Tuesday 3 July 2012

ခိုင်ဆန်းအောင်


ပေါ်ဒါတံထား  လာဘ်စားမှုကြီ: 
 ကမ္ဘာ့ဘဏ်နှင့် ဘင်္ဂလားဒေ့ရှ် 
အရှုပ်တော်ပုံ


ခိုင်ဆန်းအောင်
ဇူလိုင် ၃ ရက်၊ ၂၀၁၂။

ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လ ၃၀ ရက်နေ့ထုတ်ပြန်ချက်တစောင်ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရ နဲ့ ပြည်သူ တရပ်လုံးကိုပါ တုန်လှုပ်သွားစေခဲ့တယ်။ ချိပ်ခ်ဟာဆီနာဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အ၀ါမီ လိ(ခ်)ပါတီရဲ့ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်း စဉ်တွေထဲမှာ နိုင်ငံရဲ့ ၄ မိုင်မျှ ရှည်လျားတဲ့ ပေါ်ဒါမြစ်ကိုဖြတ်ကျော် တည်ဆောက်မယ့် အဆင့်မြင့်ပြီး၊ အမြန်ရထားပါပြေးနိုင်တဲ့ တံထားကြီး အကြောင်းလည်း ပါဝင်တာ ဖြစ်ပါတယ်။ မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး၊ အစိုးရ ဖွဲ့ပြီးတဲ့နောက် ဒီအာဏာရပါတီ ဘင်္ဂလားဒေ့ အ၀ါမီလိ(ခ်) Bangladesh Awami League ( AL ) အစိုးရဟာ ပေါ်ဒါ တံထားကြီး တည် ဆောက်ရေးအတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယန်ချေးယူဖို့ ၂၀၁၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ကတည်းက နှစ်ဖက်သဘောတူ ထားခဲ့ကြ ပြီး ဖြစ်ပါ တယ်။ စုစုပေါင်း လိုငွေက ဒေါ်လာ ၂.၉ ဘီလီယန်ပါ။ ဘင်္ဂလား ဒေ့ရှ်၏ အဓိကမြစ် ကြီးသုံးသွယ်ဖြစ်တဲ့ ပေါ်ဒါ၊ မဂ္ဂနာ နဲ့ ဂျမူနာ တို့ ထဲက ပေါ်ဒါမြစ် ကြီး ဟာ ကီလိုမီတာ ၁၂၀ ရှည်လျားပြီး၊ နိုင်ငံရဲ့ အရှည် လျား ဆုံးမြစ်လဲဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ပေါ်ဒါတံထား တည်ဆောက် ရေးမှာ ဦးဆောင်တဲ့ ငွေကြေးဆိုင်ရာ ချေးငှားမြှုပ်နှံမည့် ဌာနကြီးဖြစ်တယ်။ ယင်းအပြင် တံထား ကြီးဖြစ်မြောက်အောင် တည်ဆောက် ရေးအတွက် နာမည် ကြီးငွေကြေး မတည်ချေးပေးကြမယ့် ဌာနကြီးတွေဖြစ်တဲ့ ADB ခေါ် Asian Development Bank အပါအ၀င် Japan International Cooperation Agency နှင့် Islamic Development Bank တို့ကပါ ၀ိုင်း ၀န်းပြီး ငွေကြေးထုပ်ချေး သွားကြမှာပါ။ သူတို့ရဲ့ အတိုးနှုန်းဟာ ၀.၇၅ ရာခိုင်နှုန်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့လွန်ခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ထုတ်ပြန်ချက် ထဲမှာ ယုံကြည်စိတ်ချရ လောက်သော အထောက် အထားများက ဘင်္ဂလားဒေ့ရှ်က အဆင့်မြင့် အစိုးရ အရာရှိ တချို့ရဲ့ အကျင့်ပျက် ခြစား မှုများ တွေ့ ရှိနေလို့ ကမ္ဘာ့ ဘဏ်ကနေ အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယန် ထုပ်ချေး မည့် အစီအစဉ်ကို ရုပ် သိမ်းလိုက်ကြောင်း ဖော်ပြပါရှိပါတယ်။

