Saturday, 23 June 2012

ဦးဝင်းတင်အင်တာဗျူး

= စဉ်းစားဆင်ခြင်ဖွယ် =

မေး -၈၈၈၈ လူထုအုံကြွမှုမှာ ဒီမိုကရေစီ ဘက်တော်သားတွေ အဲဒီအချိန်က ဘာကြောင့် အပြောင်းအလဲ မလုပ်နိုင်ခဲ့သလဲ ။

ဖြေ - ဦးဝင်းတင်(NLDပါတီခေါင်းဆောင်နဲ့ ဟံသာဝတီသတင်းစာဆရာကြီး) .... ဦးနု(ဝန်ကြီးချုပ်ဟောင်း)ရဲ့ ဒီငြိမ်းပါတီ(ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ) ဖက်က လူတွေက NLDနဲ့ ဒီငြိမ်း ပေါင်းစည်းရေးကို ဆန္ဒသိပ်မရှိတဲ့ဟာလေး မှတ်မိနေတာ တခုရှိတယ် ဗျ။ ဒီငြိမ်းဌာနချုပ်ဖြစ်တဲ့ ဗိုလ်မှူးအောင် (ရဲဘော်၃ ကျိပ်ဝင်)ရဲ့အိမ်ကို ကျနော်(ဦးဝင်းတင်)နဲ့ ဦးချစ်ခိုင်နဲ့ သွားတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်နဲ့ဦးချစ်ခိုင်နဲ့က NLDအတွင်းရေးမှူးတွေကိုး။ (ဦးဝင်းတင် က ဒေါ်စုရဲ့ တတ်သိ ဖက်က အတွင်းရေးမှူး ၊ ဦးချစ်ခိုင်က ဦးတင်ဦးရဲ့ တပ်မှူးဟောင်းများဖက်က အတွင်းရေးမှူး ၊ ဦးအောင်ကြီးဖက်က အတွင်းရေးမှူး ဦးကြည်ဟန် အဲဒီမှာ ပါမသွားဟုပြော)။ သွားတဲ့အခါကျတော့ ဦးနုနားမှာရှိနေတဲ့ သူတွေက နိုင်ငံရေး လက်ဟောင်းကြီးတွေဗျ။ အဲဒီပုဂ္ဂိုလ်တွေက ကျနော်တို့ကို သိပ်ပြီးအရေးတယူ မလုပ်ဘူးဗျ။ အေးတိအေးစက်နဲ့ အရေးတယူမရှိဘူး။ သူတို့ကို ကျနော်တို့ သွားပြောတာက အင်အားစု(၂)ခု ပေါင်းစည်းရေးပေါ့ ။ ဘာလို့ဆို NLDကလဲ ပေါ်ခါစ ၊ ဒီငြိမ်းလဲ ပေါ်ခါစ။ ဒီနှစ်ဖွဲ့ ဘယ်လိုဆက်စပ် ပေါင်းစည်းမလဲဆိုတာကို သွား ဆွေးနွေးတာ။ ဆိုလိုတာက ဘာဖြစ်လဲဆိုတော့ ကျနော်တို့ဖက်က လူတွေကလဲ ဦးနုကို ထောက်ခံဖို့ ဒေါ်စုကို ပြောတာမျိုး ဘာမျိုး မရှိဘူး။ ဦးနုဖက်က လူတွေကလဲ ကျနော်ထင်တယ် ဒေါ်စုကို ကလေးလောက်ပဲ သဘောထားချင် ထားမယ်။ ကျနော်တို့ကိုလဲ ဘာမှမသိတဲ့ အရာရှိတွေ စစ်ဗိုလ်တွေလောက် သဘောထားမယ်ထင်တယ်။ အဲဒီပေါ်မူတည်ပြီးတော့ ပေါင်းစည်းရေးလုပ်မယ့်ကိစ္စဟာ အများကြီး အားလျှော့သွားတယ်။ နိုင်ငံရေးအင်အားစုတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေါင်းစည်းဖို့ကိစ္စကို ကျောင်းသားအင်အားစုကတောင် နားလည်တယ်ဗျ ။ ကျောင်းသားတွေ အများကြီးလုပ်တယ် သူတို့အများကြီး သဘောပေါက်တယ် ။ သူတို့ရဲ့ နိုင်ငံရေးအမြင် သူတို့ရဲ့ ဦးတည်ချက် ဘာညာ သူတို့ မှန်တယ်။ သူတို့အများကြီး အားထုတ်တာပေါ့ ။ လူငယ်တွေ အများကြီးမြင်တယ် သူတို့ရဲ့ နိုင်ငံရေးအမြင်က ကြည်လင်တယ်ဗျ။

