Sunday 2 December 2012

အိုဘားမားရဲ့ ရန်ကုန်ခရီးစဉ်အပြီး အမေရိကန်-တရုတ်- မြန်မာ သုံးပွင့်ဆိုင်ဆက်ဆံရေး ဘာဆက်ဖြစ်မလဲ


ဟန်နာဘိရှ်ရေး၍ ကျော်မျိုး ဘာသာပြန်သည်။
---------------------------------------------------

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ ရောက်ရှိလာသောအခါ လမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံသားများကစီတန်းရပ်ကြည့်ကာအမေရိကန်အလံများ ဝှေ့ယမ်း၍ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။ ဤအဖြစ်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကဆိုလျှင် ကြိုဆိုကြသူများကို ထောင်ဒဏ်ချနိုင်သောဖြစ်စဉ်ဖြစ်ပါသည်။ သမ္မတအိုဘားမား ခြောက်နာရီကြာ နေထိုင်ခဲ့ရာ နိုင်ငံ၏အကြီးဆုံးမြို့တော် ရန်ကုန်မှ သတင်းစာစောင် အယ်ဒီတာတစ်ဦးဖြစ်သူ သီဟစောကမူ “နှစ်ပေါင်းများစွာကြာအောင်ပဲ (ဒီမှာ)အမေရိကန်အလံဆိုတာ အစိုးရကို အန်တုတဲ့သဘော သက်ရောက်တယ်။ ဒီအလံဆိုတာက ဒီမိုကရေစီ၊ လွတ်လပ်မှုစတဲ့ ကောင်းတဲ့အရာ အားလုံးကိုဆိုလိုတာလေ” ဟု ပြောသည်။

တရားဝင်အားဖြင့် “မြန်မာ” ဟု လူသိများသော တိုင်းပြည်သို့ လွန်ခဲ့သည့် ၂ နှစ်ခန့်က တရုတ် ၀န်ကြီးချုပ်ဝမ်ကြားပေါင် အလည် အပတ်ရောက်လာခဲ့စဉ်က မြန်မာပြည်သူများထံမှ ဤကဲ့သို့ ရုတ်တရက်လှိုက်လှဲဝမ်းသာစွာ ကြိုဆိုခဲ့ကြခြင်းမျိုး မရှိခဲ့ပါ။ မည်သို့ပင်ဆိုစေ တရုတ်သည် မြန်မာ၏ ထိပ်တန်းနိုင်ငံခြားရင်းနှီးမြှုပ်နှံသူ နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော်လည်း တရုတ်သည် ပြည်သူအား ရက်စက်ခဲ့သော အထီးကျန် မြန်မာစစ်အစိုးရကို ထောက်ခံ အားပေးခဲ့သည့် နိုင်ငံ အနည်းငယ်ထဲမှတစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာပြည်သည်တရုတ်နိုင်ငံမှ ဈေးပေါသော
သွင်းကုန်များ အပေါ် မှီခိုနေရသည်ဆိုတောင်မှ မြန်မာတွင်မြောက်ဘက်မှ ၎င်းတို့၏ ဧရာမအိမ်နီးချင်းတို့အပေါ် ချစ်ခြင်းအနည်းငယ်သာ ရှိနေပါသည်။