တည်ဆောက်မည့် ပေါ်ဒါတံထားကြီးပုံရိပ်လွှာ
အစိုးရဖက်ကရော အတိုက်အခံဖက်ကရော အခြားသော အဖွဲ့အစည်းတွေ၊ တတ်သိ ပညာရှင် တွေဖက်ကပါ တုန့်ပြန်မှုတွေ ချက်ချင်းလက်ငင်း ပေါ်ထွက်လာခဲ့တယ်။  အစိုးရ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ မူဟိက ကမ္ဘာ့ဘဏ်ရဲ့ ဆုံးဖြတ်ချက်ဟာ ယုတ်တိမရှိဘူး၊ နည်းလမ်းမကျဘူး၊ သတင်းမှန် လည်းမဟုတ်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စအပေါ် ခုထက်တိုင် ကမ္ဘာ့ဘဏ်နှင့်ဆက်သွယ် လုပ် ဆောင်နေသေးကြောင်းနှင့် ယင်း၏ ဆုံးဖြတ်ချက်ကို ပြန်လည်ဆန်းစစ် စဉ်းစားပေးဖို့လည်း တောင်းဆိုထား တယ်လို့ ဆိုပါတယ်။ သူက ဆက်ပြီး ကမ္ဘာ့ဘဏ်နှင့်ဘင်္ဂလားဒေ့ရှ်ရဲ့ ဒီ စီမံကိန်း ကိစ္စဟာ ဇူလိုင်လ ၂၇ ရက်နေ့အထိ အကျုံးဝင်မှုရှိကြောင်းနှင၊့် ဇွန်လ ၃၀ ရက်နေ့မှာ သက်တမ်း ကုန် ဆုံးတော့မယ့် လက်ရှိ ကမ္ဘာ့ဘဏ်ဥက္ကဌ မစ္စတာ ဇီယိုလိ (Mr. Robert Zoellick) က ကိစ္စ မပြီးပြတ်မရှင်းဘဲ သူရဲ့ ပုဂ္ဂိုလ်ရေးအရ လုပ်ငန်းသိမ်း လိုက်တာဘဲ လို့ဆိုပါတယ်။ ဆက်သွယ် ရေးဝန်ကြီး မစ္စတာ အိုဘိုင်ဒူ ကတော့ ဒီတံထားကြီးကို သတ်မှတ်ထားတဲ့အတိုင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှာ စတင် နိုင်အောင် ကမ္ဘာ့ဘဏ် ကငွေထုတ်မချေးရင်တောင် တခြား အလှုရှင်တွေနဲ့ ပူးပေါင်း တည်ဆောက်သွား မှာဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ မဟာမိတ်ပါတီတွေကလည်း ကမ္ဘာ့ဘဏ်ဟာ ပြဿနာရင်းမြစ်ကို ခိုင်လုံတဲ့ အထောက်အထားတွေ မတွေ့ရှိခဲ့ဘဲ ထင်သလို အဆောတလျင် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်၏ တိုးတက်မှုကို ဆုတ် ယုတ်ပျက်ပြား စေခဲ့တယ်လို့ ကန့်ကွက်ပြောဆိုကြပါတယ်။ 



