Thursday, 27 December 2012

ကျိုင်းတုံး ဟော် နန်း ရှမ်းပြည်သူများကို ပြန်ပေးဖို့ လိုပြီ

ကျိုင်းတုံဟော် နေရာအား ပြန်လည်လွှဲပြောင်းပေးရန် ရှမ်းလူမျိုးများနှင့် ကျိုင်းတုံဒေသခံများဆန္ဒရှိနေတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် တိုင်းရင်းသားဒေသ ယဉ်ကျေးမူအမွေအနှစ်များကိုထိန်းသိမ်းသင့်


စိုင်းအောင်မျိုးလွင်၊ လှိုင်ထက်ကို၊ ဒီဇင်ဘာ၊ ၂၁

စစ်အစိုးရလက်ထက် ဖျက်ဆီးခံရပြီးသိမ်းယူထားသော ရှမ်းလူမျိုးများ၏ အထွဋ်အမြတ်ထားရှိရာ ကျိုင်းတုံဟော်နန်း အား ဒေသခံလူထုထံပြန်လည်ပေးအပ်ရန် ရှမ်းလူမျိုးများနှင့် ဒေသခံပြည်သူများက ဆန္ဒရှိနေကြောင်းသိရသည်။

“ သီပေါမှာ ကျွန်တော့်သူငယ်ချင်းတွေရှိတယ်။သူတို့လည်းပြောတယ် သီပေါဟော်နန်းကပိုင်ရှင်ဖြစ်တဲ့ သီပေါစော်ဘွားက ပြည်သူလက်ထဲကိုအပ်လိုက်ပြီလေ။အဲ့ဒါတော့ သူတို့ပြန်ရတယ်။ကျိုင်းတုံဟော်နန်းကိုလည်း ကျွန်တော်တို့ဒီနေရာပြန်ရနိုင်မယ်ဆိုရင် အဲ့ဒီနေရာကို ကျွန်တော်တို့ပြန်ဆောက်ချင်တယ်။အဲ့ဒါကရှေးဟောင်းအမွေအနှစ်လေ။
အခုကျွန်တော်တို့ခေတ်လူငယ်လေးတွေ သားသမီးတွေ၊ မြေးတွေကတော့ သူတို့မမြင်ဘူးတော့ဘူးလေ။ကြားပဲကြားဘူးတော့တယ်။ အမှန်ကတော့ဒါမျိုးကရှေးဟောင်း အမွေအနှစ် ဆိုတော့ ဖြစ်နိုင်ရင်တော့ ပြန်ပြီးတော့ အသက်သွင်းချင်တယ်။
ကျွန်တော်ထင်ပါတယ်။ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ကျိုင်းတုံမှာရှိတဲ့ ကျွန်တော်တို့ အသက်အရွယ်အားလုံးကိုမေးလိုက်ရင်တော့ အားလုံးက ပြန်ပြီးဆောက်ချင်တယ် လို့ကျွန်တော်ထင်တယ်။” ဟု ကျိုင်းတုံဇာတိသားတစ်ဦးဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းယီတစ်ကပြောကြားခဲ့သည်

9 November 1991 ရက်နေ့က သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းမြို့တော် သမိုင်းအမွေ အနှစ်ဖြစ်သည့် စော်ဘွား ဟော်နန်းကြီးကို န၀တ စစ်အုပ်စုက ဒေသခံရဟန်းရှင် ပြည်သူ အများကတားမြစ်သည့်ကြားမှ ဖြိုခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံဇာတိ ထိုစဉ်ကအဖြစ်အပျက်များကိုသိရှိခဲ့သူ ဆရာတော် ဘဒန္တပညာသာမိက“ဘုန်းကြီးအိုတွေ စာချဆရာတော်တွေပူးပေါင်းပြီး မဖျက်ပါနဲ့။အဲ့ဒီနေရာကိုစာပြန်ပွဲ ၊ စာမေးပွဲ ၊ စာဖြေတဲ့ နေရာအဖြစ် အသုံးပြုဖို့မေတ္တာရပ်ခံတာ အာဏာပိုင်တွေက လှူလည်းမလှူနိုင်ဘူး ၊ နေရာကိုလည်းမပေးနိုင်ဘူး။ သူတို့ဟော်တယ်လုပ်ဖို့ အစီအစဉ်ရှိတယ်အဲ့လိုမျိုးပြောပြီးဖျက်ခဲ့တာ။”ဟုဆရာတော်ကမိန့်ကြားသည်။

ဖျက်ဆီးခံခဲ့ရသောကျိုင်းတုံဟော်နန်းအား AD- 1903 ခုနှစ် ကျိုင်းတုံမြို့ကို စော်ဘွားကြီး- စ၀်ကွဏ်းကျောက် အင်းတလဲန်း (Kawn Kiao Intaleng ) အုပ်ချုပ်စဉ်ကာလ စော်ဘွားကြီးသည်။ အိန္ဒိယနိုင်ငံသို့ ဒါပါလို့ခေါ်သည့် အစည်းအဝေ သွားရောက်စဉ် တပ်(ဒ်)မဟာကို တွေ့မြင်၍ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ကျိုင်းတုံ ဟော်နန်းဟောင်းအား အစားထိုးပြန်လည် တည်ဆောက်ရန် အိန္ဒိယမှ ဗိသုကာ အင်ဂျင်နီရာ များခေါ်ဆောင်က1905 ခုနှစ်တွင် ဟော်နန်းကြီးကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဟော်နန်းကြီးမှာ အဆင့်ခုနှစ်ဆင့်ပါရှိပြီးမှူးမတ်များနှင့်တွေ့ဆုံခန်း၊ ဧည့်သည်တွေ့ဆုံခန်း၊တိုင်းသူပြည်သားတွေကိုဧည့်ခံသည့်အခန်း၊အစည်းဝေးခန်းမ ၊ အုပ်ချုပ်ရေးခန်းမ စသည်ဖြင့် ခွဲခြားထားပြီးကြီးမားခိုင်ခံသော အဆောက်အဦးကြီးတစ်ခုဖြစ်ကြောင်းဆရာတောဘဒန္တပညာသာမိက မိန့်ကြားသည်။

ယခုအခါကျိုင်းတုံဟော်နန်းနေရာ၌ ကျိုင်းတုံဟော်တယ်သစ်ဟူ၍ ခေတ်မီဟော်တယ်တစ်လုံးကိုဆောက်လုပ်ထားပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမှပိုင်ဆိုင်ကြောင်းသိရသည်။
ဟော်တယ်တာဝန်ရှိသူနှင့်တွေ့ဆုံနိုင်ရန် ကျိုင်းတုံရောက်ခိုက် နှစ်ရက်အတွင်းကြိုးစားခဲ့သော်လည်း မအားလပ်ဟုဆိုသောကြောင့်တွေ့ဆုံနိုင်ခြင်းမရှိခဲ့ချေ။ ဟော်တယ်အားမည်သူပိုင်သနည်းဟုမေးမြန်းစုံစမ်းကြည့်ရာ ဟော်တယ်ဧည့်ကြိုကောင်တာမှ ရုပ်ရည်သန့်သန့် အသက်လေးဆယ်ခန့် အမျိုးသမီးက ကောင်တာနားတွင် ချိတ်ဆွဲထားသော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမှပိုင်ဆိုင်သည်ဟူသောဆိုင်းဘုတ်အား ညွှန်ပြခဲ့သည်။


