Wednesday, 7 November 2012

အချောင်သမား တဦးရဲ့ ဇတ်လမ်း

အမေရိကန် သံရုံးဘေးက ဆန္ဒထုတ်ဖော်သူများနဲ့ မိုးကျရွှေကိုယ်
နေ့သစ် .. http://www.naytthit.net/?p=31505

မိုးအကုန်ဆောင်းအကူးမှာ ရန်ကုန်မြို့ရဲ့ မနက် ၉ နာရီ အပူရှိန်က ပြင်းစပြုနေပါပြီ။ ခရီးသွားတချို့ ထီးဆောင်းနေကြ ပေပြီ။ ရန်ကုန်မြို့ရဲ့ လူကုံထံရပ်ကွက်တခုဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာလည်း ကိုယ်ပိုင်ကားတွေ စီရရီရ။ တစီးစ၊ နှစ်စီးစကတော့ အများပြည်သူ အားကိုးအားထားပြုရတဲ့ လိုင်းကားတွေပါ။ ရန်ကုန်မနက်ခင်းကတော
့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ သက်ဝင်နေချိန်။

အမေရိကန်သံရုံးရဲ့ ဘေးနားမှာ တိုက်ကြီးတလုံးရှိနေပါသည်။ အတော်ကြီးမားတဲ့ တိုက်ကြီးရဲ့ တန်ဖိုးက သိန်းကို သောင်းနဲ့ချီမှာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ၀င်ငွေကောင်းနေတဲ့ လုပ်ငန်းတခုမို့လို့ ဒီလောက်တန်ဖိုးရှိတဲ့ အဆောက် အဦကို ပိုင်ဆိုင်တယ်ဆိုတာ ငြင်းဆိုမည့်သူ မရှိလောက်ဟုထင်ပါသည်။ အဲဒီ့တိုက်ကြီးကတော့ မိုးထိမိုးမိဒေသခံတွေနဲ့ ပြဿနာဖြစ်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင် တိုက် ဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေပူပူကြားထဲမှာ ဆန္ဒဖော်ထုတ်နေတဲ့ မိုးထိမိုးမိ ဒေသက ရွှေလုပ်သားတွေကတော့ သူတို့ရင်ထဲက အပူက နေအပူထက်ပိုပြင်းလို့ထင်ပါရဲ့ နေပူထဲမှာ အမိုးအကာမပါဘဲ စာရွက်ပေါ်မှာ သူတို့ဆန္ဒထင်ဟပ်နေတဲ့ စာသား တွေကို ရေးသားပြီး ကိုင်ဆောင်ထားကြပါတယ်။ ကုမ္ပဏီကလည်း ဗွီနိုင်းတွေပေါ်မှာ ဆန္ဒပြသူတွေကို အချောင်သမား လို့ အဓိပ္ပါယ်ရတဲ့ စာတမ်းတွေကို ချိတ်ဆွဲထားတာကြောင့် ကုမ္ပဏီနဲ့ ရွှေလုပ်သားတွေကြား ကြီးကြီးမားမား သဘော ထား ကွဲလွဲနေကြတာ သိသာပါတယ်။ ဘေးမှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ယူနီဖောင်းအပြည့်အစုံနဲ့ လုံခြုံရေးယူထား တဲ့ ရဲတပ်သားတွေရှိနေပြီး အမေရိကန်သံရုံးဘက်က လေ့လာစောင့်ကြည့်နေသူတွေကိုတော့ မတွေ့ရပါဘူး။

ကျမတို့ ရောက်သွားတဲ့ အချိန်မှာ ရွှေလုပ်သားတွေက ကြွေးကြော်သံတွေကို ဆိုနေကြပြီး ရွှေလုပ်သားတွေဘက်က ရပ် တည်ပေးနေတဲ့ ရှေ့နေ ဦးဌေးကတော့ သူကို မေးမြန်းနေသူတွေကို ပြန်လည်ဖြေကြားပေးနေပါတယ်။ ဦးဌေးက “အခု ဆန္ဒပြတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ရွှေလုပ်သားတွေရဲ့ မူလအစီအစဉ်က နိုဝင်ဘာ ၅ ရက်နေ့ကနေ ၉ ရက်တိုင်တိုင် ဆန္ဒထုတ်ဖော်မှာဖြစ်ပေမဲ့ ကမာရွတ်ရဲစခန်းမှူးက နှုတ်မိန့်နဲ့ တရက်စီပဲ ဆန္ဒပြခွင့်ပေးမယ်လို့ပြောပြတယ်။ တကယ်လို့ ငြင်းပယ်တာဆိုရင် အယူခံခွင့်ရှိပေမဲ့ သူက ငြင်းပယ်တာမဟုတ်ဘူး၊ လျောက်လွှာစာရွက်ကို ဒီအတိုင်းပြန်ပေးတာဖြစ်လို့ ကျနော်တို့မှာ အယူခံခွင့်ပါဆုံးရှုံး ရတယ်” လို့ ဦးဌေးက ရှင်းပြပါတယ်။ တတိယအကြိမ်ဆန္ဒပြဖို့အတွက် ဒီနေ့ပြီးတာနဲ့ လျှောက်လွှာထပ်တင်ရအုံးမယ်လို့ ပြောပါတယ်။