ကြားဖြတ်အစိုးရ တောင်းမယ်ဆိုပါတော့ အမှန်တိုင်းပြောရရင် ဒေါ်စုသည် ပင်လျှင် အဲဒီအချိန်မှာ မပြတ်သေးဘူး ။ ကျနော် တခါက ပြောဖူးတယ် မဟုတ်လား။ ဒေါ်စုအိမ်မှာ ကျနော်တို့ အစည်းဝေးလုပ်နေတယ်။ ၂၆ ရက်နေ့ သွားမယ့်ဟာအတွက် ( ရွှေတိဂုံအနောက်ဖက်မုတ် ဒေါ်စုရဲ့ ပထမ ဦးဆုံး လူထုဟောပြောပွဲကို ဆိုလို ) ၂၅ ရက်နေ့မှာလုပ်တယ် အဲဒီနေ့ နေ့လည်မှာထိ ဒေါ်စုက ကြားဖြတ်အစိုးရ ခေါ်သင့်ရ/ မခေါ်သင့်ကို ကျနော်တို့တွေ မပြတ်ဘူးဗျ။

ဒေါ်စုကလဲ သူ့ချင့်ချိန်မှုတွေ အများကြီး ရှိမှာပေါ့ဗျာ။ ကျနော်တို့ကလဲ လုပ်သင့်လား မလုပ်သင့်ဘူးလား ဘယ်လိုလုပ်သင့်လဲဆိုတာ အပြတ်သား မပြောနိုင်ခဲ့ဘူး ။ အဲဒီတုန်းက မောင်မိုးသူက သတင်းစာတစောင်ထုတ်တယ် အဲဒီသတင်းစာမှာ ကျနော်က ကြားဖြတ်အလွန်ဆိုတဲ့ ဆောင်းပါး တပုဒ်ရေး ပေးဖူးတယ်။ ကျနော်တို့ယူဆတာက ကြားဖြတ်ဆိုတဲ့ ကာလ တခုကို ကျော်ဖြတ်ရလိမ့်မယ် ။ အဲလို ကျော်ဖြတ်တဲ့အလွန်မှာ ဖြစ်လာနိုင်တဲ့ ဒီမိုကရေစီ အလားအလာတွေကို ကျနော်ရေးခဲ့တာ။

ဆိုလိုတာက ကျနော်တို့လဲ မပြတ်ဘူး ဒေါ်စုလဲ မပြတ်ဘူး ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်စုဟာ အဲဒီနေ့ ကျနော်တို့ခွဲလာတဲ့ နေ့လည်(၂)နာရီလောက်မှာ လူတယောက် ရောက်လာပြီး ဗိုလ်အောင်ကြီး နက်ဖြန်လူထုအစည်းဝေးပွဲ လုပ်မယ်။ ဘာများပြောချင်လဲ လာမေးတာကို ဒေါ်စုက ဒါ ကျမ မနက်ဖြန်ခါ အစည်းဝေးပွဲ လုပ်မယ်ဆိုတာ သိရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလိုကြားဖြတ် လုပ်ရ မှာလဲ ဘာညာဆိုတဲ့ဟာတောင် ဖြစ်တယ်ဗျ။ အဲဒီအတွက် ကျနော်တို့ အစည်းဝေး ရုပ်သိမ်းလာရတယ်။ ဆိုလိုတာက အဲဒီနေ့မှာကို ဒေါ်စုက ဟိုဒင်း မရှိဘူး။ နောက်တနေ့လည်း ဒီကိစ္စနဲ့ပတ်သက်လို့ မပြောနိုင် သေးဘူး ဒေါ်စုကစင်ပေါ်ရောက်တဲ့အခါကျမှ အဲဒီတော့မှ (ကြားဖြတ်) တောင်းဆိုရေးလိုင်းကို ပြောနိုင်တာ။ ကြားဖြတ်လုပ်ကိုင်ရတော့ ဘယ်သူတွေ အင်အားက ဘယ်လိုဖြစ်လာနိုင်မလဲ ဘယ်သူတွေထည့်မလဲ လူကြီးတိုင်းကို ထည့်မလား၊ ဥပမာ ဒေါ်စုက (အကြမ်းဖက်)လို ဟာမျိုး ဖွဲ့ရင် ကျမ မပါနိုင်ဘူး။ သူကရှင်းရှင်း ပြောတယ်။ ဘာလို့လဲဆိုတော့ - ဟုတ်တာပဲ မှန်တာပဲ ကြားဖြတ်လိုဟာမျိုး သူဝင်လုပ်လိုက်လို့ရှိရင် ဒီကြားဖြတ်က မအောင်မြင်ဘူးဆိုရင် သူ့ရဲ့နိုင်ငံရေးအလားအလာတွေပါ အကုန်လုံး ပျက်သွားနိုင်တာကိုးဗျ ။ သူသိတယ် ။ အဲလိုချိန်တာပေါ့ဗျား ။

