Wednesday 16 May 2012

အင်ဒိုနီးရှားအသွင်ကူးပြောင်းရေးမှ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး သင်ခန်းစာများ (၂)



Published on Wednesday, 16 May 2012 06:26
Written by နေသွင်
မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။ 

ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်
 
အင်ဒိုနီးရှား၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပြုပြင်ပြောင်းလဲမှုတွင် အပြောင်းအလဲများ စတင်ပြီး မကြာခင်မှာပင် စစ်တပ်ကို နိုင်ငံရေးမှ ဘေးဖယ်ထုတ်နိုင်ခဲ့သော်လည်း လက်စသတ်နိုင်ရေးနှင့်မူ အလှမ်းဝေးနေဆဲဖြစ်သည်။

ပြဿနာနှစ်ရပ်

ပထမပြသနာဖြစ်သည့် အရပ်ဘက်က စစ်ဘက်အပေါ် သြဇာလွှမ်းမိုးရေးတွင် တွေ့ရသည့် လက္ခဏာမှာ အရပ်ဘက်နိုင်ငံရေးသမားများ၏ အရည်အချင်း ချွတ်ခြုံကျမှုကြောင့် ဖြစ်သည်။ ဒုတိယပြသနာမှာ ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်း မဖြောင့်ဖြူးခြင်း ဖြစ်သည်။

အထူးသဖြင့် PPB ဟု အတိုကောက် ဆိုရမည့် ကာကွယ်ရေးနှင့် ဆိုင်သည့် စီမံကိန်းရေးဆွဲခြင်း (Planning)၊ အစီအစဉ်များ ရေးဆွဲခြင်း (Programming)၊ ဘတ်ဂျက်ရေးဆွဲခြင်း (Budgeting) နှင့် ကာကွယ်ရေး မဟာဗျူဟာနှင့် မူဝါဒကို ပြန်လည်တွက်ချက်ပုံသွင်းခြင်း (re-formulating defense strategy and policies)၊ တပ်၏ ကာကွယ်ရေး စွမ်းရည်ကို မြှင်တင့်ခြင်း (developing defense capability)၊ တပ်ဖွဲ့စည်းပုံကို အသစ်ပြန်လည်ပုံသွင်းခြင်း (reforming the organizational structures of the military) ကိစ္စရပ်များ ဖြစ်သည်။
ဒီမိုကရေစီစနစ်တရပ် တည်တံ့ခိုင်မာရေးဖြစ်စဉ် (the process of democratic consolidation) တွင် ဒီမိုကရေစီ မည်ကာမတ္တမျှသက်သက်မဟုတ်ဘဲ အရပ်ဘက်က စစ်တပ်အပေါ် ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးလည်း လိုအပ်သည်။ ထို့အတွက် စစ်တပ်ကို နိုင်ငံရေးမှ ဘေးဖယ်ထုတ်နိုင်ရေးသည့် အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည့်တိုင် ယင်းတွင်ပင် ဘောင်သတ်မထားသင့်ပေ။ အရပ်ဘက်က နိုင်ငံရေး အင်စတီကျူးရှင်းက ကာကွယ်ရေးနှင့် နှီးနွယ်နေသည့် မူဝါဒများကို စီမံကွပ်ကဲခြင်းနှင့် တာဝန်ယူချမှတ်ပေးခြင်းနှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းလည်း အကျုံးဝင်သည်။
အင်ဒိုနီးရှားတွင် ပါလီမန်၏ အခန်းကဏ္ဍမှာ သိသိသာသာတိုးတက်လာသည့်မှာ မှန်သော်လည်း ကာကွယ်ရေးဘတ်ဂျက်နှင့် စစ်လက်နက်ပစ္စည်း ၀ယ်ယူရေးတွင် စစ်တပ်ကိုယ်တိုင်က အဆုံးအဖြတ်နေရာတွင် ဆက်ရှိနေဆဲ ဖြစ်သည်။