ကျမအနေနဲ့ ရွှေလုပ်သားတွေကို မေးမြန်းကြည့်မိတော့ မိုးထိမိုးမိဒေသမှာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရဲ့ အဓမ္မ လုပ်အားပေးခိုင်းတဲ့ အကြောင်းလည်း သိရပါတယ်။ မောင်သန်းဌေး (အမည်လွှဲ) က “ကျနော်တို့တွေက အလုပ် သမားတွေပါ။ ဒီနေ့အလုပ်လုပ်မှ ဒီနေ့အတွက် ထမင်းစားရမှာပါ။ မိုးထိမိုးမိတောင်ပေါ်မှာ သွားလာနေတဲ့ ကားတွေက ကုမ္ပဏီက ကားတွေပါ၊ အဲဒီ့ကားတွေ သွားဖို့ လမ်းဖောက်တော့ ကျနော်တို့ကို လုပ်ခိုင်းပါတယ်။ လမ်းဖောက်ဖို့သွားတဲ့ အတွက် လုပ်ခလည်းမပေးလို့ ကျနော်တို့က မလုပ်ချင်ပါဘူး။ ကျနော်တို့မလုပ်ဘူးဆိုရင်လည်း ဒီတောင်ပေါ်ကို တက် ခွင့်မပေးတော့ဘူး၊ အလုပ်လုပ်ခွင့် မပေးတော့ဘူးပြောလို့ ကျနော်တို့ သွားကြရပါတယ်” လို့ ပြောပြပါတယ်။

ရွှေထုတ်ဖော်ကြတဲ့ အခါမှာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အ ကြောင်းအရာတွေကိုလည်း သတိထားပြီး မေးကြည့်မိပါတယ်။ ရွှေထုတ်လုပ်ရာမှာ ဆိုင်ရာနိုက်အက်စစ်၊ ပြဒါး စတာ တွေ အသုံးပြုပါတယ်။ အဲဒီ့ကထွက်တဲ့ စွန့်ထုတ်ရေတွေကို စနစ်တကျမစွန့်ပစ်ဘူးလို့လည်း သိရပါတယ်။ စွန့်ထုတ် ရေတွေကို လှောင်ထားတဲ့ ကန်တွေအနားက ဖြတ်သွားတဲ့ လူတွေဆိုရင် အဲဒီ့ကန်တွေကထွက်တဲ့ အနံဆိုးတွေကြောင့် မူးဝေအော့အန်တာမျိုးတွေ ခံစားကြရတယ်လို့ ပြောပြပါတယ်။ မိုးထိမိုးမိရဲ့ အခြေအနေမှန်ကိုသိချင်ရင် သတင်းသမား တွေအနေနဲ့ လာရောက်လေ့လာဖို့ကိုလည်း ရွှေလုပ်သားတွေက ဖိတ်ခေါ်ပါတယ်။

ကုမ္ပဏီကတော့ သတင်းသမားတွေကြားမှာ ချုပ်ဆိုခဲ့တဲ့ ရွှေမြင်တင် သဘောတူညီချက်စာချုပ်ပါ အချက်အလက်တွေ ကို လုပ်ပေးပြီးပြီလို့ ပြောခဲ့ပေမဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ရွှေလုပ်သားတွေကတော့ သူတို့ချင်တဲ့ အချက်တွေရတဲ့ လူ တွေ ရှိပေမဲ့ မရတဲ့လူတွေလည်း ရှိတယ်လို့ပြောပါတယ်။ ရတဲ့ လူတွေကလည်း ရွှေမြင်တင်စာချုပ်ပါ အချက် ၆ ချက်မှာ တချက်ခြင်းစီကို ၂၅% လောက်စီပဲ လိုက်လျောခဲ့တာလို့ ပြောပါတယ်။ ရွှေလုပ်သားတွေရဲ့ နစ်နာကြေးက ၃ မျိုးရှိ တယ်လို့ သိရပါတယ်။ မေလ ၅ ရက်နေ့ကတည်းက လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ရက်ပေါင်း ၄၀ နစ်နာကြေး ရှိပါတယ်။