အဲဒီတော့ ကောင်းပြီ အဲလို သူမလုပ်ဘူးဆိုရင် ဘယ်သူ့ကို ထည့်နိုင်မလဲ ဘယ်လိုလူတွေရှိလဲ ကျနော်ထင်တယ် သူ့ပတ်ဝန်းကျင်မှာ သိပ်မမြင်ဘူး။ စစ်ဗိုလ်တွေ သွားထည့်လို့လဲ ကောင်းမှာမဟုတ်ဘူးဆိုတာ သူ တွက်ကောင်း တွက်မယ်ဗျာ။ ကျန်တဲ့ ကျနော်တို့အသိုင်းဝိုင်းက လူတွေကြည့်လိုက်တဲ့ အခါကျတော့လည်း ဘာမှအတွေ့အကြုံမရှိဘူးဆိုတာ သူသိမှာပဲဗျ။ အဲတော့ သူ့ဘေးနားရှိတဲ့ နိုင်ငံရေးသမားဟောင်းတွေဘာတွေ ကြည့်တဲ့အခါ ကျတော့လဲ ကွန်မြူနစ်တွေ ဘာတွေဖြစ်နေတဲ့အခါကျတော့ သုံးလို့ မဖြစ်ဘူး ဆိုတာ သူသိမှာပဲ ။ ကောင်းပြီ ဘယ်လိုလူတွေကို ကြားဖြတ် (ကြားဖြတ် အစိုးရ)တင်မလဲ။ အဲဒီလူတွေက တော်ကြာကျတော့ ဒီနိုင်ငံရေးကို ဆက်ပြီး မဆောင်ရွက်ပဲနဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးတွက်ကို ခြေကုတ်ယူပြီးတော့ကြားဖြတ် ကို အသုံးချပြီးတော့ ဒီ ဒီမိုကရေစီရေး အလားလာတွေကို နှောက်ယှက်နိုင် သလား။ သူတွက်မှာပေါ့ဗျား ။ ဒေါ်စုအဲဒါတွေ တွက်တယ်ဗျ။

တွက်တဲ့ပေါ်မှာ တည်ပြီးတော့ ဒေါ်စုက ကြားဖြတ်အစိုးရကို တောင်းရမလား မတောင်းရဘူးလားဆိုတဲ့ပေါ်မှာသွားပြီး ထစ်ငေါ့နေတယ်ဗျ။ သူ စင်ပေါ်ရောက်မှတက်ပြောတာ။ အဲဒါကြောင့် ကျနော်ပြောတယ်မဟုတ်လား။ စင်ပေါ်မှာကျနော်အတင်း ကောင်လေးတွေကြားထဲက ဖေါက်ထွက် ပြီးတော့ သူ့ကို `ဒေါ်စု ခင်ဗျား ကြားဖြတ်ဟာ အခုဆုံးဖြတ်ချက်ထဲမှာ ထည့်မှာလား ဆိုတော့ ၊ ထည့်ရမှာပေါ့ဆရာ`ဆိုပြီးတော့မှ ကျနော် ကိုထွန်းဝေ(ရုပ်ရှင်မင်း သားကြီး)ဆီက စာရွက်ယူပြီးတော့ ကျနော်ရေးပြီး ဖြည့်ပေးရတာဗျ ။ အဲဒီတော့ ဆိုလိုချင်တာက ဒီလိုနိုင်ငံရေးနဲ့ ပတ်သက်လို့ အဲ့ဒီအချိန်တုန်းက လူငယ်တွေကမှ ပြတ်ပြတ်သားသားရှိသေးတယ်။ ခေါင်းဆောင်တွေဖက်က သိပ်မပြတ်ဘူး။ သူတို့မှာ စဉ်းစားစရာတွေ အများကြီးရှိနေတယ်။ အဲဒီပေါ်မှာ တွန့်ဆုတ်မှုတွေ အများကြီးပါလာတယ်။