ကျိုင်းတုံဟော်နန်းကြီးအားပျက်စီးသွားသည်ကိုယနေ့အချိန်ထိ ကျိုင်းတုံဒေသခံများနှင့် ရှမ်းတိုင်းရင်းသားများမှာ နှမြောတသ ဖြစ်လျှက်ရှိဆဲဖြစ်သည်။
ဟော်နန်းကြီးအားဖျက်ဆီးသည်ကို ကိုယ်တိုင်မြင်တွေ့ကြုံကြိုက်ခဲ့သူ ဦးစိုင်းထွန်းအေးကလည်း
“ န၀တ အစိုးရတက်လာပြီး ဗိုလ်ချုပ်ခင်ညွှန့် အတွင်းရေးမှူးဖြစ်တဲ့အခါတုန်းကပေါ့။ဖျက်တဲ့နေ့ ဖျက်တဲ့အခါတုန်းကတော့ ဒေသခံတစ်ယောက်အနေနဲ့ကတော့မဖျက်စေချင်ဘူးပေါ့။ဒါပေမယ့်သိတဲ့အတိုင်းပဲလေ အဲ့ဒီအခါတုန်းကလည်းစစ်အာဏာရှင်ဆိုတော့ သူတို့စိတ်ကြိုက်သူတို့ လုပ်သွားတာပေါ့။လူတွေက၀ိုင်းကန့်ကွက်ပါသေးတယ်။ပြောနိုင်သလောက်ပြောကြပါသေးတယ်။ပြောချင်သလောက်ပြောကြပါစေ။သူတို့ကလည်းပြည်သူတွေပြောတဲ့အသံလုံးဝဂရုမစိုက်ဘူးလေ။” ဟုပြောကြားခဲ့သည်။

ဟော်နန်းကြီးအားဖျက်ဆီးရန်အတွက် အဓိကဆောင်ရွက်သူမှာထိုစဉ်ကဗိုလ်မှူးကြီးဘ၀ နှောင်ကချင်ပြည်နယ်တိုင်းမှူးဖြစ်လာသူ ဗိုလ်ချုပ်ကျော်ဝင်း (ငြိမ်း) ဖြစ်ကြောင်းဒေသခံအများအပြားကပြောဆိုကြသော်လည်း ဆရာတော်ဘဒန္တပညာသာမိက ဗိုလ်ချုပ်ကက်စိန်ဖြစ်ကြောင်းပြောကြားသည်။
ဆရာတော်က“ အဲ့ဒီအချိန်တုန်းက ရပခ တိုင်းမှူးကတောင်ကြီးမှာ အဲ့ဒီတုန်းကတြိဂံတိုင်းမဖွဲ့သေးဘူး။နှောက်ပိုင်းမှ တြိဂံတိုင်းနဲ့ ကမ်းရိုးတန်းတိုင်းဆိုပြီးဖွဲ့တာ။အဲ့အချိန်တုန်းကဗိုလ်ချုပ်မောင်အေးက တောင်ကြီးမှာတိုင်းမှူးဖြစ်နေတာ။ကျိုင်းတုံက တပ်မမှူး ဗိုလ်ချုပ်ကက်စိန်အကြီးဆုံး။”ဟုဆရာတော်ကမိန့်ကြားသည်။