 ဘဏ္ဍာရေးဝန်ကြီး မစ္စတာ မူဟိ
အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ Bangladesh Nationalist Party (BNP)  ကတော့ အစိုးရကို အပြင်းအထန်ရှုံ့ချလိုက်ပါတယ်။ အဆင့်မြင့်အစိုးရအဖွဲ့ဝင်တွေရဲ့ အကျင့်ပျက် ခြစား မှုတွေဟာ ကမ္ဘာ့အလယ်မှာ နိုင်ငံတော်ရဲ့မျက်နှာကို အိုးမဲသုတ်ခဲ့ ကြတာဖြစ်ပြီး၊ တိုင်းပြည်အာဏာ ကို လက်လွှတ်ပေးသင့်ကြောင်း  BNP ပါတီခေါင်း ဆောင် ဘေဂင်ခါလေဒါဇီယာက တောင်းဆိုလိုက် ပါတယ်။ အ၀ါမီလိ(ခ်)ပါတီဟာ တိုင်းပြည် ငွေကြေးမြောက်များစွာကို အလွဲသုံးစားလုပ်နေပြီး လာ မယ့်ရွေးကောက်ပွဲမှာ မဲဝယ်ဖို့ ကြိုးစားနေတာသာဖြစ်ကြောင်းလဲ စွပ်စွဲလိုက်ပြီး၊ အပြစ်ရှိ သူတွေ ကိုချက်ချင်း အရေးယူ ပေးဖို့ကိုပါ ခါလေဒါဇီယာက အစိုးရကို တောင်းဆိုပါတယ်။ ယင်းအပြင် ဒီပြဿနာ ထဲမှာ ၀န်ကြီးချုပ် ချိပ်ခ်ဟာဆီနာကိုယ်တိုင်နှင့်သူ့မိသားစုဝင်တွေကပါ ပတ်သက်မှု ရှိတယ်လို့လည်း သူကစွပ်စွဲပြော ဆိုပါတယ်။ ယင်းအကျင့်ပျက်သူများ အနေဖြင့် တိုင်းပြည် မျက်နှာကိုထောက်ပြီး မိမိတို့ ပါတီကပါ နှုတ်ထွက်သွားသင့်ကြ တယ်လို့ အတိုက်အခံ ခေါင်း ဆောင်ကပြောဆိုပါတယ်။
ပေါ်ဒါတံထားစီမံကိန်းရဲ့ပြဿနာဟာ ငွေကြေးမတည်ပေးကြမယ့် အလှုရှင်တွေ၊ အဓိကအားဖြင့် ကမ္ဘာ့ဘဏ်ရဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအပေါ် သံသယမရှင်းမှုက စတင်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ တံထားဆောက်လုပ်ရေးလေလံရ ရှိခဲ့တဲ့ ကနေဒါနိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီ SNC Lavalin ရဲ့ အကြီးအကဲ တာဝန်ရ ပုဂ္ဂိုလ်တစ်ဦးအပါအ၀င် အခြားဝန်ထမ်း ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရထိပ် ပိုင်း ပုဂ္ဂိုလ်တချို့တို့၏ မသင်ခါဖွယ်ရာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေခြင်း ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် SNC Lavalin က ယင်းအကျင့်ပျက်မှုနဲ့ ပါတ်သက်သူတွေကိုလည်း ကနေဒါ ရဲက ထိမ်းသိမ်းထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ဘဏ် ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရဆီကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင်တကြိမ်၊ ၂၀၁၂ ခုနှစ် ဧပြီလမှာတကြိမ် တရားဝင် အကြောင်းကြား ပေး ခဲ့တယ်။ ဒီလို လဒ်ပေးလဒ်ယူ အလွဲသုံးစားမှုတွေကို ရှောင်ရှားဖြေရှင်းပေးဖို့ တိုင်ကြား ခဲ့တာ ဖြစ်တယ်။ ကမ္ဘာ့ဘဏ်ရဲ့ ဒုတိယဥက္ကဌကိုယ်တိုင် ၂၀၁၁ ခုနှစ် စက်တင်လာ ၂၁ ရက်နေ့က