိသည် ။ ပန်းကြာဖြူက ရယ်ပြီး စဉ်းစားမိလိုက်သေးသည် ။ နိုင်ငံခြားက ပုဂ္ဂိုလ်က ဖုံးဆက်ပြီး ပြောခိုင်းသော အိမ်မှာ ငါးအိမ်ကျော်ခန့် သာ ဝေးသော အိမ်ဖြစ်နေသည်ကို တွေးကြည့်လိုက်တော့ ဖုံးကို မျက်နှာသုတ်ပုဝါကလေးနှင့် လူမမြင်အောင် ဖုံးထားမိလိုက်ရတော့သည် ။ ကမ္ဘာကြီးက ရွာဖြစ်လာသည်- မဖြစ်လာသည် လား မပြောတတ် ။ ရွာထဲက ငါးအိမ်ကျော် အိမ်က ဖုံးကို ခေါ်လို့  မရသည်ကတော့ လက်တွေ့  ။


ခိုင်အောင်ကျော် ( နယူးယောက် )

No comments :