ဖျက်ဆီးလိုက်သောဟော်နန်းမှအစိတ်အပိုင်းအချို့အား ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှလာရောက်ဝယ်ယူသွားပြီး ပြတိုက်အဖြစ်ထားရှိကြောင်းလည်းသိရသည်။
ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနူကလည်း
“ ကျမတို့ရှမ်းပြည်မှာ စ၀်ဖ (စော်ဘွား) ဆိုတာ ဘုရင်ပဲ။စော်ဘွားအဆက်ဆက်တွေရှိခဲ့တယ်။ဟော်နန်းတွေမြို့ရိုးတွေရှိတယ်။မြောက်ပိုင်းစယ်လန့်ဘက်မှာရှိတယ်။ကျိုင်းတုံ၊ သီပေါဟော်ဆိုတာ အခိုင်အမာရှိတယ်။
ကျိုင်းတုံဟော်နန်းကိုဖျက်ဆီးလိုက်ပြီဆိုတာသိလိုက်တာနဲ့ အရမ်းဝမ်းနည်းသွားတယ်။အဲ့ဒီတုန်းက ကျွန်မကလေးပဲရှိသေးတယ်။ကျွန်မရွာလေးတစ်ရွာမှာရောက်နေတာ။ဟော်နန်းကိုဖျက်ပြီး ဟော်တယ်ဆောက်မယ်ဆိုတာသိလိုက်တာနဲ့ တစ်မြို့လုံးဝမ်းနည်းကြတယ်။အဲ့ဒီအချိန်မှာ ကျိုင်းတုံတစ်မြို့လုံးက သံဃာတော်တွေ မဖျက်ပါနဲ့လို့ကန့်ကွက်စာ ကိုလက်မှတ်ထိုးပြီးတင်ကြတယ်။အတွင်းကျကျတော့ မသိရဘူး။သူများတွေပြောတာပေါ့။ဖျက်လိုက်တဲ့ ဟော်နန်းနံရံတွေ နဲ့တိုင်တွေကို ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံကလာဝယ်သွားတယ်ဆိုတာသိလိုက်တော့နည်းနည်းတော့ဖြေသာသွားတာပေါ့။ကိုယ့်ယဉ်ကျေးမူအမွှေအနှစ်တွေကို ထိန်းသိမ်းတဲ့လူတွေရှိသေးတယ် ပေါ့။နိုင်ငံတော်အစိုးရကလည်း ရှေးဟောင်းအမွေအနှစ်တွေကို မဖျက်ဆီးပဲ ထိန်းသိမ်းသင့်တယ်။”ဟုပြောကြားခဲ့သည်။

ဟော်နန်းကြီးအားဖျက်ချပြီးနောက် ကျိုင်းတုံသို့ ရောက်ရှိခဲ့သူ ဦးလှရဲထွဋ်က “ ကျွန်တော်ကျိုင်းတုံရောက်သွားတဲ့အချိန်မှာ ဟော်တယ်အဟောင်းမှာတည်းပါတယ်။ဟော်နန်းကြီးကဖျက်ဆီးပြီးနေပြီ။အဲ့ဒီအချိန်မှာ ဟော်နန်းရှေ့မှာနလင်ကျော်ပင်ကြီးရှိတယ်။လူနှစ်ဘက်စာလောက်ရှိတယ်။အဲ့ဒါကြီးကိုလည်းလှဲပစ်တာ။ တစ်မြို့လုံးမွှေးပျံ့သွားတာ။ လှဲတုန်းကတော့နလင်ကျော်ပင်ကြီးဆိုတာမသိကြဘူး။
လှဲပြီးသွားလို့ တစ်မြို့လုံးမွှေးသွားတော့မှ နလင်ကျော်ပင်မှန်းသိတာ။နောက်နေ့ဆိုတော့ အမြစ်ပါကုန်တာပဲ။”ဟု၎င်း အတွေ့အကြုံကိုပြောပြသည်။

တိုင်းရင်းသားများ၏ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို ပြတိုက်အဖြစ်ထားရှိပေးသင့်ကြောင်း ဒေါ်နန်းဝါနူ ကပြောကြားသည်။
“ ကျွန်မ ညောင်ရွှေဟော်ကိုရောက်တုန်းက ငယ်ငယ်လေးပေါ့။အဲ့ဒီအချိန်မှာ ဟော်က ညောင်ရွှေဟော်ပြတိုက်ဆိုပြီး ရှိခဲ့တယ်လေ။ဝင်သွားပြီဆိုကတည်းက ပလ္လင်တို့ ၊စော်ဘွား၊ ၀တ်စုံတွေ၊ ပုခက်တွေ ၊ဟိုတုန်းကသူတို့ ကလေးတွေ ချော့သိပ်ခဲ့တဲ့ ပုခက်တွေပေါ့။အစုံရှိတယ်။စော်ဘွားဟော်ဆိုပြီး အ၀င်အထွက်များတယ်။ တိုးရစ်တွေလည်းအရမ်းများတယ်။အခုရောက်သွားတော့ ဗုဒ္ဓပြတိုက်ဆိုပြီးမြင်ခဲ့ရတော့ ကျွန်မတို့ရင်နာရတယ်။ဗုဒ္ဓပုံတော်တွေရှိတယ်။ဟော်နန်းအသုံးအဆောင်တွေတစ်ခုမှ မရှိတော့ဘူး။
ကျွန်မတို့က စော်ဘွားဟော်တွေကို ပြတိုက်အဖြစ်ပဲရှိစေချင်တယ်။နောက် တိမ်မြုပ်နေတဲ့ မြို့တို့ ရွာတို့ ဟော်နန်းတို့ဆိုတာ အများကြီးရှိတယ်။အဲ့ဒါကို သုတေသနလုပ်ပြီးတော့ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်စေချင်ပါတယ်။”ဟု၎င်း အမြင်ကိုပြောပြသည်။

တိုင်းရင်းသားများနှင့်ယုံကြည်မူမတည်ဆောက်နိုင်ခြင်းမှာ တိုင်းရင်းသားဒေသရှိယဉ်ကျေးမူအမွေအနှစ်များကိုထိန်းသိမ်းခြင်းများနှင့်လည်းတိုက်ရိုက်သက်ဆိုင်ကြောင်း ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူးဦးနိုင်ဟံသာကသုံးသပ်ပြောကြားသည်။
“ မရှိတော့တဲ့ ဘုရင့်နောင်ရဲ့ ကမ္ဘောဇသာဒီ နန်းတော်ကြီးကိုတော့ ပြန်ဆောက်တယ်။ရှမ်းမှာရှိတဲ့ ကျိုင်းတုံဟော်နန်းကိုတော့ ဖျက်ဆီးပစ်တယ် ဆိုတော့တရားမျှတမူဘယ်လိုရှိမှာလည်း။”ဟု ချင်းမိုင်မြို့တွင်တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

ရှေးဟောင်းအမွေအနှစ်များကိုထိန်းသိမ်းသင့်ကြောာင်း မည်သူ့ပစ္စည်းကိုမှဖျက်ဆီးရန်မသင့်တော်ကြောင်း ရှမ်းတိုင်းရင်းသား သမိုင်းပညာရှင် ဆရာကြီးဦးစိုင်းအောင်ထွန်းကပြောကြားသည်။