လာ ရောက်ပြီး ကန့်ကွက်စာ ပေးခဲ့ ရာမှာ အစိုးရ အဖွဲ့ထဲက ဆက်သွယ်ရေးဝန်ကြီးနှင့် ပေါ်ဒါတံထား စီမံကိန်းထဲက အခြားအစိုးရအရာရှိတချို့ကိုပါ စွပ်စွဲထားရှိပါတယ်။ ဒါ့အပြင် စီမံကိန်းကို လည်း ယာယီရပ်ဆိုင်း လိုက်ခြင်းလဲဖြစ်တယ်။ အစိုးရဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆက် သွယ်ရေးဝန်ကြီး အာဘူလ် ဟူစိန်ကို ဆက်သွယ်ရေးဌာန ၀န်ကြီးအဖြစ်ကနေ ဖယ်ရှားလိုက်ပြီး သ တင်း ပြန်ကြားရေး ၀န်ကြီးအဖြစ် တာဝန် ပေးအပ်လိုက် ပါတော့တယ်။
2011-10-20__f02ဆက်သွယ်ရေးဝန်ကြီးဟောင်း အာဘူလ်ဟူစိန်
ယင်းနောက် ဆက်သွယ်ရေးဝန်ကြီးရာထူးကိုတော့ အာဏာရ AW ပါတီခေါင်းဆောင် တဦးဖြစ်တဲ့ မစ္စတာ အိုဗိုင်ဒူကို ခန်ကအပ်ပေး လိုက် တာဖြစ်ပါတယ်။ တပြိုင်နက် တည်းမှာ လာဘ် ပေး လာဘ်ယူ ပပျောက်ရေး ကော်မရှင် Anti-Corruption Commission (ACC) ကို အစိုးရက ဒီအမှုကိုကိုင်တွယ် စစ်ဆေးဖို့ တာဝန်ပေး လိုက်ပါတော့တယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကမ္ဘာ့ဘဏ်ရဲ့ ဒေသ ဆိုင်ရာ အကြီးအကဲဟာ ဆက်သွယ် ရေးဝန်ကြီးသစ် အိုဗိုင်ဒူနဲ့ တွေ့ဆုံမိတ်ဆက် ပွဲလုပ်ခဲ့ပြီး၊ ၀ါရှင်တန် ကိုပြန် ရောက်ရင် ပေါ်ဒါတံထားစီမံကိန်းကို ဌာနချုပ်မှာ ဆွေးနွေးတင်ပြပေးမယ်လို့ အသိပေးခဲ့ ကြောင်းသိရပါတယ်။ ACC ဟာ ယနေ့ထိတိုင် ဒီ လာဘ် ပေးလာဘ်ယူမှုနဲ့ ပါတ်သက် ပြီး သေချာ ရေရာတဲ့ အထောက်အထား တစုံတရာကိုမျှ ဖော် ထုတ် မပေးနိုင်ခဲ့ပါဘူး။ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ် ကြောင်း ဆိုပါတယ်။ ကမ္ဘာ့ဘဏ်က ACC ထဲမှာ သူတို့ဖက်က တဦးဦးကို တိုက်ရိုက်ပါဝင် စေလိုတယ်၊ ဒါကို ဥပဒေ ကြောင်း အရ မဖြစ်နိုင်ဘူးဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်မပြုခဲ့ပါ။ ACC ကိုဘဲ ပိုမို အား ကောင်းလာအောင် ၀ိုင်းဝန်း ပေးကြ ဖို့ဆိုခဲ့တယ်။ ဒီအပေါ်မှာလဲ ကမ္ဘာ့ဘဏ် ဘက်က နေ သိပ်ကျေနပ်ခဲ့ကြပုံ မပေါ်ခဲ့ပါ။ ထူးခြား ချက် တခုကတော့ ကမ္ဘာ့ဘဏ်ဟာ ကနေဒါ ကုမ္ပဏီ SNC Lavalin အစား သူ့အလိုကျ ဆောက် လုပ်ရေး အေဂျင်စီ တခု ကိုသာအသုံးပြုလိုပုံရပါတယ်။  အခြားတဖက်မှာ အစိုးရဟာ မလေးရှားအစိုးရ အပါအ၀င် အခြားသော နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့ အစည်း တွေနဲ့လည်း ပေါ်ဒါတံထား စီမံကိန်းကို ဆွေးနွေးလာနေတာဖြစ်ပါတယ်။ လေ့လာသူတွေကတော့ ကမ္ဘာ့ဘဏ် မဟုတ်ဘဲ တခြားသောဘဏ်တွေဆီက ချေးယူ ဖို့အရေးဟာ အချိန်ကုန်ပြီး၊ အတိုး နှုန်းထားအရ အကျိုး လည်းနည်းစေမှာဖြစ်ကြောင်း ထောက်ပြကြပါတယ်။