ဦးနုဖက်ကလဲ ကြားဖြတ်ကို လက်မခံနိုင်ဘူး။ သူ့အစိုးရသာ သူဖွဲ့ချင်တယ်။ ဒီဟာတွေကြောင့် ဒီလို တွန့်ဆုတ်မှုတွေကြောင့် ဒီလိုကြားဖြတ်(အစိုးရ)တို့ ဘာတို့ မဖွဲ့နိုင်ဘူး နိုင်ငံရေးကို ပြတ်ပြတ်သားသား ညီညီညာညာ မလုပ်နိုင် တဲ့ ပေါ်မှာ တည်ပြီးတော့ - စစ်တပ်က အာဏာသိမ်းသွားတာပဲ။

( ၂၁ ရက် ဇွန်လညပိုင်း RFAက ထုတ်လွှင့်တဲ့ `ခေတ်ဝန်ကိုထမ်း၍ ခေတ် လမ်းကို လျှောက်ခြင်း` အစီအစဉ်မှာ ဦးဝင်းတင်ရဲ့ ၈၈၈၈ အတွေ့အကြုံ တစိတ်တပိုင်း ဖြစ်ပါတယ် )

၈၈ ကလာက ဦးနုနဲ့ ဒေါ်စု ပေါင်းစည်းလို့ မရခဲ့တာက မြန်မာပြည်သူတွေအတွက် အကြီးမားဆုံးသောဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ရလဒ်ကကြီးပါတယ်။ လူတွေအများ
ကြီးသေခဲ့တယ်။ ဘ၀တွေပျက်ခဲ့တယ်။  
ဒေါ်အောင်ဆန်းစုကြည်တဦးဆုအသီးသီးရနေသော်ငြားလဲ ပြည်သူလူထုကတော့ 
အခုထိ ဘာမျှော်လင့်ချက်မှ မရရှိသေးပါဘူး။ ဒီသင်္ခန်းစားကိုယူနိင်ဖို့  ပြန်လည်
မျှဝေလိုက်ပါတယ်။ 


4 comments :

Anonymous said...

May I say as U Zagana, "we can for give but cannot forget".

MawTay said...

အခုကော ဒေါ်အောင်းဆန်းစုကြည်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ရှိနေပြီလား...?၊ သူလုပ်လာခဲ့တဲ့ သက်တန်းတစ်လျှောက်မှာ ပြတ်ပြတ်သားသားလုပ်တာဆိုလို့ဘာတစ်ခုမှမရှိသေးပါဘူး။ ဒေါ်စုလုပ်ပေးလို့ ပြည်သူတွေ အကျိုးခံစားခွင့်ရတာဆိုလို့ လာတစ်ခုမှမရှိသေးပါဘူး။ Virginnia Tech University မှကျောင်းသားတွေ မေးတဲ့မေးခွန်းတွေမှာ ဖြေကြားတာမှာ သူကြိုးစားလို့ အခုလိုအသိးအပွင့်တွေ ဖူးပွင့်လာတာလို့ ဖြေကြားတာဟာ သူ့ဟာသူဂုဏ်တင်တဲ့အတွက်ကြောင့် အစစ်အမှန်ပြည်သူတွေရဲ့အကျိုးကို လုပ်ပေးနိုင်မည့် NLD ခေါင်းဆောင်မဟုတ်ဘူးဆိုတာကို သိလိုက်ပါတယ်။

Anonymous said...

၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နားမလည်ပါးမလည်၊ အသက် အရွယ်ငယ်ငယ် အတွေ့ အကြုံ မလုံမလောက်နဲ့ မလည်ရှုပ် ၀င်လုပ်တာ သူရော တိုင်းပြည်ပါ ပျက်သုံဉ်းဘို့ ဖြစ်လာတာဘဲ
http://www.hittai.net/index.php?show=rm&fileid=96&t=home6&id=6
Comments?this is the true history.

Anonymous said...

အခုကော ဒေါ်အောင်းဆန်းစုကြည်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ရှိနေပြီလား...?၊ သူလုပ်လာခဲ့တဲ့ သက်တန်းတစ်လျှောက်မှာ ပြတ်ပြတ်သားသားလုပ်တာဆိုလို့ဘာတစ်ခုမှမရှိသေးပါဘူး
Absolutely true.She said..I cant do it alone.If u want to get change,do it urself.She is brave but she doesent know how to do ploitics.