Saturday 8 December 2012

“နယူးယောက်မြန်မာဒီမိုကရေစီအင်အားစုများ၏ သဘောထား ကြေညာချက်”

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ရှိ စစ်တပ်ဦးပိုင်ကုမ္ပဏီနှင့် တရုတ်စစ်လက်နက်ထုတ်ကုမ္မဏီတို့၏ ဖက်စပ် ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများနှင့် ရဟန်းသံဃာများ၊ ကျောင်းသား လူငယ်များက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်စခန်းများကို နိုဝင်ဘာ ၂၉ ၊ ၂၀၁၂ နံနက်တွင် ကြံ့ဖွှံ့အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက်တိုက်ခိုက်ခြင်း၊ မီးလောင်တိုက်သွင်းပြီး ဖြိုခွဲဖျက်စီးခဲ့သည်။ ထိုကဲ့သို့သော အစိုးရ၏ အစွန်းရောက်အကြမ်းဖက်မှုကြောင့် ရဟန်းသံဃာနှင့် ပြည်သူ ၁၀၀ နီးပါး မီးလောင်ဒဏ်ရာများ ရရှိခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ ဖြစ်ပွားခဲ့သည်။ ထိုသို့ မြန်မာအစိုးရနှင့်၎င်းလက်နက်ကိုင်တပ်ဖွဲ့များ၏လုပ်ရပ်ကို  နယူးယောက်မြန်မာ.ဒီမိုကရေစီအင်အားစုများမှမြန်မာအရေးလှုပ်ရှားသူများကပြင်းထန်စွာကန့်ကွက်ရှုံချလိုက်သည်။

 

လက်ရှိအခြေအနေတွင် မြန်မာအစိုးရသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည်ဟု အကြိမ်ကြိမ် ပြောဆိုပြီး ဆွေးနွေးညှိနှိုင်းမှုများ၊ ဆောင်ရွက်မှုများ ပြုလုပ်နေသည့် အရေးပါသည့် အချိန်ဖြစ်သည်။ သို့ရာတွင် ယခင်စစ်အစိုးရများကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြ ထုတ်ဖော်သည့် လက်နက်မဲ့၊ အကြမ်းမဖက်သည့် ပြည်သူများကို တဖက်သတ် အကြမ်းဖက်ခြင်း၊ နှိမ်နှင်းခြင်းသည် ဒီမိုကရေစီရေး အသွင်ကူးပြောင်းနေသည့် ယခုအချိန်အခါတွင် လုံးဝ မဖြစ်သင့် မဖြစ်ထိုက်သော အကျည်းတန်သည့် ဖြစ်ရပ်ကြီး ဖြစ်သည်။



မြန်မာပြည်၏ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးနေသည့် အချိန်အခါ အခြေအနေတွင် အာဏာရအစိုးရ၊ ၀န်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်း အာဏာပိုင်များနှင့် နိုင်ငံခြားကုမ္မဏီများ၊ ပြည်ပအစိုးရအဖွဲ့အစည်းများနှင့် ဖက်စပ် စီမံကိန်းများ၊ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရာတွင် ဒေသခံများနဲ. မြန်မာပြည်သူအားလုံး၏ ရေတို ရေရှည်အကျိုးစီးပွားကို ဦးစားပေးရေး၊သဘာဝ ပတ်ဝန်ကျင် ထိမ်းသိမ်းကာကွယ်စောက်ရှောက်ရေး တရားမျှတရေး၊ ပွင့်လင်းမြင်သာမှုရှိရေးသည် အရေးကြီးဆုံးသော အဓိကအချက် ဖြစ်သည်။ ထိုအားနည်းချက်နောက်ခံများကြောင့် ပြည်သူတို့၏ ဆန့်ကျင်မှုများ၊ ကန့်ကွက်မှုများကို ရင်ဆိုင်ရပါကလည်း ငြိမ်းချမ်းစွာ တရားနည်းလမ်းကျစွာ အဖြေရှာရမည်။ ယခုကဲ့သို့ လူတစု၊ ကုမ္မဏီ၊ အစုအဖွဲ့အစည်းတခုကို ကာကွယ်ပြီး အများပြည်သူကို ထိခိုက်နစ်နာအောင် အကြမ်းဖက် ဖြေရှင်းခြင်း လုံးဝ မပြုလုပ်သင့်ပေ။



သို့ဖြစ်ပါ၍ မြန်မာပြည်၏ ဒီမိုကရေစီရေး အသွင်ကူးပြောင်းကာလတွင် လက်ရှိအရေးအခင်းနှင့် အကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူရန်၊ နောင်တွင် လုံးဝမဖြစ်ပေါ်ရေးအတွက် ကာကွယ်နိုင်ရန်၊ ရှောင်ရှားနိုင်ရန် အောက်ပါအချက်များကို တိုက်တွန်းလိုက်ပါသည်။



