Saturday 7 July 2012

ဖမ်းဆီးထိန်းသိမ်းခံ လူငယ်ကျောင်းသားခေါင်းဆောင်များ ပြန်လွတ်ပြီ

Yangon Media Group

ဇူလိုင် ၆ ရက်နေ့ ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်မြောက်ရေးကော်မတီမှ ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့် မဖြိုးဖြိုးအောင်တို့ အပါအ၀င် မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ လားရှိုးနှင့် မန္တလေးတို့မှ လူငယ်ကျောင်းသားခေါင်းဆောင်များကို ယနေ့ နေ့လည် ၁၁ နာရီက ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

"အခု ၁၁ နာရီကပဲ မနေ့ညက အဖမ်းခံလိုက်ရတဲ့သူတွေအားလုံး ပြန်လွှတ်ပေးလိုက်ပြီ ဆိုပြီးတော့ ဖုန်းဝင်လာတယ်။ သူတို့ ဒီကိုတော့ ရောက်မလာသေးပါဘူး" ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးက အတည်ပြုပြောသည်။

အဆိုပါ လူငယ်ကျောင်းသားခေါင်းဆောင်များကို ဇူလိုင် ၆ ရက် ည ၉း၃၀ ခန့်တွင် နေအိမ်များသို့ လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရှိ ကျောင်းသားခေါင်းဆောင် ၄ ဦးကိုမူ ပြည်ထဲရေးရုံးတွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ မန္တလေးမှ အောင်မှိုင်းဆန်း၊ မိုးထက်နေတို့ အပါအ၀င် မြင်းခြံမှ ၇ ဦး မုံရွာမှ ၄ ဦး၊ ရွှေဘိုမှ ၄ ဦး၊ လားရှိုးမှ ၄ ဦး တို့ ပါဝင်ကြောင်း သိရပြီး ယင်းတို့အားလုံးကို တပြိုင်တည်း လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံ လူငယ်များ ကျင်းပမည့် ဇူလိုင် ၇ ရက်နေ့ အခမ်းအနားကိုမူ ၈၈ မျိုးဆက်ကျောင်းသားများက ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ခြင်းဖြစ်ရာ ယင်းအခမ်းအနားပြီးသည့် နေ့လည် ၁၁ နာရီတွင် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

1 comment :

Anonymous said...

ဒီမိုကရေစီရတာနဲ့ ပြဿနာအားလုံး ပြေလည်လိမ့်မယ်လို့ မြန်မာတွေယူဆနေတာ အလွန်အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီပြုပြင်ရေးကာလမှာ ပရမ်းပတာ ဖရိုဖရဲ ဖြစ်လာတာကို မြန်မာတွေ ထိန်းသိမ်းနိုင်ပါ့မလားလို့လည်း မေးခွန်းထုတ်ထားပါတယ်။ မြန်မာ့ဒီမိုကရေစီပြုပြင်ရေးဟာ အထက်ကအောက်သွားတဲ့ဖြစ်စဉ်ဖြစ်ပြီး ပြည်တွင်းပြည်ပ ဖိအားပေးမှုတွေကြောင့် လုပ်နေတာဖြစ်ပါတယ်။ အစိုးရက ထိန်းနိုင်မယ်ထင်လို့ လုပ်ပေမယ့် ဘယ်လောက်ထိန်းနိုင်မယ်ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ ဦးသိန်းစိန်သာ ဆိုဗိယက်ခေါင်းဆောင် ဂိုဘာချော့နဲ့ တူနေရင်တော့ မြန်မာပြည်အတွက် မကောင်းဘူးလို့ဆိုပါတယ်။