တရုတ်၏ ကမ္ဘာအနှံ့ ပေါ်ထွက်လာမှုသည် ၎င်း၏စီးပွားရေးကို စွမ်းအင်ပေးရန် လိုအပ်သော သဘာဝအရင်းအမြစ်များ ရှာဖွေရေးဖြစ်နေခဲ့ပါသည်။ တရုတ်နိုင်ငံပိုင်ကုမ္ပဏီများသည် ကမ္ဘာအနှံ့ တွင်အာဖရိကတိုက်မှသည် တောင်ပစိဖိတ်စွန်း မှ နေရာများအထိ ရောက်ရှိခဲ့ကြပြီး စစ်အေးခေတ်ကာလအတွင်း အမေရိကန်နှင့် ဆိုဗီယက်ယူနီယံ တို့က ၎င်းတို့ဘက်ပါအောင် အစိုးရများကို ဆွဲဆောင်ရန် အပြိုင်ကြိုးပမ်းခဲ့ကြပြီးနောက် ခန်းခြောက်နေခဲ့ကြသော (ထိုနေရာများသို့) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ယူဆောင်လာနေကြပါသည်။ သို့သော် တရုတ်ကုမ္ပဏီများက ကမ္ဘာကြီး၏ မနှစ်မြို့ဖွယ်ကောင်းသည့် အစိုးရအချို့ နှင့် ကန်ထရိုက်စာချုပ်များ လက်မှတ်ရေးထိုးကြရာတွင် ၎င်းတို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှရသော အကျိုးအမြတ်များမှာ ဒေသခံပြည်သူများအတွက် မရည်ရွယ်ခဲ့ပါ။ တရုတ်ကုမ္ပဏီများသည် နိုင်ငံရပ်ခြားစီမံကိန်းများအတွက် ၎င်းတို့၏ ကိုယ်ပိုင်လုပ်သားများကိုသာ များသောအားဖြင့် ခေါ်ယူသွားလေ့ရှိပြီး ရှာဖွေရရှိသော သဘာဝအရင်းအမြစ်များမှာလည်း တရုတ်တို့၏ စားသုံးမှုအတွက်သာ ဖြစ်သည်။


မြန်မာသည်လည်း ထောက်ပြစရာကိစ္စတစ်ခု ဖြစ်ပါသည်။ မြန်မာသည် တရုတ်တို့ အလွန်တရာ လိုအပ်နေသော သဘာဝအရင်းအမြစ်များဖြစ်သည့် ရေအားလျှပ်စစ်နှင့် သစ်လုံးပို့ကုန်မှသည် သဘာဝဓာတ်ငွေ့ များနှင့်  ကျောက်စိမ်း တို့  ကြွယ်ဝသော နိုင်ငံဖြစ်သည်။ မြန်မာအား နှစ်ပေါင်းငါး ဆယ်နီးပါး အုပ်ချုပ်ခဲ့သော စစ်အစိုးရသည် တရုတ်တို့နှင့်သာ အဓိက ရင်းနှီးမြှုပ်နှံမှု စာချုပ်များ ချုပ်ဆိုခဲ့ရသည်။ ၎င်းတို့သာ အဓိကကုမ္ပဏီများ ဖြစ်ခဲ့သည်။ အကြောင်းမှာ ထိုစဉ်က အနောက်နိုင်ငံများမှာ မြန်မာအစိုးရအား ၎င်း၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ထားခဲ့သောကြောင့် ဖြစ်ပါသည်။ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်အောက်တွင် မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့၏ စီးပွားရေး အခွင့်ထူးခံ ခရိုနီများသည် ပြည်သူ သုံးပုံတစ်ပုံခန့်က ဆင်းရဲမှုမျဉ်းအောက် ရှင်သန်နေစဉ်၌ပင် ထိုတရုတ်ကုမ္ပဏီတို့နှင့် ကန်ထရိုက်များဖြင့် ကြွယ်ဝချမ်းသာခဲ့ကြသည်။ ဤသည်မှာ အာရှ၏ စပါးကျီဖြစ်ခဲ့ဖူးသော နိုင်ငံတွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်သူတွေရဲ့ အမြင်ကတော့ ဦးသန်းရွှေဟာ မြန်မာပြည်ကို တရုတ်ကို ရောင်းစားနေတယ်လို့ပဲ မြင်ပါတယ်။ တရုတ်ကုမ္ပဏီတွေ ဒီကို လာရင် သူတို့ရဲ့ ထမင်းချက်တွေ၊ ဒရိုင်ဘာတွေကအစ အားလုံး တရုတ်လူမျိုးချည်းပဲ။ ဒါက နည်းမှန်လမ်းမှန် မဟုတ်ပါဘူး။ တရုတ်ကို ခါးခါးသီးသီးမုန်းကြတာဟာ မြန်မာပြည်မှာ ကြီးထွားလာနေပါတယ်” ဟု မြန်မာကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးလှမောင်ရွှေက ပြောသည်။


ရှုပ်ထွေးရသည့်ကိစ္စများမှာလည်း မြန်မာ၏ သဘာဝအရင်းအမြစ် ပေးကမ်းစွန့်ကြဲမှု အများစုမှာ ၎င်း၏ နယ်စပ်ဒေသများတွင် တည်ရှိနေခြင်းဖြစ်သည်။ ထိုနေရာများတွင် လူနည်းစုတိုင်းရင်းသားများမှာ ဗဟိုအစိုးရ၏ ဖိနှိပ်ခြင်းကို ခံစားနေရသည်။ မြန်မာ၏ နိုင်ငံအနောက်ဘက်ဖျားမှ တရုတ်ပြည်တွင်းသို့ စွမ်းအင်တင်ပို့မည့် ရွှေဓာတ်ငွေ့ပိုက်လိုင်း ကိစ္စကို ကြည့်လျှင်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ အဓိက သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ အများအပြား ထွက်ရှိသော်လည်း လျှပ်စစ်ဓာတ်အား အနည်းငယ်သာ ရရှိကြရသည်။ (မြန်မာပြည်သည် ကမ္ဘာတွင် လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံး တိုင်းပြည်တစ်ခုဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် ပိုနည်းပါးသည်။) ရွှေဓာတ်ငွေ့ပိုက်လိုက် လှုပ်ရှားမှုအဖွဲ့အတွက် အလုပ်လုပ်နေသော ရခိုင်တိုင်းရင်းသူတစ်ဦး ဖြစ်သည့် မဖြိုးဖြိုးက “ရခိုင်လူမျိုးတွေက လျှပ်စစ်မီးလုံးဝမရှိတဲ့အချိန်မှာ တရုတ်ဘက်ကို ဒီဓာတ်ငွေ့တွေ အကုန်လုံး ဘယ်လိုပို့နိုင်ပါ့မလဲ။ ကျွန်မတို့ ပြည်သူတွေဟာ အကျိုးအမြတ်တွေ မခံစားကြရပါဘူး။ အဲဒီအစား စီမံကိန်းက တံငါသည်တွေအတွက် အသက်မွေးဝမ်းကျောင်းစရာမရှိအောင်၊ လယ်သမားတွေအတွက် လုပ်စရာမြေမရှိအောင် ဖြစ်စေခဲ့ပါတယ်” ဟု ပြောသည်။


ယခုအခါ ၂၀၁၁ မတ်လမှစ၍ အာဏာရခဲ့သော စစ်အရာရှိဟောင်းများပါဝင်သည့် အရပ်သားအစိုးရသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ မိတ်ဆက်ပေးခဲ့ပြီးဖြစ်ရာ တရုတ်ပြည်သည်လည်း ထွန်းသစ်စ ရင်းနှီးမြှုပ်နှံရာ ပန်းတိုင်တစ်ခု ဖြစ်လာနေသော မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒ ပြင်းပြလာနေသော အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရတော့မည့်အခြေအနေကို တွေ့ရှိပါပြီ။ ယမန်နှစ်ကမူ တရုတ်တို့အား သတိပေးမှုအနေဖြင့် အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် နိုင်ငံမြောက်ပိုင်းမှ မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်ရေးကို ရပ်ဆိုင်းစေခဲ့ပါသည်။ 

အဆိုပါ စီမံကိန်းမှာ အလွန်ကြီးမားသော မဟာစီမံကိန်းကြီးဖြစ်၍ ထွက်ရှိသမျှ လျှပ်စစ်စွမ်းအင်အားလုံးနီးပါးကို တရုတ်ဘက်သို့ ပေးပို့မည် ဖြစ်သည်။ ပြီးနောက်ဒေသခံများအား အမှောင်ထဲဆက်ထားမည်ဖြစ်သည်။ (သို့သော် ကချင်ပြည်နယ် မြစ်ဆုံနေရာတွင် အချို့အဆာက်အအုံများကို တိတ်တဆိတ် ဆောက်လုပ်နေဆဲဖြစ်ပြီး ထိုနေရာတွင် ကချင်တပ်မတော် နှင့် မြန်မာစစ်တပ်တို့ လပေါင်းများစွာကြာအောင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်လည်းရှိသည်။)

မြန်မာတွင် လစ်ဘရယ်ဆန်သော ပတ်ဝန်းကျင်အနေအထား တိုးပွားလာမှုနှင့်အတူ ပြည်သူများသည်လည်း တရုတ်စီမံကိန်းများကို ပို၍ခွန်အားရှိစွာ ဆန့်ကျင်ဝေဖန်လာနေကြပါသည်။ မုံရွာမြို့မှ မဝေးလှသော နေရာတစ်ခုတွင် မြန်မာပြည်သူထောင်ပေါင်းများစွာသည် တရုတ်လက်နက်ကုမ္ပဏီ တစ်ခု၏ လုပ်ငန်းခွဲတစ်ခုကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော ကြေးနီမိုင်းအတွက် တရားမ၀င်မြေ သိမ်းခြင်း(သို့မဟုတ်) မလောက်ငသည့် လျော်ကြေးပေးလျော် မြေသိမ်းခြင်းတို့ကို ဆန့်ကျင်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြကန့်ကွက်မှုများမှာ မကြာသေးမီက အိုဘားမား မြန်မာပြည်တွင် ရှိခဲ့စဉ်တွင် ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံ၏ နာမည်ကျော် နိုင်ငံရေးအကျဉ်းသားများလည်း ဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး ထိုကြေးနီမိုင်း၏ သဘာဝပတ်ဝန်းကျင်ရေးရာ ထိခိုက်နိုင်ခြေအပေါ် စိုးရိမ်မှုများလည်း ပါဝင်လာနေကြသည်။

မြန်မာ၏ တရုတ်အပေါ် လူထုဘက်မှ ဆန့်ကျင်မှုများတွင် အမြတ်ထွက်သူမှာ မည်သူဖြစ်မလဲ။ မြန်မာအစိုးရသစ်အပေါ် ပိတ်ဆို့ မှုများ ဖြေလျှော့ပေးခဲ့သော အမေရိကန်ပြည်ထောင်စုအား ယခင်စစ်အစိုးရတွင် အနောက်တိုင်းအား ဆန့်ကျင်သည့် စိတ်အခံရှိသော်ငြား အမေရိကန်ပြည်ထောင်စုသည် နိုင်ငံကို ဒီမိုကရေစီစံနှုန်းများနှင့် တွဲဖက်မြင်ချင်သော မြန်မာပြည်သူတို့ထံမှ လေးစားမှုကို ယေဘုယျအားဖြင့် ရရှိ နေပါသည်။ ယင်းသို့ မေတ္တာသက်ဝင်ခံရမှုမှာ အာရှသို့ ဦးတည်၍ နိုင်ငံခြားရေးပေါ်လစီကို ဦးစားပေးလာသော အိုဘားမားအစိုးရနှင့် လိုက်ဖက်စွာတွဲမိနေပါသည်။ အာရှတိုက်၏ အရှေ့တောင်အာရှတစ်ကြောတွင်လည်း ဒေသခံ အစိုးရများမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုအား လိုချင်နေရခြင်းနှင့်အတူ တွဲပါလာသော ဘေဂျင်း၏ ပင်လယ်ပိုင်နက်အငြင်းပွားမှုကိစ္စများစွာတွင် ပိုတိုး၍ ရန်လိုနေလာမှု ရည်ရွယ်ချက်များကို ပူပန်နေရခြင်းတို့အကြား ထိန်းညှိနိုင်ရန် ကြိုးစားနေရပါသည်။

မြန်မာနိုင်ငံသို့လည်ပတ်ခဲ့ပြီးနောက် သမ္မတအိုဘားမား ဖနွမ်းပင်မြို့တော်တွင် တက်ရောက်ခဲ့သော အရှေ့အာရှထိပ်သီးအစည်းအဝေး၌ အိမ်ရှင်ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆင်၏ ကြားဝင်မှုဖြင့် အစည်းအဝေးတွင် စုစည်းလာမိသော အရှေ့တောင်အာရှနိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများနှင့် ပတ်သက်၍ တရုတ်နှင့် ထိပ်တိုက်မတွေ့ကြရန် ကမ္ဘောဒီးယားက ကူညီအာမခံပေးခဲ့သည်။ ကမ္ဘောဒီးယား၏ နံပါတ်တစ် ရင်းနှီးမြှုပ်နှံသူနိုင်ငံနှင့် အလှူရှင်နိုင်ငံ တရုတ်သည် လူ့အခွင့်အရေးစွဲချက်များဖြင့် ဟွန်ဆင်အား အနောက်တိုင်း အလှူရှင်နိုင်ငံများက အထောက်အပံ့များ ရုပ်သိမ်းမသွားအောင် ကူညီပေးခဲ့သည်။ (တရုတ်က ၎င်း၏ နိုင်ငံခြားရေး ပေါ်လစီနှင့်ကူညီထောက်ပံ့ရေး လုပ်ငန်းသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ၀င်မစွက်ရေးမှုအပေါ် အခြေခံထားကြောင်း ပြောကြားထားသည်။)

အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံနှင့်အတူ တရုတ်နှင့် အမေရိကန်အပါအ၀င် အခြားနိုင်ငံများ တက်ရောက်ခဲ့ကြသည်။ သို့သော်တရုတ်နှင့် နယ်နိမိတ်ပြဿနာ အငြင်းပွားနေသော အာဆီယံနိုင်ငံများမှာ ၀ါရှင်တန်အား ကြိုဆိုအားပေးရင်းဖြင့် ဘေဂျင်းအား ဒေါသထွက်စေမည့်အဖြစ်ကို ငြီးငွေ့နေကြပါသည်။ အစည်းအဝေးတွင် အမေရိကန်၏ နီးစပ်သော မဟာမိတ် ဖိလစ်ပိုင်၏ သမ္မတ အကွီနိုက ၎င်း၏ တိုင်းပြည်သည် မိမိ၏ အမျိုးသားအကျိုးစီးပွားများကို ကာကွယ်ခွင့်ရှိကြောင်း နိုင်ငံတကာသို့ ဆက်သွားမည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။ အဓိပ္ပာယ်မှာ ဟမ်းဘတ်မြို့အခြေစိုက် နိုင်ငံတကာ ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ ခုံရုံးကဲ့သို့သော အဖွဲ့အစည်းများသို့ ပါသွားမည်ဟု ဆိုလိုပါသည်။ အမှန်အားဖြင့် အခြားသောနိုင်ငံများနှင့် နှစ်နိုင်ငံပူးတွဲ ဖြေရှင်းလိုနေသော ဘေဂျင်းနှင့် ယှဉ်လျှင် အမေရိကန်ကမူ (အငြင်းပွားမှုများတွင်) နိုင်ငံစုံပါဝင် ချဉ်းကပ်ဆောင်ရွက်မှုကို တိကျစွာ တိုက်တွန်းနေခဲ့ပါသည်။ သို့သော် အကွီနိုမှာလည်း ထိုကိစ္စကို အနည်းငယ်ဆွဲဆန့်ထားနိုင်စရာ ရှိပါသည်။ တစ်ချက်မှာ အာဆီယံ အစိုးရတိုင်းသည် တောင်တရုတ် ပင်လယ်အငြင်းပွားမှုတွင် မပါဝင် သောကြောင့် ဖြစ်ပါသည်။ နောက်တစ်ချက်မှာ ကမ္ဘောဒီးယားတစ်နိုင်ငံထဲသာ တရုတ်ကို မှီခိုနေရသည်မဟုတ်။ ထိပ်သီးအစည်းအဝေးပွဲပြီးနောက် တရုတ်ဝန်ကြီး ချုပ်ဝမ်ကြားပေါင်သည် ဘန်ကောက်သို့ သွားခဲ့ပြီး ထိုင်းဝန်ကြီး ချုပ်ယင်လပ်ခ်နှင့် တွေ့ဆုံကာ ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်ရေးတွင် ဘေဂျင်းကအကူအညီပေးနိုင်ရေး ဆွေးနွေးခဲ့ပါသည်။ တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးနှင့် စီးပွားရေးပညာဌာန ပါမောက္ခ ဒေးဗစ်ကန်က မကြာသေးမီက ရေးခဲ့သလိုပင်။ “အရှေ့အာရှနိုင်ငံများသည် ဘက်တစ်ဖက်ဖက်တွင် ရပ်ရမည့်အရေး ရှောင်ရှားနိုင်သော လမ်းကြောင်းတစ်ခုကိုရှာနေကြပါသည်” ဟူသည့်အတိုင်းပင်။