(၁) အစိုးရ၏ စီမံကိန်းအားလုံး၊ ရင်းနှီးမြုတ်နှံမှုအားလုံးသည် အများပြည်သူလူထု၏ ရေတို ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရေး၊သဘာဝ ပတ်ဝန်ကျင် ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း ရှိမရှိ၊ တရားမျှတ ပွင့်လင်းမြင်သာမှုနှင့် ခေတ်မီစနစ်ကျမှု ဖြစ်ရေးတို့ ရှိမရှိ ပြန်လည် စိစစ်ရန်၊ ပြုပြင် ပြင်ဆင်ရန်၊ ထိုသို့ ကိုက်ညီခြင်းမရှိပါက ပြည်သူ့ဆန္ဒခံယူပြီး ဖျက်သိမ်းရန်၊ ရုတ်သိမ်းရန်။



(၂) နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများ၊ ကုမ္မဏီများ၏ စီမံကိန်းများ၊ ရင်းနှီးမြုတ်နှံမှုများ အားလုံးကိုလည်း အထက်ပါ အချက်အလက်များနှင့်အညီ ပြန်လည် စိစစ်ရန်၊ ပြုပြင် ပြင်ဆင်ရန်၊ ကိုက်ညီခြင်းမရှိပါက ပြည်သူ့ဆန္ဒခံယူပြီး ဖျက်သိမ်းရန်၊ ရုတ်သိမ်းရန်။

(၃) နိုဝင်ဘာ ၂၉ ၊ ၂၀၁၂၊ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းဆန့်ကျင်သည့် သပိတ်စခန်းများကို နှိမ်နှင်း ဖြိုခွဲမှု အရေးအခင်းကို စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဖော်ဆောင်ရာတွင် အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသာမက ဒေသခံကို်ယ်စားပြုသူများ ပါဝင်ရေး၊ ၎င်းကော်မရှင်က လွတ်လပ်စွာ ဆောင်ရွက်ခွင့်၊ သတင်းထုတ်ပြန်ခွင့် ရှိရေး၊ ကော်မရှင်၏ ဖော်ထုတ်မှုများ၊ အကြံပြုချက်များကို အာဏာပိုင်တို့က လိုက်နာ အကောင်အထည်ဖော်ဆောင်ရေး၊ တိုက်ရိုက်အပြစ်ရှိသူများကို ဖော်ထုတ်ပြီး၊ ထိရောက်စွာ ပြင်းထန်စွာ အရေးယူရေး။



(၄) ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေးကာလသည် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးအတွက် အရေးပါသော ကာလနှင့် အခြေအနေဖြစ်သည့် အားလျော်စွာ နောင်ကာလတွင်လည်း ယခုကဲ့သို့ မတရားဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းတို့ကြောင့် ပြည်သူလူထုက ဆန္ဒထုတ်ဖော်ခြင်း၊ ဆန္ဒပြခြင်းနှင့် တောင်းဆိုမှုများ ပြုလုပ်လာကြပါက တားဆီးခြင်း၊ ကန့်သတ်ခြင်းများမပြုလုပ်ဘဲ အာမခံချက်ပေးရန်၊ တရားဥပဒေနှင့်အညီ ဆွေးနွေးဖြေရှင်းမှုများ ပြုလုပ်ရန်၊ အကြမ်းဖက်ဖြိုခွဲခြင်း လုံးဝ မပြုလုပ်ရန်



(၅)အစွန်းရောက်အကြမ်းဖက်မှု ကြောင.် ထိခိုက်ဒဏ်ရာ့ရသော ရဟန်းသံဃာများအား အတိအလင်း ဝန်ချတောင်းပန်ရန်န.ဲ နောက်နောင်ထိုက.ဲသ.ို မပြုလုပ် ရန်ဟူ၍ တိုက်တွန်းလိုက်ပါသည်။





နယူးယောက်မြန်မာဒီမိုကရေစီအင်အားစုများမှ မြန်မာပြည်သူများနှင့် အတူ ကျနော်တို့ ရပ်တည်ကြောင်း၊ အားပေးကြောင်း၊ ထောက်ခံကြောင်း ထုတ်ပြန်အပ်ပါသည်။



(နယူးယောက်မြန်မာဒီမိုကရေစီအင်အားစုများ) ဒီဇင်ဘာ   ၆  ၂၀၁၂


No comments :