နောက်တခုကတော့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနဲ့ အတူမလုပ်နိုင်တော့သူတွေအတွက်ပေးရမယ့် နစ်နာကြေးဖြစ်ပါတယ်။ အဲဒီ့နစ်နာကြေးတွေ မရကြသေးသူတွေရှိနေပါတယ်။ ဆက်လက်လုပ်ကိုင်လိုသူတွေကိုတော့ ယခင်သဘောတူညီချက်က ၁ နှစ်လုပ်ကိုင်ခွင့်ပေးမယ်လို့ပြောပေမဲ့ အခုတော့ ၄ လပဲ လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောင်း လဲလိုက်ပါတယ်။ အဲဒီလို ပြောင်းလဲလိုက်တာကြောင့် ရင်းနှီးမြုပ်နှံသူတွေဟာ ရွှေဖြုံးမတွေ့ခင် ပေးထားတဲ့ အချိန်စေ့ သွားပြီး ဆက်လက်လုပ်ကိုင်မည့် ကုမ္ပဏီကပဲ အကျိုးဖြစ်ထွန်းပြီး လုပ်ငန်းရှင်ငယ်တွေအတွက် ငွေကုန်တာပဲရှိပြီး အ ကျိုးမရှိပါဘူး။ ဒါကြောင့် လုပ်ငန်းရှင်ကလေးတွေက နစ်နာကြေးတောင်းဆိုနေတာပါ။

နောက်ထပ်ပိုဆိုးဝါးတဲ့ ကိစ္စတွေကတော့ လုံခြုံရေးဝန်ထမ်းတွေဟာ ရွှေလုပ်သားတွေကို လက်ထိပ်ခတ် ဖမ်းဆီးတာ ချုပ်နှောင်တာ၊ ရိုက်နှက်နှိပ်စက်တာတွေလည်း ရှိနေသေးတယ်လို့ ကြားရပါတယ်။ အဲဒီ့ဝန်ထမ်းဆိုးတွေကို ဘယ်သူက မှ ဥပဒေအတိုင်း အရေးမယူပါဘူး။

ဒါကြောင့်လည်း အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက မိုးထိမိုးမိဒေသမှာ လူ့ အခွင့်အရေးချိုးဖောက်ခွင့်ကို လေလံနဲ့အတူအောင်ခဲ့ပုံရပါတယ်။ အဲဒီ့အခွင့်အရေးတွေ အတွက်ပါ တရားမျှတစွာ တောင်းဆိုနေတာပါ။ ရွှေလုပ်သားတွေဟာ စာချုပ်ပါအချက်အလက်များသာမဟုတ်ဘဲ သူတို့ခံစားနေရတဲ့ နစ်နာမှုအ တွက်ပါ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်

ကျမတို့ စကားဝိုင်းအတွင်းမှာ ရှိနေတဲ့ သတင်းထောက်မလေးက မတရားမှုတွေအတွက် ဘာကြောင့် တရားမစွဲရတာ လဲဆိုတဲ့ မေးခွန်းကို ရှေ့နေ ဦးဌေးက “တရားမမှုအတွက် တံဆိပ်ခေါင်းခက ဈေးအရမ်းကြီးမြင့်ပါတယ်။ သူတို့ကိုယ် တိုင်က တရားခံအဖြစ် စွဲဆိုခံနေရတဲ့အပြင် ရှေ့နေငှားခ၊ တရားရုံးခ၊ တံဆိပ်ခေါင်းခတွေပါ မတတ်နိုင်တာကြောင့် တ ရားစွဲဖို့ မလွယ်ပါဘူး။ ဒါပြင်လည်း သူတို့နစ်နာချက်တွေက စာချုပ်ပါအချက်တင်မကဘဲ ပြင်ပမှာပါ ရှိနေတယ်” လို့ရှင်း ပြပါတယ်။

