Tuesday 18 December 2012

သေချင်စောနံနေတဲ့ ဒီမိုကရေစ ( ဦးဝင်းတင် )

မှတ်သားစရာပေါ့ကွယ်”

“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါမသေချင်လေကွ”

“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့”

“ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။ အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ”

“ဟာအဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ”

“စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”

“ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ”

“ဟ.....ဟ ဘာဆော်တာလဲ”

“မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေနဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင် ထားကြပါတဲ့။”

“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်”

“အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”

“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့ တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာမင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့....”

“ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”

“ဒေါ်အောင်ဆန်းကြည့်ရဲ့စကားကွဲ့။
အစိုးရနောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာလူထုအပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၈)

No comments :