“ ရှေးဟောင်းအမွေအနှစ်ဆိုတာက မဖျက်ကောင်းဘူးလေကွာနော်။ ငါတို့ရှမ်းပြည်တင်မဟုတ်ဘူး။ပုဂံလည်းရှေးဟောင်းပစ္စည်းတွေကို ရှိစေချင်တယ်။အဲ့ဒီလို ပုဂံရှေးဟောင်းရှိလို့တာလျှင် ငါတို့အခု ဂုဏ်ကျက်သရေတက်နေတာ။ဗမာပြည်မှာနော်။ ပြီးတော့ပုဂံရှေးဟောင်းပစ္စည်းတွေကြည့်ပြီးတော့မှ စေတီပုထိုးတွေကြည့်ပြီးတော့မှ နိုင်ငံခြားဝင်ငွေက ငါတို့ဘုရားကရှာပေးတာ။ငါတို့ရှေးဟောင်းအမွေအနှစ်တွေကရှာပေးတာ။အဲ့ဒီလိုပေါ့ ကျိုင်းတုံမှာလည်း ဒီလိုဟော်နန်းကြီးရှိရင် ရှေးဟောင်အနေနဲ့ ထားလို့ရှိရင် ဗမာပြည်လည်းပိုက်ဆံရမယ်။ကျိုင်းတုံလည်းပိုက်ဆံရမယ်။ကိုယ့်အမျိုးရဲ့ယဉ်ကျေးမူ၊ ဘာသာ ဒါတွေမပျောက်ဘူးဆိုရင်လူတွေမပျော်ဘူးလားကွာ။ပျောက်သွားတယ်ဆိုရင်ပျော်မလား။
အဲ့ဒါပေါ့ယဉ်ကျေးမူ ထိန်းသိမ်းတယ်ဆိုတာ အင်မတန်ကောင်းတယ်။ဘယ်လူမျိုးမှ ဘယ်လူမျိုးရဲ့ယဉ်ကျေးမူကိုမဖျက်စကောင်းဘူး။ ဘယ်လူမျိုးမှဘယ်လူမျိုးရဲ့ စာပေကိုမဖျက်စကောင်းဘူး။ဒါကလူ့ပြည်မှာရောက်လာတယ်ဆိုတာ လူတွေအတူတူနေကြတာပဲ။တို့ဆီမှာ လူတွေအတူတူ နေထိုင်ဖို့သဘာဝက ဖန်တီးပေးတာ။ ဒါကြောင့်သဘာဝကိုလည်း မဖျက်နဲ့ လူတွေလုပ်ထာားတဲ့ ဟာကိုလည်း မဖျက်နဲ့။ကမ္ဘာတည်သရွေ့ငါတို့ရဲ့ယဉ်ကျေးမူတည်ရမယ်ဆိုတာကအဓိကပဲ။ ဒါကြောင့် လူတိုင်းဟာ နှလုံးသားထဲမှာ ထည့်ထားရမယ်နော်။ဗြဟ္မဇိုလ်တရားလေးပါးဆိုတာက တစ်ယောက်နဲ့တစ်ယောက် လူကိုလူလိုဆက်ဆံကြ။သူ့အမွေအနှစ်ကိုသူလေးစားကြ။သူဘာသာကိုသူယုံကြည်ကြ။ထိန်းသိမ်းကြ၊ကိုယ့်စာပေကိုထိန်းသိမ်းကြဆိုတာ လူအစစ်အမှန်တွေရဲ့လုပ်ငန်းရပ်တစ်ခုဖြစ်တယ်ဆိုတာမှတ်ထား။”
ဟုပြောကြားခဲ့သည်။

ကျိုင်းတုံဟော်နန်းသည် စော်ဘွားပိုင် ဆိုသော်လည်း ဒေသခံပြည်သူများ၏ အခကြေးငွေဖြင့်တည်ဆောက်ခဲ့သောကြောင့် အများပြည်သူပိုင်သာဖြစ်ကြောင်းရှမ်းပြည်တပ်မတော်မှ ကျိုင်းတုံဒေသခံဒုဗိုလ်မှူးကြီး စိုင်းယီတစ်ကပြောကြားသည်။

“တကယ်တော့ ကျွန်တော်တို့ကျိုင်းတုံ့ရဲ့ကျိုင်းတုံဟော်နန်းက ပြည်သူတွေပိုင်တာ အဲ့ဒီခေတ်တုန်းက လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ဆောက်တဲ့ဟာကပြည်သူတွေဆီက တစ်ယောက်ကိုငွေဒင်္ဂါးတစ်ပြား အလျှူခံတယ်။အဲ့ဒီပိုက်ဆံနဲ့ဆောက်တာ။ရှင်းရှင်းပြောရရင်ဟော်နန်းကတော့ ကျိုင်းတုံပြည်သူတွေအားလုံးပိုင်တယ်။”ဟု၎င်းကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် အဓွန့်ရှည်ကြာစွာ ပဋိပက္ခဖြစ်ပွားနေခြင်းမှာ ယဉ်ကျေးမူ အမွေအနှစ်များ ဖျက်ဆီးခံရခြင်း ၊ စာပေများကို ထိန်းသိမ်း နိုင်သောအခွင့် အရေးမရရှိခြင်းစသည့် အကြောင်းရပ်သည်လည်းတစ်ခုအပါအ၀င်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များကဆိုသည်။
ယခုအခါတွင် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရန်နိုင်ငံတော်ကကြိုးပမ်းလျှက်ရှိရာ ကျိုင်းတုံဟော်နန်းကဲ့သို့သော အစိုးရကသိမ်းယူထားသော တိုင်းရင်းသားတို့၏ သမိုင်းဆိုင်ရာအမွေအနှစ်များကို သက်ဆိုင်ရာတိုင်းရင်းသားများသို့ပြန်လည်ပေးအပ်ရန်မှာ အခွင့်အရေးတစ်ရပ်အဖြစ်ရှိနေကြောင်းလည်းကျိုင်းတုံဒေသခံတစ်ဦးကပြောကြားသည်။