ယေဘုယျအားဖြင့် အရပ်ဘက်နိုင်ငံရေးအင်အားစုများ (အထူးသဖြင့် နိုင်ငံရေးပါတီများ) သည် ဒီမိုကရက်တစ် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကို ဖန်တီးနိုင်ရေးတွင် မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အကန့်အသတ်များ၊ အဟန့်အတားများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ဆိုခဲ့သည့်အတိုင်း အထူးသဖြင့် စစ်တပ်အပေါ် အရပ်ဘက်၏ ထိန်းချုပ်မှုကို အားကောင်းလာအောင် မဆောင်ရွက်နိုင်ကြပေ။ စစ်တပ်၏ သြဇာနှင့် ၀င်ရောက်စွက်ဖက်မှုစက်ကွင်းမှ လွတ်မြောက်လာသဖြင့် ပို၍ အခြေအနေကောင်းလာသည်ဟု ဆိုနိုင်သော်လည်း နောက်တဆင့်ကို မတက်လှမ်းနိုင်ကြသေးပါ။
အစိုးရ အင်စတီကျူးရှင်များနှင့် အရပ်ဘက် နိုင်ငံရေးအင်အားစုများသည် ယင်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို စစ်တပ်အပေါ် ကျင့်သုံးမည်ဟု ကြံစည်တိုင်းမှာ နောက်ကျောမလုံသကဲ့သို့ ခံစားနေကြရဆဲ ဖြစ်သည်။

ပထမပြသနာ

အာဏာရ အရပ်သားအစိုးရအဆက်ဆက်၏ စိတ်မပါ့တပါ့ (ချီတုံချတုံ) မပြတ်သားမှုကြောင့် ဖြစ်သည်။ အရပ်ဘက်အာဏာရ အီလစ်များအကြားတွင် စစ်တပ်၏ နိုင်ငံရေးသြဇာ သစ္ဆေခြောက်ခံနေရဆဲ၊ စစ်တပ်ကို အရေးပါသည့် နိုင်ငံရေးအင်အားစု အဖြစ် ယူဆထားကြသည့် ပြသနာ ဖြစ်သည်။
ထိုမျှမက အင်ဒိုနီးရှား၏ ပြိုင်ဆိုင်မှုပြင်းထန်သည့် နိုင်ငံရေးစနစ်၊ နိုင်ငံရေးပါတီကြီးများ၏ သူနိုင်ငါနိုင် အပြိုင်ကျဲသည့် စရိုက်ကြောင့်လည်း စစ်တပ်အတွက် နိုင်ငံရေးသြဇာနှင့် နိုင်ငံရေးနေရာ (space) ကို ဖန်တီးပေးသကဲ့သို့ ရှိသည်။ ဥပမာ အနေဖြင့် နိုင်ငံရေးပါတီများ သို့မဟုတ် အရပ်သားခေါင်းဆောင်များ အချင်းချင်းအကြားတွင် ယှဉ်ပြိုင်ကြသည့် အခါတိုင်းတွင် စစ်တပ်၏ ထောက်ခံမှုကို ရရှိရန် အပြိုင်အဆိုင် ကြိုးစားကြလေ့ရှိသည်။ သို့နှင့် အရပ်ဘက် နိုင်ငံရေးအုပ်စုများသည့် စစ်တပ်အကျိုးစီးပွားကို ထိခိုက်စေမည့် စစ်တပ်က မကြိုက်သည့် ပေါ်လစီများကို စတင်အဆိုပြုမည့်အရေးကို လက်ရှောင်ကုန်ကြသည်။
တနည်းအားဖြင့် အရပ်ဘက် အီလစ်များကိုယ်တိုင်၏ အကွဲအပြဲများကြောင့် ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်မှာ ပို၍ ရှုပ်ထွေးမှုများ ဖြစ်ကုန်သည်။ သို့နှင့် စေ့စပ်ညှိနှိုင်းရေးဆန္ဒက မဖြစ်နိုင်သည့် မဟာလုပ်ငန်း စဉ်ကြီး တရပ်နှယ် ဖြစ်လာပြီးနောက် နောက်ထပ် ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်သည့် အရေးတကြီး ကိစ္စများကို မဆောင်ရွက်နိုင်တော့ဘဲ နောက်ဆုတ်ထားရတော့သည်။ ဤအခြေအနေနောက်ခံတွင် စစ်တပ်သည် အရပ်သားအစိုးရကို အထူးတလည် အလေးထားမနေတော့ဘဲ သူ့သဘောသူဆောင်ရန် အခွင့်အရေး ရသွားတော့သည်။