အစိုးရ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ မူဟိဟာ ဇူလိုင်လ ၂ ရက်နေ့က ပေါ်ဒါတံထား စီမံကိန်းရဲ့ လက်ရှိအနေအထားတွေအကြောင်းစုံကို ပါလီမန်မှာ တင်သွင်းဆွေးနွေး ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ရုတ်တရက်ထွက်ပေါ်လာခဲ့တဲ့ ချေးငွေရုပ်သိမ်းခြင်း ဆုံးဖြတ် ချက်အပေါ် လွန်စွာဘဲ စိတ်မ ကောင်း ဖြစ်ရကြောင်း၊ ကမ္ဘာ့ဘဏ်ဟာ အဖွဲ့ ၀င်နိုင် ငံ တခုအပေါ် ဒီလိုပြုမူ မဆက်ဆံသင့်ကြောင်းနှင့် ခိုင်လုံတဲ့သက်သေပြချက် အထောက် အထား တစုံတရာမရှိဘဲ တဖက်သားကို လာဘ်ပေး လာဘ် ယူမှုနဲ့ စွပ်စွဲ လိုက်တာဟာ လုံးဝလက်ခံနိုင်ဖွယ်ရာကိစ္စရပ်လည်း မဟုတ်ကြောင်းဆိုပါသည်။ ကမ္ဘာ့ဘဏ်ဟာ သူတို့ကိုယ်ကလဲ ကောလာဟာလများအပေါ် စစ်ဆေးတွေ့ရှိခြင်း မရှိသလို၊ ကနေဒါ SNC Lavalin ဆီကလဲ သေချာတဲ့အထောက်အထားကိုယူမပေးနိုင် ခဲ့ပါ။ ဒါ့ကြောင့် ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လ ၃၀ ရက်နေ့ဆုံးဖြတ်ချက်ဟာ တဖက်သတ်ဆန် လွန်းတယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို ပြန်ပြီးအဆင်ပြေလာစေဖို့ ကမ္ဘာ့ဘဏ်အကြီး အကဲတွေနဲ့ ဆက် သွယ် ညှိနှိုင်းသွား မှာဖြစ်ကြောင်း ပါလီမန်မှာရှင်းလင်းခဲ့ပြီး၊ ကမ္ဘာ့ဘဏ်ကလည်း ပြန် လည်စဉ်းစားပေးလိမ့်မယ်လို့ သူကမျှော်လင့်ကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်။

