Thursday 10 January 2013

ဗြိတိန် အခြေစိုက် ဘဏ် မြန်မာ တွင်ဖွင့်မည်



ဗြိတိန်အခြေစိုက် Standard Chartered ဘဏ် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်မည်
...............................................................................................................
မလေးရှားနိုင်ငံ ပီနန်ရှိ Standard Chartered ဘဏ်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - www.aseannewsnetwork.com)
ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းဘဏ် တစ်ခုဖြစ်သော Standard Chartered ဘဏ်သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြချက်အရ သတင်းရရှိပါသည်။
Standard Chartered ဘဏ်၏ ကိုယ်စားလှယ်ရုံးခွဲကို လာမည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံစလုံးတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်သည့် နိုင်ငံတကာ ထိပ်တန်းဘဏ်ကြီးတစ်ခု ဖြစ်လာမည်ဖြစ်သည်။
“Standard Chartered ဘဏ်ဟာ ရန်ကုန်မြို့မှာ နှစ်ပေါင်း ၁၅၀ ကျော် သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားမှုကို မြန်မာဗဟိုဘဏ်က လျင်မြန်စွာ ခွင့်ပြုပေးတာကြောင့် ၀မ်းသာကျေနပ် မိပါတယ်။ မြန်မာနိုင်ငံမှာ လျင်မြန်စွာ ပေါ်ထွက်လာမယ့် အခွင့်အရေးတွေကို ရယူနိုင်ဖို့ ကြိုးစားနေတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဖောက်သည်တွေကို ချိတ်ဆက်ပံ့ပိုးနိုင်ဖို့ ရှေ့ဆက်လုပ်ဆောင် သွားမှာပါ” ဟု Standard Chartered ဘဏ်၏ အာရှဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Jaspal Bindra က ပြောကြားခဲ့ကြောင်း သိရပါသည်။
Standard Chartered ဘဏ်သည် မြန်မာနိုင်ငံတွင် ၁၈၆၂ ခုနှစ်က ဘဏ်ခွဲစတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၆၃ ခုနှစ်အထိ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ယခင်အစိုးရ လက်ထက် ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင် ဘဏ်လုပ်ငန်း ဆောင်ရွက်နိုင်ရန် ၂၀၁၂ ခုနှစ်က စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အစောဆုံး ၀င်ရောက်လာသည့် ဘဏ်တစ်ခုဖြစ်သော အဆိုပါ Standard Chartered ဘဏ်သည် ၁၉၆၃ ခုနှစ် ပြည်သူပိုင် သိမ်းမှုနှင့် ၂၀၀၃ ခုနှစ် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည် ရုပ်သိမ်းခဲ့သည်။
အဆိုပါဘဏ်သည် နိုင်ငံပေါင်း ၇၀ နိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဘဏ်ခွဲနှင့် ကိုယ်စားလှယ်ရုံးခွဲ စုစုပေါင်း ၁၇၀၀၀ ၀န်းကျင် ဖွင့်လှစ်ထားသည်ဟု သိရပါသည်။
ထို့အတူ Standard Chartered ဘဏ်သည် ပြီးခဲ့သော နှစ်များအတွင်းက နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများ၊ ငွေကြေးလွှဲပြောင်းမှုများ ပိတ်ပင်ခံခဲ့ရသော မြန်မာ၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နိုင်ငံများနှင့် သက်ဆိုင်သော တားမြစ်ချက်များကို ချိုးဖောက်မှုအတွက် ဒဏ်ကြေး အမေရိကန် ဒေါ်လာ ၃၂၇ သန်း ပေးဆောင်ရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက သဘောတူခဲ့ကြောင်း သိရသည်။Eleven Media Group s

No comments :