ဒုတိယပြသနာ

အရပ်ဘက်ခေါင်းဆောင်မှုတွင် ကာကွယ်ရေးနှင့် ဆိုင်သည့် အရည်အချင်း ချွတ်ခြုံကျမှုနှင့် ဆိုင်သည်။ အင်ဒိုနီးရှား အီလစ်အများစုမှာ စစ်တပ်နှင့် နိုင်င့ရေးအခန်းကဏ္ဍလောက်နှင့်သာ အကျွမ်းတ၀င်ရှိကြသည့်အတိုင်းလည်း ထိုကိစ္စလောက်တွင်ပင် အာရုံကျက်စားကုန်ကြသည်။
စင်စစ်တွင် ထိုမျှလောက်နှင့် မလုံလောက်ဘဲ စစ်တပ်အပေါ် ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးတွင် ကာကွယ်ရေးကိစ္စကို သိသိသာသာပြောင်းလဲရေးသည်လည်း လိုအပ်ပေသည်။ စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို ဖျက်သိမ်းနိုင်လိုက်ခြင်းသည် စစ်တပ်ပြုပြင်ပြောင်းလဲရေး တစုံလုံး၏ အခြမ်းတခြမ်းမျှသာ ဖြစ်သည်။

ကာကွယ်ရေးပေါ်လစီကို ပြောင်းလဲခြင်း (အထူးသဖြင့် မဟာဗျူဟာ၊ ကာကွယ်ရေးသဘောတရား၊ မူဝါဒ၊ ပညာရေးဆိုင်ရာ ကိစ္စများကိုလည်း စစ်တပ်ပြုပြင်ပြောင်းလဲရေးအတွက် မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းများအဖြစ် ရူ့မြင်ရန် အရေးကြီးသည်။

အရပ်ဘက် အာဏာပိုင်များမှာ ကာကွယ်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ နကန်းတလုံးမျှ နားမလည်ဟု စစ်တပ်ဘက်က အထင်သေးနေသမျှ အရပ်ဘက်က စစ်တပ်အပေါ် သြဇာညောင်းဖို့ရန်မှာ ခက်ခဲနေဦးမည်သာ ဖြစ်သည်။ အရပ်ဘက်မှ ကာကွယ်ရေးနှင့် ဆိုင်သည့် အကြံကောင်း ဥာဏ်ကောင်းမှန်သမျှလည်း အစိုးရနှင့် နိုင်ငံရေးပါတီများထံမှ မဟုတ်ဘဲ အပြင်ဘက်မှ၊ တိတိပပဆိုရလျှင် အနည်းငယ်သော ပညာရှင်များထံမှသာ ထွက်ပေါ်လာသည်က များသည်။ ကာကွယ်ရေး ၀န်ကြီးဌာနမှာ အရပ်ဘက်အရာရှိများမလွှမ်းမိုးနိုင်ဘဲ စစ်တပ်အရာရှိများကသာ ခြယ်လှယ်နေဆဲ အချက်ကလည်း အဆိုပါပြသနာကို ပို၍ပင် ခက်ခဲစေပြန်သည်။