http://bdnews24.com/nimage/2012-07-03-11-00-59-Jim%20Yong%20Kim.jpg
ကမ္ဘာ့ဘဏ် ဥက္ကဌသစ် မစ္စတာ ကိမ်း

ယင်းနေ့ ဇူလိုင်လ ၂ ရက်နေ့မှာဘဲ ကမ္ဘာ့ဘဏ်နဲ့အတူ ပေါ်ဒါတံထား စီမံကိန်းမှာ ငွေကြေးမတည် ချေးငှားပေးမည့် ADB ခေါ် Asian Development Bank ကလည်း ကမ္ဘာ့ဘဏ်၏ဆုံးဖြတ်ကို ထပ်တူ ထပ်မျှသဘောတူ လက်ခံကြောင်းနှင့် ADB သည် လည်း ယခုယနေ့မှစပြီး ဒီစီမံကိန်းအပေါ် ငွေကြေးပံ့ပိုးမှုကို ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ အလားတူဘဲ JICA ခေါ် Japan International Cooperation Agency ကလည်း ဒီစီမံကိန်းအပေါ် မိမိတို့အစိုးရနှင့် ထပ်မံ ဆွေးနွေး ရမည်ဖြစ်ကြောင်း သဘောတား ထုတ်ပြန်လိုက်တယ်။ တချိန်တည်းမှာ ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဌသစ် မစ္စတာ ကိမ်း Jim Yong Kim ဟာ ဇူလိုင်လ ၁ ရက်နေ့မှာ သူ့တာဝန်ကို စတင် ထမ်းဆာင်ခဲ့ပါတယ်။ သူဟာ နောက်နေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ပထမ ဆုံး အကြိမ်ဖြစ် သတင်း စာရှင်းလင်းပွဲကို ကျင်းပပေးခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် ပေါ်ဒါတံထား စီမံကိန်းနှင့်ပါတ်သက်လို့ တာဝန် လွှဲပြောင်းပေးခဲ့သူ ယခင်ဥက္ကဌ မစ္စတာ ဇီယိုလိ (Zoellick) ၏ဆုံးဖြတ်ချက်ဟာ သင့်တော်မှုရှိကိစ္စရပ်ဖြစ်ကြောင်းပြောဆိုပါတယ်။ သူ့အနေဖြင့် ဆင်းရဲနွမ်းပါးကြတဲ့ ဘင်္ဂလား ဒေ့ရှ်ပြည်သူအပေါ်ကိုယ်ချင်းစာသော်ငြားလည်း၊ ကမ္ဘာ့ဘဏ်ဟာ လာဘ်ပေး လာဘ်ယူ အကျင့်ပျက် ခြစားမှုတွေအပေါ်မှာ သည်းညည်းခံမှု အလျင်းမရှိကြောင်းကိုပါ ထပ်လောင်း ပြောပြ လိုက်ပါ သေးတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပေါ်ဒါတံထား (Padma bridge) ကြီးဖြစ်ပေါ်လာရေးဟာ တိုင်းပြည် တိုးတက် ဖြစ်ပေါ် မှုရဲ့  အဓိက အဆောက်အအုံကြီးတခုဖြစ်သလို၊ ပြည်သူများစွာတို့ရဲ့ စီးပွါးရေးချောမွေ့စွာ လည်ပတ်ရေးကို အထူးအထောက်အကူပြုပေးနိုင်မှာ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်ဟာဖြင့် ဒီမျှော်လင့်ချက်ထားရှိခဲ့ကြတဲ့ နိုင်ငံသားတွေ အတွက် မသေးမကွဲေ၀၀ါးနေဆဲပါ။ ဒီစီမံကိန်းဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ စိန်ခေါ်မှု တခုလို့လည်းဆိုနိုင်ပါတယ်။ အစိုးရ အဆက်ဆက်တို့ရဲ့ အကျင့် ပျက်ခြစား ဖောက် ပြန်မှုတွေက ရရှိလာခဲ့တဲ့ ဆိုးမွေတွေကို ပြည်သူလူထုက ခံစားကြရခြင်းပါဘဲ။ အခြားတဖက်မှာ နိုင်ငံရေးခေါင်းဆောင်တချို့နှင့် အပေါင်းပါစီးပွါးရေးသမားတစုတို့ရဲ့ မသာ မှု တွေကြောင့် နိုင်ငံတည်ဆောက်ရေးကို ထိပါးလာခဲ့တလည်းဖြစ်တယ်။ Transparency International Bangladesh (TIB) လေ့လာ ချက်တတော့ ဒါဟာ ဘင်္ဂလားဒေ့ရှ်ကို ကမ္ဘာ့ဘဏ်က အတ်စေးတပ်စ် (acid test) လုပ်လိုက်တာဘဲလို့ သုံးသပ်ပါတယ်။ အစိုးရဟာ အကျင့်ပျက်ခြစားမှုတွေကို ပဖျောက် နိုင်အောင် ကြိုးစားရမယ်။ အကျင့်ပျက်သူတွေကို အရေးယူပေးရမယ်။ လုံလောက်တဲ့သက်သေ အထောက်အထားတွေနဲ့ ကမ္ဘာ့ဘဏ်ကိုသက်သေပြဖို့ကြိုးစားနိုင်ရမယ်၊ ဒီလုပ်ဆောင် ချက်တွေနဲ့ ဘဲ မိမိ တို့ရဲ့ မှန်ကန်မှုကိုထုတ်ဖော်ပြရင်း ကမ္ဘာ့ဘဏ်နဲ့ ပြန်လည် ပူး ပေါင်းဆောင်ရွက်ရေးကို တည်ဆောက်ယူဖို့နည်းလမ်းလည်းဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုမျိုး အတ်စေးတပ်စ် (acid test) အလုပ်ခံလိုက်ရတာကို အပြုသဘောနဲ့တွေးယူပြီး၊ အစိုးရရဲ့ အရည်အခြင်းမြှင့်တင်မှုဖြင့်သာ သက် သေထူပေးရမှာဖြစ်ပါတယ်။

 (ခိုင်ဆန်းအောင် )

No comments :