Wednesday 4 July 2012

လယ်ယာမြေသိမ်းမှု (ဧရာဝတီတိုင်း ညောင်တုန်း)


မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ ပထမ ၀ါဆို လဆန်း ၁၄ ရက်နေ့ ( ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက် ) (၂.၇.၂၀၁၂)

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်၊မယ်ဇလီကျေးရွာအုပ်စု ချောင်းကြီးညောင်ဇောက်ကျေးရွာရှိ လယ်ယာမြေများဖြစ်သော ကွင်းအမှတ်(၃၇၁/က) (၃၇၁/ဂ) ဦးပိုင်အမှတ်-(၂၆/၂ ၊၉/၄ ၊၂၅/၂ ၊၁၄/၂)လယ်ကွက်များကို လွန်ခဲ့သော(၁၉၈၅)ခုနှစ်မှစတင်၍ မြေရိုင်းတောများခုတ်ထွင်ရှင်းလင်းပြီး စပါးစိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုးလုပ်ကိုင်နေ သော လယ်ယာမြေများအတွက် နိုင်ငံတော်အား အခွန်အခများနှစ်စဉ်ပေးဆောင်ခဲ့ရသည်။ (၁၉၉၅-၉၆)ခုနှစ် ၀န်းကျင် တွင် နိုင်ငံတော်မှ လယ်သမားများစိုက်ပျိုးမှုအဆင်ပြေစေရန်အတွက် ရေထိန်တံခါးနှင့် ရေမြောင်းများ ဖောက်လုပ်ပေးပြီး နောက်ပိုင်းတွင် တိုင်းမှူးမှသိမ်းသည်ဟု အရာခံဗိုလ် မင်းဆွေ မှပြောပြီး၊ လယ်သမားများ၏ လယ်မြေဧကများကို ယခု နောက်ပိုင်းတွင် မင်းမင်းစိုးကုမ္ပဏီမှသိမ်းယူထားသည်။

မင်းမင်းစိုးကုမ္ပဏီမှ သိမ်းယူထားသော လယ်ဧကမှာ (၁၂၀) ခန့်ရှိပြီး လယ်မြေဆုံးသွားသော လယ်သမားဦးရေမှာ (၁၁) ရှိသည်။ မိမိတို့၏ လယ်မြေများ ပြန်လည်ရရှိရန် လယ်သမားများက လွှတ်တော်အသီးသီးနှင်သက်ဆိုင်ရာ ဌါနများသို့ နှစ်ကြိမ်တိုင်တိုင်စာဖြင့်တင်ပြခဲ့သည်။မင်းမင်းစိုးကုမ္ပဏီမှတာဝန်ခံဦးမင်းဆွေ(အရာခံဗိုလ်-ငြိမ်း)က လယ်မြေသိမ်းယူစဉ် ငါ့မှာအမိန့် နဲ့ သေနပ်ပါသည်ဆိုပြီး ယူနီဖောင်းဝတ်ရဲဘော်(၃)ဦးနှင့်အတူလာ၍ လယ်သမားများကို ပျိုးကြဲခြင်း၊ ဂိုက်ဆွဲ ခြင်း၊ စပါးရိတ်သိမ်းခြင်းများကို အဓမ္မစေခိုင်းခဲ့သည်။

ထို့ကြောင့် ရိုးသားသောလယ်သမားများကို အာဏာနှင့်ဖိနှိပ်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်းနှင့် လယ်မြေများကို မတရား သိမ်းပိုက်ခြင်းတို့ကြောင့် လယ်သမားများကမိမိတို့၏ဆုံးရှံးနစ်နာနေမှုကို ဆန္ဒဖော်ထုတ်၍ တောင်းဆိုသွားမည်ဖြစ်သည်။

မှတ်ချက်။ ။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်များနှင့် ပြည်သူလူထုကြီးထံမှ ပေးပို့လာ သောသတင်းများကို တစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂.၇.၂၀၁၂)

1 comment :

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog