Thursday 3 January 2013

လွတ်လပ်ရေး က ဘာတွေရသလဲ ( မိုးသီးဇွန် )

လွတ်လပ်ရေးက ငါဒို့ ဘာတွေရခဲ့သလဲ
(မိုးသီးဇွန် )

လွတ်လပ်ရေးက ငါဒို့ ဘာတွေရခဲ့သလဲ။ ငါဒို့ ဘာမှမရခဲ့ဘူး လို့ ပြောရမယ်။

အမေရိကန် တွေလဲ အင်္ဂလိပ်ကိုနီဘ၀ကျရောက်ခဲ့တယ်။ အင်္ဂလိပ်ကိုတော်လှန်ပြီး လွတ်လပ်ရေးရခဲ့တယ်။ ဇူလိုင်လ ၄ ရက်၊၁၇၇၆ ခုနစ်မှာလွတ်လပ်ရေးရခဲ့တယ်။ အမေရိကန် လွတ်လပ်ရေးကြေညာစတန်းကို ကမ္ဘာကျော်ခဲ့ပါတယ်။ အထူးသဖြင့် ကြေညာစာတန်းမှာပါတဲ့

‘’ We hold these truths to be self-evident, that all men are created equal, that they are endowed by their Creator with certain unalienable Rights, that among these are Life, Liberty and the pursuit of Happiness ‘’

စာတန်းကြောင့်ဖြစ်ပါတယ်။ လူသားတွေ မွေးဖွားကတည်း တူညီတယ်။ လူတိုင်းဟာ လူအခွင့်အရေး၊အသက်ရှင်ခွင့်၊လွတ်လပ်ခွင့် နဲ့ပျော်ရွှင်မှုကို ခံစားပိုင်ခွင့်ရှိကြတယ်ဆိုတာပါပဲ။
ဒါဟာ လွတ်လပ်တဲ့လူသား တဦးရဲ့  ဘ၀အဓိပါယ်ရှိမှုလို့ ဆိုနိင်ပါတယ်။
ဒီရိုးစင်းတဲ့ အနှစ်သာရက နိင်ငံတကာလူအခွင့်အရေး တွေရဲ့ မြစ်ဖြားခံရ ဖြစ်လာတယ်။ ကမ္ဘာအဓိပါယ်အရှိဆုံးအင်္ဂလိပ်ဝါကျ လို့ ပညာရှင်တွေက တင်စားခဲ့ကြရတယ်။ အမေရိကန်နိင်ငံသားတွေဟာ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို ခံစား နေခဲ့ကြတာနှစ်ပေါင်း ၃၀၀နီးပါးရှိခဲ့ပါပြီ။

ကျနော်တို့ မြန်မာ နိင်ငံဟာလဲ နှစ်ပေါင်း တရာကျော်အင်္ဂလိပ်ကိုလိုနီလက်အောက်ကိုကျရောက်ခဲ့တယ်။ ၁၉ ၄၈ ခုနစ်ဇန်န၀ါရီလ ၄ ရက်နေ့ မှာလွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆၅ နှစ် မှာ ကျနော်တို့ဘာရသလဲ။ အမေရိကန် လွတ်လပ်ရေး ကြေညာစာတန်းမှာပါတဲ့ လွတ်လပ်တဲ့လူသား ရဲ့ အဓိပါယ် မျိုး ကျနော်တို့ မှာရှိခဲ့ပါပြီလား။ ပြန်ကြည့်ကြရအောင်။

ကျနော်တို့ကံကြမ္မာကို ကျနော်တို့မဖန်တီး နိင်သေးတဲ့အတွက် ကျနော်တို့ ဟာ မလွတ်လပ်သေးပါဘူး။ လွတ်လပ်ရေးဆိုတာဘာလဲ ။ လွတ်လပ်ရေးဆိုတာ ကိုယ်ကြမ္မာကိုယ်ဖန်တီးနိင်ခြင်းပဲဖြစ်တယ်။ ကိုယ်ကြမာကိုယ်ဖန်တီးတယ်ဆိုတာကတော့ စားဝတ်နေရေးနဲ့အတွေး ကို လွတ်လပ်စွာလုပ်ကိုင်နိင်ခွင့်ရှိခြင်းပဲဖြစ်တယ်။

ကျနော်တို့ ဟာ လွတ်လပ်စွာအသက်မွေးဝမ်းကြောင်းနိင်ခြင်းမရှိသေးပါဘူး။ သမာအာဇီဝအလုပ်ကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်မရှိဖြစ်နေတယ်။ ဒီတော့ရရာအလုပ်တွေကိုလုပ်ကိုင်နေကြရတယ်။
စားဝတ်နေရေးပြသနာကို မိသားစုတိုင်းဖြေရှင်းလာကြတဲ့ပုံစံတွေက ကိုကြည့်ရင်
တရားမ၀င်အလုပ်တွေဖြစ်နေတယ်။ ပြည်သူလူထုရဲ့ အဓိက စီးပွားရေးလုပ်ငန်း တွေက
ဘာတွေလဲလို့ ကြည့်ရင် ဓါတ်ဆီရောင်းတာ၊ တလုံးနှစ်လုံးသုံးလုံးရောင်းတာ၊ လယ်ကိုလုပ်တာ၊ လူကုန်ကူးတာ၊ နိင်ငံခြားနဲ့ နယ်စပ်က ကုန်ပစ္စည်းကို မြန်မာပြည်ထဲကို ရင်တထိတ်ထိတ်နဲ့ ပို့ ရတာ ၊ လမ်းဘေးမှာ ဈေးရောင်းတာ အားလုံးဟာ တရားမ၀င်လုပ်ငန်းတွေဖြစ်နေပါတယ်။
လူမှုရေးလုပ်ငန်းတွေ ဖြစ်တဲ့ စေတနာဝမ်ထမ်း ပညာရေး ၊ ကျမ္မာရေးလုပ်ငန်းတွေကလဲ
တရားမ၀င်လုပ်ငန်းတွေပဲဖြစ်နေကြရပါတယ်။ လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၆၅ နှစ်မှာ တရားမ၀င် ဆိုတဲ့စကားတလုံးပဲ တရားဝင်သုံးစွဲလာတာကိုတွေ့ ရပါတယ်။
တရားမ၀င်ကျူးကျော်နေထိုင်သူများ၊ တရားမ၀င်သစ်ခုတ်သူများ၊ တရားမ၀င် ငါဖမ်းသူများ၊ တရားမ၀င်အလုပ်သမားများ တရားမ၀င်အသင်းအဖွဲ့ များ စတဲ့စကားလုံးတွေနဲ့  ကျနော်တို့ အတော့ကိုယဉ်ပါးလာတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင်တောင် ကျနော်တို့ ဟာဒီနိင်ငံမှာမွေး ဒီမှာကြီးပြင်းပေမဲ့ ဒီနိင်ငံထဲမှာ တရားမ၀င်နေထိုင်သူတွေ ဖြစ်နေကြရပါတယ်။

ဒါဖြင့်ရင် တရား ၀င်စီးပွားရေးလုပ်ငန်း ၊ သမာအာဇီဝ လုပ်ငန်းတွေက ဘာတွေလဲ။ ဒါတွေကတော့ လက်နက်အရောင်းအ၀ယ်၊ဘဏ်လုပ်ငန်း၊ ငွေလွဲလုပ်ငန်း၊ ရေနံအရောင်းအ၀ယ်၊ လယ်မြေ၊ ဓါတ်သတ္တူးဖေါ်ရေး၊ ကုန်သွယ်ရေး လုပ်ငန်း၊ အိမ်ခြံမြေနဲ့  ဆောက်လုပ်ရေးလုပ်ငန်းကြီး တွေက တရားဝင်လုပ်ငန်းတွေဖြစ်နေတယ်။ ဥပဒေအတွင်းမှာရှိနေတယ်။ ဒီလုပ်ငန်းတွေကိုတော့
ဧရာမ ပြည်သူလူထုက လွတ်လွပ်စွာ ပါဝင်လုပ်ကိုင်ခွင့်မရှိဖြစ်နေပါတယ်။ ဒါက ဦးပိုင်နဲ့ခရိုနီတွေအတွက် သာဖြစ်နေပါတယ်။ ငါတို့ လုပ်ခွင့်မရကြဘူး။ လူကြီးလူကောင်းတွေရဲ့ အလုပ်ဖြစ်နေတယ်။ ဦးပိုင်ရဲ့ အလုပ်တွေဖြစ်နေတယ်။ ဒီတော့ ကျနော်တို့ ဟာလွတ်လပ်ပြီ လို့ ဆို ပါသော်ငြားလဲ ကျနော်တို့ ဟာလွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့်မရှိသူတွေဖြစ်နေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ခေါင်းဆောင်တွေက လွတ်လပ်ရေးကြိုးပန်းစဉ်ကာလက သူတို့ ပြောခဲ့တဲ့စကားတွေရှိတယ်။ ဒါကတော့ ကိုလိုနီ အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှာမြန်မာနိင်ငံရဲ့ သယံဇတတွေ စီးပွားရေးလုပ်ငန်းတွေကိုလက်ဝါးကြီးအုပ်ဂုတ်သွေးစုတ်ချယ်လှယ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လွတ်ရေးအတွက်တိုက်ခဲ့တာလို့ ဆိုပါတယ်။ အခု ကျနော်တို့ နိင်ငံရဲ့  သယံဇတနဲ့စီးပွားရေးလုပ်ငန်းကြီးတွေကို ကျနော်တို့ ပိုင်ပါပြီလား။ ကျနော်တို့ မြေတွေကို ကျနော်တို့ ပိုင်ပါပြီလား။

လွတ်လပ်မှု

လွတ်လပ်စွာ တွေးတော်ခွင့် ကျနော်တို့ မှာရှိပါသလား။ လွတ်လပ်စွာဖေါ်ထုတ်ခွင့်ရှိပြီလား။လွတ်လပ်စွာတင်ပြခွင့်ရှိပါပြီလား။မရှိဘူးလို့ ပြောနိင်ပါတယ်။ အာဏာရှင်စနစ် တိုင်းဟာလူသားတွေရဲ့လွတ်လပ်စွာတွေးခေါ်မှုကို ထိမ်းချုပ်ကြတာဖြစ်ပါတယ်။

ကျနော်တို့ ဟာလွတ်လပ်စွာတွေးတောခွင့်၊လွတ်လပ်စွာထုတ်ဖေါ်ခွင့်တွေလည်းကန့် သတ်ခံခဲ့ရတယ်။ မကြာသေးမီကလေးကပဲ ဂျာနယ်တချို့ဟာ ရေသားခွင့်အထိုက်အလျောက်ရလာပါတယ်။ ပြောကြကြေးဆိုရင်တော့ လွတ်လပ်ပြီး နှစ်ပေါင်း ၆၅ နှစ်မှာ ၆၄ နှစ်က အမှောင်ခတ်လို ဖြစ်ခဲ့ရတယ်။ ဒီတော့

ကျနော်တို့ ရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးဟာ ဘယ်လောက်အထိနိမ့်ကျသွားသလဲဆိုတာ အခုတွေ့ နေရပြီဖြစ်တယ်။

စာရေးဆရာကြီး ဂျော့ အော်ဝဲလ် ( George Orwell ) က ပြောဘူးတယ်။ သူက-
“If liberty means anything at all, it means the right to tell people what they do not want to hear.” ခင်ဗျားတို့ မကြားချင်တဲ့ဟာတွေကို ပြော နိင်တဲ့အခွင့်အရေးရှိမှ လွတ်လပ်ရေးရှိတာလို့ ဆိုပါတယ်။ ကျနော်တို့ ဟာ အာဏာပိုင်တွေ၊ အကြီး အကဲဆိုသူတွေ၊
ဒီမိုကရေစီ ချန်ပီယံဆိုတဲ့သူတွေကို သူတို့ ကြားချင်တာပဲပြောပေးနေရတဲ့ဘ၀နဲ့ကြီးပြင်းလာရတဲ့သူတွေပါ။ ကျနော်တို့ ရင်ထဲမှာနှစ်ပေါင်းများစွာသိမ်းထားတဲ့ သူတို့ မကြားချင်တာတဲ့ဟာတွေရှိနေတယ်။ ကျနော်တို့ ဟာ သိမ်းဆည်းထားကြရပါတယ်။ ပြောချင်တာပြောခွင့်မရှိပဲ မွေးလာကြတယ်။

ပြောချင်တာမပြေလိုက်ရပဲသေသွားကြတယ်။ မွေးခြင်းနဲ့သေခြင်းကြားမှာ ကျနော်တို့  ရဲ့ ဘ၀သစ္စာကတော့ သမ္မ၀ါစာမဖြစ်ခဲ့ကြရဘူး။ မှန်တာတွေမပြောသွားတဲ့အတွက် မှန်ကန်စွာတွေးတောခြင်းကို ကျနော်တို့ မရဲတော့ဘူး။ အတွေးမရဲတော့ဘူး။
အတွေးမရဲတဲ့အတွက်အလုပ်လဲမရဲကြတော့ဘူး။ နိင်ငံတနိင်ငံမှာလွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့်တွေမရှိတော့ဘူးဆိုရင်တော့ ဘာမှမရှိတော့ဘူးလို့ ပြောလို့ ရပါတယ်။ ဒီလိုဖြစ်အောင် စနစ်ကြီးကိုကဖန်တီးပေးထားခဲ့တာကိုး။ ဂျော့အော်ဝဲလ်ရေးတဲ့ ၁၉ ၈၄ ဆိုတဲ့
ဝထ္တထဲက လို မျိုး မြန်မာပြည်ရဲ့ အခြေအနေ က ကျရောက်ခဲ့တယ်။
ဝထ္တုထဲမှာ ကျွန်းသားနိင်ငံ( Oceania) ဆိုတဲ့ လူအဖွဲ့ စည်းကို အကိုကြီး(Big Brither) ဆိုတဲ့ အာဏာရှင်ကြီးကအုပ်ချုပ်ထားတယ်။ ၀န်ကြီးဌာန ၄ ခုနဲ့ အုပ်ချုပ်ထားတယ်။ ၀န်ကြီးဌာနတွေက ငြိမ်းချမ်းရေးဝန်ကြီးဌာန (Minister of Peace ) ၊ ပေါကြွယ်ဝ ၀န်ကြီးဌာန (Minister of Plenty) , မေတ္တာဝန်ကြီးဌာန (Minister of Love) ၊ အမှန်တရားဝန်ကြီးဌာန (Minister of True) တွေဖြစ်ကြတယ်။ ၀န်ကြီးဌာနတွေရဲ့ နာမည်နဲ့အလုပ်က တလွဲဆီဖြစ်နေတယ်။ ငြိမ်းချမ်းရေးဝန်ကြီးဌာနရဲအလုပ်က စစ်ပဲတိုက်နေတယ်။ ပေါကြွယ်၀၀န်ကြီးဌာနကြောင့်လူတွေ အငတ်ပြတ်သနာကြီးနဲ့ရင်ဆိုင်နေရတယ်။ မေတ္တာဝန်ကြီးဌာနကတော့လူတွေကိုဖမ်းတယ်။နှိပ်စက်တယ်။ သတ်ဖြတ်ပြစ်တယ်။ အမှန်တရားဝန်ကြီးဌာနကတော့ ဆိုက်ဝါးတွေ၊ ၀ါဒဖြန့် ချီရေးတွေပဲလုပ်နေပြီး အမှန်ကိုမပြောတော့ဘူး ဖြစ်နေတယ်။ အင်္ဂလိပ်ပြောရရင်တော့ ‘’ Misnomer’’ ဖြစ်နေတယ်။
နှစ်ပေါင်း ၆၅ နှစ်လောက်ပိတ်လောင်ထားခံခဲ့ရတဲ့အတွက်လွတ်လပ်စွာတွေးခေါ်ခွင့်လုပ်ပိုင်ခွင့်မရတဲ့အတွက် ပြည်သူလုထုတွေဟာ စွမ်းရည်ကျဆင်းမှု (Human Capacity ) ကို အကြီးအကျယ်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရက တံခါးဖွင့်လိုက်ပါပြီ၊ ပြောင်းလဲနေပါပြီ၊ရင်းနှီးမြုပ်နှံမှုတွေလာလုပ်ကြပါလို့  တစာတစာအော်နေ ပေမဲ့ နိင်ငံထဲမှာ စွမ်းရည်ကျဆင်းသွားတဲ့အတွက် ရင်းနှီးမြှုပ်နှံ မှုတွေကို စီမံခန့် ခွဲ နိင်မဲ့ စွမ်းအားကင်းမဲ့နေတာကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အာဏာကိုတဦးတယောက်က လက်ဝါးကြီးအုပ်ကိုယ်ကျိုးရှာတဲ့စနစ်အောက်ကိုကျရောက်သွားတဲ့အတွက် စီးပွားရေး ပညာရှင် နှစ်ဦး ဖြစ်တဲ့ အေမော့လူနဲ့  ရောဘင်ဆင် စံနှုန်း ( Acemoglu and Robinson Paradigm) ထောက်ပြဝေဖန်ထားသလိုဖြစ်လာတယ်။ ဒါကတော့ အာဏာရှင်လူအဖွဲ့ စည်းနဲ့ ဒီမိုကရက်တစ်လူအဖွဲ့ စည်း နှစ်ခုကွာခြားပုံဖြစ်ပါတယ်။

အာဏာရှင်အောက်ကလူအဖွဲ့ စည်း မှာ နိင်ငံရေးနဲ့စီးပွားရေးကို လူတစုက ချုပ်ကိုင်တယ်။ လူတိုင်းမပါနိင်ဘူး။ ဒါကြောင့်လူနည်းစုပဲချမ်းသာလာမယ်။

ပညာရှင်တွေ၊ ကျွမ်းကျင်လုပ်သားတွေနိင်ငံကနေထွက်ပြေးကြတယ်။
စည်းလုံးမှု ကင်းမဲ့တယ်။ ယုံကြည်မှုတွေကျဆင်းမယ်။ လူထုထောက်ခံမှုကျဆင်းမယ်။ နိင်ငံတော်ကိုယ်တိုင်က
ဆင်းရဲမွေးတေအောင်လုပ်တဲ့ ယန္တယားဖြစ်လာတယ်။ နိင်ငံရေးနဲ့စီးပွားရေး အာဏာဟာခွဲလို့ မရအောင်ချုပ်ကိုင်လာမယ်။ နိင်ငံတခုလုံး ဆင်းရဲခြင်းဝဲသြဂ ထဲကျရောက်သွားတယ်။
( ဒီသီအိုရီကို သူတို့ ထုတ်စဉ်က မြောက်ကိုရီးယားနဲ့ မြန်မာကို ဥပမာအဖြစ်သုံးခဲ့ကြတယ်။ )

ဒါနဲ့ဆန်ကျင်ဖက် ဒီမိုကရေစီလူအဖွဲ့ စည်းမှာတော့
နိင်ငံရေးနဲ့စီးပွားရေး ကိုလူတိုင်းပါဝင်ခွင့်ရှိတယ်။ ချမ်းသာတဲ့သူတွေများလာတယ်။ သူတို့ ကြားမှာပူးပေါင်းဆောင်ရွက်မှုတွေပိုများတယ်။ မက်ခရိုစီးပွားရေး ထိရောက်မှုရှိလာတယ်( Effectiveness of Macroeconomy) ၊တရားဥပဒေဆိုးမိုတယ်။ ပုဂ္ဂလိက ပိုင်ဆိုင်မှုနဲ့မြေယာပေါ်လစီရှိတယ်။ ကျမာရေးနဲ့  ပညာရေး စောင့်ရှောက်မှုတွေရှိတယ်။ နိင်ငံတော်က ဖွင့်ဖြိုးတိုးတက်မှု ထဲမှာရှိနေတယ်။ ဥပမာအနေနဲ့  တိုင်ဝမ်နဲ့  ကိုရီးယားကို သုံးခဲ့တယ်။

ပြည်တွင်းစစ်

မြန်မာပြည်က ကမ္ဘာမှာ ပြည်တွင်းစစ်သက်ဇိုးအရှည်ဆုံးနိင်ငံဖြစ်နေတယ်။ လွတ်လပ်ရေးနဲ့  ပြည်တွင်းစစ်ဟာအမွာညီနောင်လို ဖြစ်နေတယ်။ သက်တမ်းအတူတူပဲ။ လွတ်လပ်ပြီး ၆၃ ရက်အတွင်းမှာပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ ကမ္ဘာမှာ ပြည်တွင်းစစ်ရှိတဲ့နိင်ငံရယ်လို့  ၈ နိင်ငံပဲရှိတော့တယ်။
ဒီနိင်ငံတွေက မြန်မာ၊ ကိုလံဘီယံ ( Columbian) အာဖဂန်နစ်စတန် ( Agghan) ယူဂန်ဒါ ( Uganda)၊ ဆိုမာလီး ( Somali) ၊ ဆီရီယန်း ( Syrian) ၊ အန်ဂွတ်တီးယား ( Republic of Ingushetia) တို့ ပဲရှိတော့တာကိုကြည့်ရင် မြန်မာရဲ့  အတ္တမာနတွေ အမျော်အမြင်နည်းပါးမှု တွေဘယ်လေက်ထိတောင်ဖြစ်နေတတယ်တိုတာကိုတွေ့ နိင်ပါတယ်။
ပြည်တွင်းစစ်က ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဆိုသလ်လို ဖြစ်နေတယ်။ တိုင်းရင်းသားအခွင့်အရေးကို ဗမာတွေက မပေးခြင်ဘူး။ ဒီအချက်ကို ဗမာနိင်ငံရေးခေါင်းဆောင်တွေကအသုံးချခဲ့တယ်။ တိုင်းရင်းသားပြသနာကို နိင်ငံရေး ပြသနာကြီးတခုလိုလုပ်ခဲ့တယ်။ဒီတော့ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ မြန်မာပြည်မှာအဓိက တိုင်းရင်းသား ၈ ခုရှိတဲ့အနက် တိုင်းရင်းသားအားလုံးက မြန်မာ အစိုးရကို လက်နက်ကိုင်တော်လှန်နေကြပါတယ်။ အဓိက လက်နက်ကိုင်တပ်ဖွဲ့ တွေကိုကြည့်ရင်
ကရင့်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်အမျိုးသားအစည်းအရုံး( KIO) ၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်( SSA) ၊
ရခိုင်အမျိုးသားလွတ်မြောက်ရေး ပါတီ ( ALP) ၊ ချင်းအမျိုးသားတပ်ဦး ( CNF)
ကရိမ်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) ၊ ၀ပြည်သွေးစည်ညီညွတ်ရေးပါတီ( UWSP)
ပအို အမျိုးသားရေး တပ်ဦး ( PLO)၊ ပလောင်အမျိုးသားရေးတပ်ဦး ( PLF) ၊ မြန်မာနိင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF) တို့ ဖြစ်ကြတယ်။

ပြည်တွင်းစစ်ကြောင့် စစ်တပ်ကြီးထွားလာတယ်။ စစ်တပ်ကြီးထွားလာတော့ စစ်ဝါဒ လွမ်းမိုးသွားတယ်။ ဗမာရောတိုင်းရင်းသားတွေပါ ဒုက္ခပင်လယ်ဝေကြရတယ်။ စစ်စာရိတ်က အမျိုးသားဝင်ငွေရဲ့  ၄၀ ရာခိုင်နှုန်းလောက်ကို သုံးနေတဲ့အတွက် ဖွင့်ဖြိုးရေးလုပ်ငန်းတွေမှာမသုံးနိင်တော့ပဲ။ သဘ၀သယံဇတတွေရောင်းလို့ ရသမျှငွေတွေက စစ်စာရိတ်ထဲမှာသုံးလိုက်ကြရတယ်။
အဓိပါယ်ကတော့ အမြောက်ဆံ တလုံးဟာ ဆန်တအိပ်ထက်ဈေးကြီးတယ်။လက်ပြစ်ဗုံးတလုံးဟာ ဆီ တပုလင်းထက်ဈေးကြီးတယ်။ ကျဉ်ဆံတထောင့် ဟာ ဆားတပိသာထက်ဈေးကြီးနေတယ်။ ဒီငွေတွေကို အလဟသသုံးဖြုံးလိုက်သလိုဖြစ်လာတယ်။ ပြည်တွင်းစစ်ရှိနေသမျှ ဖွင့်ဖြိုးရေးလုပ်ငန်းတွေလုပ်လို့ ရမှာမဟုတ်ဘူး။ လွတ်လပ်ရေးဟာလဲ ဆုံးရှုံးနေမှာပဲဖြစ်တယ်။
လွတ်လပ်ရေးရပြီး ငြိမ်းချမ်းမှုပိုမရလာပဲ ပြည်တွင်းစစ်က ပိုလို့ သာပြင်းထန်လာတယ်။
မြို့  နဲ့တော ကွာခြားမှုသိပ်ကိုကြီးမားသွားတယ်။ ရန်ကုန်၊မန္တလေးလို့ မြို့ကြီးတွေက မိုင်၂၀ လောက်ထွက်လို်က်တာနဲ့တောဖြစ်သွားတယ်။ တိုင်းရင်းသားဒေသတွေမှာတော့ ခေတ်နောက်ကျကျန်ခဲ့တယ်။ လမ်း၊ဆေးရုံး၊ကျောင်းဆိုတာ မြည်ကမတ္တာမျှသာဖြစ်တယ်။
အခု ကချင်ကို တိုက်နေတဲ့ စစ်က ဘာအဓိပါယ်မှမရှိတဲ့စစ်ဖြစ်တယ်။ ကချင်ကို စစ်တိုက်တယ်။ ကချင်က နယ်ခြားစောင့်တပ်မလုပ်လို့  တိုက်ရတယ်လို့ အကြောင်းပြတယ်။ ဒါဆိုရင် နယ်ခြားစောင့်မလုပ်တဲ့ ၀ ၊ ကရင်အမျိုးသားအစည်းအရေး နဲ့  မွန်ပြည်သစ်ပါတီတွေနဲ့ငြိမ်းချမ်းရေးစကားပြောနိင်ရင် ကချင်နဲ့ဘာကြောင့်စကားမပြောနိင်ရတာပါလဲ။

နိဂုံးချုပ်အနေနဲ့ပြောရရင်

လွတ်လပ်ရေး ရတာ ၆၅ နှစ်ရှိပါပြီ။ ကျနော်တို့ ဘာတွေရခဲ့သလဲ။ လွတ်လပ်ရေးအသီးအပွင့်ကို ဘယ်သူတွေခံစားနေကြသလဲ။

မြန်မာ့လွတ်လပ်ရေး ကြေညာစာတန်းလို့ ပြောလို့ ရတဲ့ လွတ်လပ်ရေးကျောက်တိုင်မှာ ရေးထားတဲ့ မော်ကွန်းစာ နောက်ဆုံး အပုဒ်မှာ-

‘’ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ ပြန်၍ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့ လွတ်လပ်ရေးနှင့် ငါတို့ နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်။
ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤ ငါတို့ ကျေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။’’

ဒီစာတန်းမှာ တိုင်းရင်းသား တန်းတူရေးတွေ၊ တရားမျှတရေးတွေ၊ ငြိမ်းချမ်းရေးတွေ ကို ကာကွယ်စောင့်ရှောက်မယ်၊ ထိမ်းသိမ်းမယ် လို့  အလေးဂရုပြု ထားတယ်။ တိုင်တည်ထားတယ်။ ဒါတွေကျနော်တို့ ရခဲ့ပါပြီလား။

လွတ်လပ်ရေးဆိုတာကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတာဖြစ်တယ်။ ကျနော်တို့ ဟာ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် လွတ်လပ်ခွင့်နဲ့ပျော်ရွင်မှုသုခကို ခံစားခွင့်မရှိကြတဲ့အတွက် မလွတ်လပ်သေးတဲ့လူသားတွေသာဖြစ်တယ်။ လွတ်လပ်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်ကြရမယ်။

မိုးသီးဇွန်
ဇန် န၀ါရီ ၄၊ ၂၀၁၃

5 comments :

Anonymous said...

it is formular speech

Anonymous said...

Anonymous said...

လွတ်လပ်ရေးကဘာတွေရသလဲ တဲ့...
ဘယ်သူတွေဘာရသလဲတော့မသိဘူး...
မိုးသီးဇွန်တော့ အမေရိကားရောက်သွားတယ်..
ကလပ်တက်တယ်..သောက်တယ်..နှိုက်တယ်..
ဖာချတယ်...ပေါက်တကရ ဆရာလုပ်မယ်......
ဘေးထိုင်ဘုပြောတယ်......
စိတ်ဆိုးနဲ့ နော်....ဒီမိုကရေစီကိုလေးစားတယ်ဆိုရင်
ဒီ comment တင်ပေးနော်......

Paul Soe said...

thanks for your fair and good article. Keep it up sir.

Paul Soe said...

This is not a formular speech like Anonymous said. I believe that your article is very good, fair and real facts that need to get fix in order to get real peace and liberty for our country, Burma,not Myanmar.