Sunday 23 September 2012

မိုးမခ Web မဂ္ဂဇင်းပါ သန်းဝင်းလှိုင်၏ သမိုင်းတကွေ့မှ သခင်ဗသိန်းတင် စာစုနှင့်ပါတ်သက်၍ ဖိုးသံချောင်းမှ ဦးပန်တျာ သို့ ပြန်လှန်ဖြေကြားစာ

မိတ်ဆွေကြီး ဦးပန်တျာခင်ဗျား … ဦးပန်တျာမေးမြန်းတဲ့ ဆောင်းပါးထဲမှာ အမှားတွေများလိုက်တာ ထောက်ပြချင်စိတ်တောင် ကုန်တယ်လို့ ပြောချင်ပါ တယ်။ သခင် သန်းထွန်း နောက်ဆုံးနေ့များ၊ မြက်ခင်းသစ် စတဲ့စာအုပ်တွေထဲက စစ်အစိုးရ ၀ါဒဖြန့်တာတွေကို မစိစစ် ဘဲ ကူးထည့်ထား ဟန်တူပါတယ်။ သခင်ဗသိန်းတင် နောက်အိမ်ထောင်ပြုတယ်ဆိုတာ လုံးဝမဟုတ်ပါ။ သူဟာဒီဘက်မှာ သူတော်စင်ပါ။ “ဝ” ခေါင်းဆောင် ကျောက်ညီလိုင်ရောက်လာပြီး … “အဘိုးကြီး ကျွန်တော်တို့တော့ ပုန်ကန်လိုက်ပါပြီ။ ကျွန်တော်တို့နဲ့ ပူးပေါင်းရင် နာယကကြီးအဖြစ် တင်မြှောက်ပြီး စောင့် ရှောက်ပါ့မယ်” ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ ကျောက်ညီလိုင် မလာပါ။ မုန်းလီမှာ နေခွင့်ပြုဖို့ တရုတ်တွေကို တောင်းဆိုတယ်ဆိုတာ မဟုတ်ပါ။ မုန်းလီဆိုတဲ့နေရာ မြေပုံပေါ်မှာတောင် မရှိပါ။ ဆောင်းပါးနောက်ဆုံးပိုင်းမှာပါတဲ့ မုန်းလျံ (မုန်းသျှံ မဟုတ်ပါ) မှာ စည်းဝေးသုံးသပ်ချက်ဆိုတာတွေလည်း လုံးဝ မဟုတ် ပါ။ အဲဒီတုန်းက ရှေ့လုပ်ငန်းစဉ်ကို စဉ်းစားဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တာတွေကို သုံးသပ်တာမဟုတ်ပါ။ အဲဒီအောက်မှာပဲ ရှေ့လုပ်ငန်းစဉ် (၃) ရပ်ဆိုတာလည်း လုံးဝမဟုတ်ပါ။ ဆောင်းပါးပါအချက်တွေဟာ ရမ်းတုတ် ထားတာတွေပါ။ ကား ၃၃ စီးဖြင့် ဆိုတာလည်း မဟုတ်ပါ။ ၁၀ စီး တောင် မရှိဘူးထင်ပါတယ်။ ကျနော်ကိုယ်တိုင် တစ်စီးပေါ်မှာ ပါပါတယ်။ ပန်ဝါမှာနေရင်း မျက်စိနာလာလို့ ဆိုတာလည်း မဟုတ်ပါ။ ပန်ဝါကနေ ပြန်ထွက်လာကြတဲ့အခါမှာ ခေါင်းဆောင်များက တော်လှန်ရေးဟာ မြေအောက်အသွင်နဲ့ပဲ ဆက်သွားရတော့ မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအခါမှာ ဥက္ကဋ္ဌ သခင်ဗသိန်းတင် လို လူသိများလို့၊ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့်မို့ မြေအောက်လုပ်ငန်းမလုပ်နိုင်သူတွေကို နားဖို့ တိုက်တွန်းခဲ့ပါတယ်။ သူဟာ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ညနေ ၃ နာရီမှာ တရုတ်ပြည် ဟူနန်ပြည်နယ်၊ ချန်ရှားမြို့မှာ ကွယ်လွန်သွားပါတယ်။ သူ့ အရိုးပြာကို မြစ်ထဲမျှောခဲ့ပါတယ်။ မိတ်ဆွေရင်းသဖွယ် … ဖိုးသံချောင်း

No comments :