တတိယပြသနာ

ဒုတိယပြသနာ၏ အဆက်ဟု ဆိုရမည်၊ အရပ်ဘက် အစိုးရများက ရှင်းလင်းပြီး ပြည့်စုံသည့် ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်သစ်ကို ချမပြနိုင်သည့် ပြသနာဖြစ်သည်။ ဥပမာ အနေဖြင့် အစိုးရက အင်ဒိုနီးရှား၏ ကာကွယ်ရေးမဟာဗျူဟာကို အခြေအနေသစ်၊ စိန်ခေါ်မှုအသစ်နှင့် လိုက်လျှော်ညီထွေဖြစ်အောင် ပြင်ဆင်ပြီး အသစ်ချပြခြင်းမျိုး ဖြစ်သည်၊ လက်တွေ့တွင် လက်ရှိ ကာကွယ်ရေး မဟာဗျူဟာမှာ ၁၉၄၅-၁၉၄၈ ကာလများက ဒတ်ခ်ျကို တော်လှန်ခဲ့စဉ်က အတွေ့အကြုံများ အပေါ်တွင်သာ အခြေခံနေဆဲ ဖြစ်သည်။

အလားတူပင် ဒီမိုကရေစီအင်အားစုများက ကိုတာစနစ်ကို ပြောင်းလဲရန်တောင်းဆိုနေသော်လည်း အစိုးရဘက်တွင် ကိုတာစနစ်ကို အလုံးစုံစစ်ဆေးပြင်ဆင်ပေးမည့် အစီအစဉ်သစ်မှာ အသင့်ရှိမနေပေ။ လက်နက်ဝယ်ယူရေး အစီအစဉ်ဆိုလျှင်လည်း ၂၀၀၅ခုနှစ်တွင် အရပ်သား ကာကွယ်ရေးဝန်ကြီး Juwono Sudarsono က သူ့ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အောက်သို့ သွတ်သွင်းခဲ့သည်ဟု ဆိုသော်လည်း စစ်တပ်က နဂိုပုံစံအတိုင်းပင် စိတ်ကြိုက်ဝယ်ယူနေဆဲဖြစ်သည်။

၂၀၀၂-၂၀၀၃ တွင် ကြီးမားသည့် ကာကွယ်ရေးဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသော်လည်း အင်ဒိုနီးရှားကာကွယ်ရေးပေါ်လစီနှင့် စွမ်းရည်ကို အနာဂတ်အတွက် ပြန်လည်ပြင်ဆင်တည်ဆောက်မည့် လတ်တလောအကျိုးသက်ရောက်မှုဟူ၍ တခုမျှပင် ထွက်ပေါ်မလာခဲ့ပြန်ပေ။

ပြန်ချုပ်လျှင် အင်ဒိုနီးရှား၏ ကာကွယ်ရေးမဟာဗျူဟာနှင့် ပေါ်လစီပိုင်းတွင် အရပ်ဘက် နိုင်ငံရေး သမားနှင့် အစိုးရအရာရှိတို့၏ စဉ်းစားတွေးခေါ်မှုက မလွှမ်းမိုးနိုင်သေးဘဲ၊ စစ်တပ်၏ အတွေးအခေါ်များကသာ ယခုတိုင် လွှမ်းမိုးထားဆဲ ဖြစ်နေသည်။

နိဂုံး

အင်ဒိုနီးရှား၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးစတင်ခဲ့သည့် ၁၉၉၈ ခုနှစ်မှ စ၍ ရေတွက်လျှင် ဆယ်စုတခုကျော် ကြာပြီးနောက် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ပြန်လည် ပုံဖော်ရာတွင် အတိုင်းအတာ တခုအထိ အောင်မြင်မှုရခဲ့ပါသည်။ စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို နိဂုံးချုပ်နိုင်လိုက်ပြီး ကာကွယ်ရေးတာဝန်တရပ်တည်းကိုသာ ဇောက်ချလုပ်ရန် ဘောင်သတ်ပေးနိုင်လိုက်သည်။ စစ်အရာရှိများအနေဖြင့် ဥပဒေအရ ခွင့်ပြုထားသည့် နိုင်ငံတော်အဖွဲ့အစည်း အနည်းငယ်မှလွဲ၍ အရပ်ဘက် ရာထူးတာဝန်များကို ထမ်းဆောင်နိုင်မည့် အခွင့်အရေးမရှိတော့ပေ။