အမှန်တကယ်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး မိုးထိမိုးမိဒေသမှာ ၂၀၀၅-၂၀၀၆ နောက်ပိုင်းမှာ ပုဒ်မ(၁၄၄) ထုတ်ပြန် ထားခဲ့ပါတယ်။ ပုဒ်မ (၁၄၄) မထုတ်ပြန်ခင်မှာ လူဦးရေ ၅ သိန်းနီးပါးနေထိုင်ခဲ့ကြပြီး ရွှေထုတ်လုပ်ရောင်းချသူ လုပ်ငန်း ရှင်ငယ်လေးများ၊ ရွှေလုပ်သားများ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် စည်ကားခဲ့တဲ့ နေရာတခုဖြစ်ပါတယ်။ ၂၀၁၀ ခု နှစ်မှာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက လေလံအောင်ခဲ့ပြီးနောက်မှာတော့ အရင်က လုပ်ကိုင်နေခဲ့သော လုပ် ငန်းရှင်ငန်းလေးများ၊ လုပ်သားများကို ကြညာချက်များ ထုတ်ပြန်ပြီး ကန့်သတ်ခဲ့တာကြောင့် ယခုအချိန်မှာ လူဦးရေ ၅ သောင်းလောက်ပဲ နေထိုင်ကြတယ်လို့ သိရပါတယ်။

အဓိက ပြဿနာက အစိုးရလေလံတင်စဉ်က ဒေသခံများ လုပ်ကိုင်စားသောက်ဖို့အတွက် နေရာတွေကို သတ်မှတ်ပေး သင့်ပါတယ်။ ကုမ္ပဏီအနေနဲ့လည်း အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလန်းတွေ ရှိလာအောင် ဆောင်ရွက်မှ သာလျှင် အေးအေးချမ်းချမ်းနဲ့ အခက်အခဲတွေကိုဖြတ်ကျော်နိုင်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ပဲ အားလုံးကို ငါပဲ ရသင့် တယ်ဆိုတဲ့ လက်ဝါးကြီးအုပ်မှုက နောင်ဖြစ်လာမည့် အကျိုးဆက်တွေ ကောင်းဖို့မရှိနိုင်ပါဘူး။ မိုးပေါ်က အခုမှ ကျလာ တဲ့ ကုမ္ပဏီက ဒေသခံတွေအပေါ် ဗိုလ်ကျစိုးမိုးနေမှုကို အားလုံးက မသိဟန်ဆောင်နေကြတာကလည်း မြန်မာပြည်အ ၀ှမ်းမှာ ရှိနေတဲ့ အဖြစ်အပျက်တွေနဲ့ ထပ်တူထပ်မျှ ရှိနေတာပါပဲ။ တရားဥပဒေ စိုးမိုးဖို့ ဆိုရင်တော့ မိုးပေါ်ကလူတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို အရင်ဆုံးထိမ်းချုပ်ဖို့တော့ လိုပါလိမ့်မယ်။

သာမာန်ပြည်သူတွေရဲ့ဘ၀ဟာ တော်တော်ဆိုးဝါးနေပါတယ်။ ငွေရှင်ကြေးရှင်တွေရဲ့ သြဇာအာဏာ၊ အရှိန်အ၀ါတွေ ကြောင့် သူတို့ရသင့်တဲ့ အခြေခံအခွင့်အရေးတွေကိုတောင်မှ တကြော်ကြော်တောင်းဆိုနေရတဲ့ အခြေအနေဟာ ဒီမိုက ရေစီတိုင်းပြည်လို့ တွင်တွင်အော်နေတဲ့ အချိန်မှာ မရှိသင့်တော့ပါဘူး။ တာဝန်ရှိတဲ့ အစိုးရအနေနဲ့ မိုးထိမိုးမိ၊ လက်ပံ တောင်းတောင်စတဲ့ ဒေသတွေက အခြေအနေကို သေချာသိအောင် လုပ်ပြီး အမြန်ဆုံးဖြေရှင်းပေးသင့်ပါတယ်။

တိုင်းပြည်တပြည်မှာ လုပ်ငန်းရှင်အငယ်စားတွေ၊ အခြေခံအလုပ်သမားတွေရဲ့ ဘ၀ သာယာမှ စိုပြေမှ အဲဒီ့တိုင်းပြည်ဟာ ကြီးပွားတိုးတက်မှာပါ။ ဆင်းရဲမွဲတေမှုကို ပပျောက်စေချင်တယ်ဆိုရင်တော့ အခြေခံလူတန်းစား တွေရဲ့ဘ၀မြုင့်တင်ပေး ရမယ်ဆိုတာကို မေ့ထားလို့မရဘူးလို့ ကျမ ယူဆမိပါတယ်။

ချမ်းမြေ့ခင်

No comments :