အရှေ့ပိုင်း သျှမ်းပြည်ရဲ့ သမိုင်းအထင်ကရ ဖြစ်တဲ့ ကျိုင်းတုံမြို့  ( သျှမ်းလို ကိန်းတုန်) ကို ရှေးယခင်က စန္ဒာရကွမ်း၊ ခေမရဋ်၊ တုံဂပူရိ စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသလို ခေမာဝရ တိုင်းဂုံပြည်ဟုလည်းခေါ်ခဲ့ကြသည်။ ကောဇာသကရာဇ် ၆၀၅ ခုနှစ် AD -1243 မှစ၍ ကောဇာသကရာဇ် ၁၃၂၄ ခုနှစ် AD – 1962 အထိ အုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ စုစုပေါင်း (၄၉) ပါးရှိတယ်လို့ မှတ်တမ်းများအရ သိရပါသည်။

ဌာနေသျှမ်းများက နမ့်ခိင်မြစ်ကိုအစွဲ၍ နေထိုင်လာခဲ့သောကြောင့် ယင်းသျှမ်းလူမျိုးတို့ကို သျှမ်းတို့က တိုင်းခိင် ဟုခေါ်ဆိုခဲ့ရာ အခြားသူများက ခေါ်ဆိုသော အသံမပိသသောကြောင့် ခိင်ကို ဂုံ ဟုထွက်ခါ ဂုံသျှမ်းလူမျိုးဟု မြန်မာ့သမိုင်းတွင် ရေးသားထားကြောင်း တွေ့ရသည်။

တိုင်းခိင်ခေါ် ဂုံသျှမ်းလူမျိုးများသည် ကိုယ်ပိုင်စာပေ ယဉ်ကျေးမှာ ရှေးယခင် ကပင် ရှိခဲ့သည်။ ဂုံသျှမ်း စာပေများသည် အိန္ဒိယ ပြည်သုံး Brahmi နှင့် Sunskit အက္ခရာတို့ မှ တဆင့် ပလ္လ၀ အက္ခရာ အဖြစ်အသုံးပြုပြီး ခမင် (ခ) ခမာ လူမျိုးများမှ တဆင့် ထိုင်းနိုင်ငံ လာအို၊ ဇင်းမယ်၊ ကျိုင်းတုံတို့ မှတဆင့် ဆစ်ဆောင်ပန်နား အထိ အသုံးပြုခဲ့ကြသည်။ လိတ်တိုင်းခိင် သို့မဟုတ် ဂုံသျှမ်းစာဟုခေါ်သည်။

တိုင်းခိင်ခေါ်ဂုံသျှမ်းလူမျိုး နေထိုင်ရာ ဒေသတခုလုံးအား ကျိုင်းတုံမြို့ကို ဗဟိုထား၍ သျှမ်း စော်ဘွား အဆက်ဆက် အုပ်ချုပ် လာခဲ့သည်။
1887 ခုနှစ်တွင် သျှမ်းပြည်တ၀ှမ်းလုံးကို အစောင့်ရှောက်ခံနိုင်ငံ (Protectorate State) အဖြစ် အင်္ဂလိပ်တို့ လာရောက် သတ်မှတ်ခြင်း မပြုမှီ 19ရာစု နှောင်းပိုင်းမှစ၍ 1880 ကျော်အထိ သီးခြား လွတ်လပ်သော နယ်ပယ်တစ်ခုအဖြစ် ရပ်တည်ခဲ့ကြောင်း သျှမ်းနီလေး အင်တာနက် ၀က်ဆိုဒ်တွင်ဖော်ပြထားသည်။

By; Unity Weekly Journal

No comments :