ယခင်က စစ်တပ်၏ အဓိက တာဝန်ကြီးဖြစ်ခဲ့ဖူးသည့် ပြည်တွင်းလုံခြုံရေးရာ ကိစ္စရပ်များကိုလည်း ရဲတပ်ဖွဲ့သို့ အပြီးအပိုင်လွှဲအပ်နိုင်လိုက်ပြီ ဖြစ်သည်။ (စစ်တပ်နှင့် ရဲတပ်ဖွဲ့မှာ ၂၀၀၁ ခုနှစ်ကတည်းက သီးခြားစီခွဲခြားထားပြီဖြစ်သည်) စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းရေးတွင် လက်စမသတ်နိုင်သေးသည့် တိုင်အောင် လမ်းခုလတ်တွင် ရောက်နေပြီ ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ပါလီမန်သည် စစ်တပ်အပေါ် ကြီးကြပ်သည့် လုပ်ငန်းတာဝန်ကို စတင်ထမ်းဆောင်လာနေပြီ လည်း  ဖြစ်သည်။

သို့သော်လည်း အင်ဒိုနီးရှား၏ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးဖြစ်စဉ်မှာ ရှေ့ဆက်လုပ်ဆောင်စရာများစွာ ကျန်နေပါသေးသည်။ စစ်တပ်သည် တပ်တွင်း တရားစီရင်ရေးစနစ်ကို ကျားကုတ်ကျားခဲ ခုခံထားဆဲဖြစ်သဖြင့် အပြစ်ကျူးလွန်သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်ရသည့် ယဉ်ကျေးမှုမှာ အထင်းအရှားကျန်ရှိနေဆဲပင်။

အရပ်ဘက်က စစ်တပ်အပေါ် ထိန်းချုပ်နိုင်ရေးပြသနာမှာလည်း အရပ်ဘက်ကိုယ်တိုင်၏ ညံ့ဖျင်းမှုနှင့် မကျွမ်းကျင်မှုတို့ကြောင့်ပင် ရုပ်ပျက်ဆင်းပျက်ရှိနေဆဲ၊ ကာကွယ်ရေးသက်ဆိုင်သည့် စီမံကိန်းရေးဆွဲခြင်း၊ အစီအစဉ်များရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်း၊  ကာကွယ်ရေး မဟာဗျူဟာနှင့် မူဝါဒကို ပြန်လည်တွက်ချက်ပုံသွင်းခြင်း၊ တပ်၏ ကာကွယ်ရေး စွမ်းရည်ကို မြှင်တင့်ခြင်း၊ တပ်ဖွဲ့စည်းပုံကို အသစ်ပြန်လည်ပုံသွင်းနိုင်ရေး ကိစ္စရပ်များကို လက်စသတ်နိုင်ရေးမှာလည်း အလှမ်းဝေးနေဆဲဖြစ်သည်။
တနည်းအားဖြင့် ပြုပြင်ပြောင်လဲရေးကြောင့် သိသာသည့် တိုးတက်မှုများ ဖြစ်ပေါ်ခဲ့သည့် တိုင်အောင် အင်ဒိုနီးရှားစစ်တပ်ကို အရပ်ဘက် ထိန်းချုပ်မှုအောက်သို့ အပြီးတိုင် ပို့ဆောင်ရေးတွင်မူ လုပ်ဆောင်စရာများစွာ တနင့်တပိုး ကျန်ရှိနေဆဲဖြစ်သည်။

ရည်ညွန်း၊ ၊ Civil-Military Relations in Post-Authoritarian Indonesia by Rizal Sukma
နေသွင်

No comments :