မြန်မာတွင်လည်း ဤသို့ပင်။ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ပိုင်းသည် တရုတ်အား သူစိမ်းဆန်မသွားစေရန်လည်း ဆက်ဆံရေးကို ဆက်ထိန်းထားရပါသည်။ မည်သို့ပင်ဖြစ်စေ တရုတ်သည် နိုင်ငံကို အုပ်ချုပ်နေဆဲရှိသော စစ်အစိုးရအဖွဲ့ဝင်ဟောင်းများ၏ အဓိက မဟာမိတ်ဖြစ်ခဲ့ပြီး ထိုစဉ်က နိုင်ငံအချို့ကသာစစ်ခေါင်းဆောင်များဘက်က ရပ်တည်ရန် ဆန္ဒရှိခဲ့ကြသည်။ ကုလသမဂ္ဂအထွေထွေညီ လာခံဖွင့်ပွဲအတွက် ပြီးခဲ့သည့် စက်တင်ဘာက အမေရိကန်သို့ သမ္မတဦးသိန်းစိန် မသွားရောက်ခင်တွင် ၎င်းသည် တရုတ်သို့ ကုန်သွယ် ရေးပွဲတော်တစ်ခု ဖွင့်ပွဲသို့ သွားရောက်ပေးခဲ့ပါသည်။ “မြန်မာနိုင်ငံဟာ လက်ရှိမှာ အပြောင်းအလဲ ကာလထဲ ကျရောက်နေပါတယ်။ ဒါပေမဲ့ နိုင်ငံဟာ တရုတ်နဲ့ဖြစ်ထွန်းဆဲ ဆက်ဆံရေးတွေကို အထူးအလေးထားပါတယ်။ 
တရုတ်ပြည်ကို နိုင်ငံရဲ့မိတ်ဆွေကောင်းအဖြစ် ရှုမြင်တဲ့ပေါ်လစီက မပြောင်းလဲခဲ့ပါဘူး”ဟု သမ္မတဦးသိန်းစိန်က တရုတ်တောင်ပိုင်း၌ပြောခဲ့သည်ကို ဆင်ဟွာသတင်းတွင်ဖော်ပြခဲ့သည်။

ဤနည်းအတိုင်းပင် မြန်မာသို့ အိုဘားမား၏ ခရီးစဉ်မစခင်၌ပင် မြန်မာ့တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ဘေဂျင်းတွင် နှစ်နိုင်ငံစစ်ရေး ဆက်ဆံမှုများ ခိုင်မြဲအောင် သွားရောက်ခဲ့ပါသည်။ သို့သော် နိုင်ငံတကာစစ်ရေး အသိုင်းအ၀ိုင်းကို လှုံ့ဆော်ပေးနေသော သတင်းများမှာ တရုတ်နှင့်ရော မြန်မာနှင့်ရော မသက်ဆိုင်ပါ။ လာမည့်နှစ်တွင် မြန်မာသည် အာရှ၌ ပြုလုပ်သည့် အမေရိကန်စစ်ရေးလေ့ကျင့်မှု (ကော်ဘရာဂိုးလ်) တွင် လေ့လာသူအဖြစ် ပါဝင်ကောင်းပါဝင်နေနိုင်ပြီး၊ ဤအချက်မှာ မြန်မာ့တပ်မတော်အား လေ့ကျင့်သင်ကြားပေးရေး ထူးခြားသည့် အလှည့်အပြောင်းလည်းဖြစ်ပါသည်။ ၎င်း၏ခြံစည်းရိုးနောက်ဘက်တွင် လက်တွေ့နေရာယူ လုပ်ဆောင်နေသည်ဟု ယူဆသော ယင်းအမေရိကန်စစ်ရေး လေ့ကျင့်မှုသို့မူ တရုတ်ပြည်ကိုပါဝင်ရန် ဖိတ်ခေါ်လိမ့်မည်မဟုတ်ပါ။

-Ref: Golden Triangle: After Obama's Visit to Rangoon, What's Next for Buram-China-U.S. Relations? by Hannah Beech. Time: NOV 23.
 
(ယခုဆောင်းပါးရှင် ဟန်နာဘိခ်ျသည် တိုင်းမ်မဂ္ဂဇင်း၏ အရှေ့အာရှသတင်းထောက်နှင့် တရုတ်ပြည်အခြေစိုက် ဘေဂျင်းဗျူရို၏ အကြီးအကဲဖြစ်ပါသည်။ သူမသည် ဘေဂျင်းတွင် နေထိုင်၍ ယခင်က တိုင်းမ်မဂ္ဂဇင်းကြီးအတွက် ဘန်ကောက်၊ ရှန်ဟိုင်းနှင့်ဟောင်ကောင်
တို့တွင် အခြေစိုက်ရေးသားခဲ့သူ ဖြစ်ပါသည်။)

No comments :